အဘိုးအို အိပ်မပျော်သော ညတည

တခါတုန်းက အရမ်း သဘောကောင်းတဲ့ အာရပ်အဘိုးအို တယောက် ရှိတယ်။ အဘိုးအိုဟာ အပူအပင်ကင်းတာကြောင့် ညညဆို ခေါင်းအုံးနဲ့ ခေါင်းနဲ့ ထိတာနဲ့ တပြိုင်နက်တည်း အိပ်ပျော်လေ့ ရှိတယ်။

နောက်တခုကတေ အဖိုးအိုမှာ အင်မတန်မှ ရှည်လျားတဲ့ အဖြူရောင် မုတ်ဆိတ်လည်း ရှိပါသတဲ့။ အဖိုးဟာ အဲဒီကိစ္စ နှစ်ခုလုံးကို သူ့ကိုယ်သူ ဂုဏ်ယူနေလေ့ ရှိတယ်။

သူ့နဲ့ စကားစမြည် ပြောသမျှ လူတိုင်းကိုလည်း သူ့မုတ်ဆိတ်အကြောင်းနဲ့ သူ့ရဲ့ ခေါင်းအုံးနဲ့ ခေါင်းနဲ့ထိတာနဲ့ အိပ်ပျော်လေ့ ရှိတဲ့ အကြောင်းကိုလည်း အလွန်အမင်း ကြွားဝါပြီး ပြောလေ့ ရှိတယ်။

တခါတော့ သူ့ရဲ့ သုံးနှစ်သား မြေးကလေးက သူ့ကို မေးတယ် "ဖိုးဖိုးအိပ်တဲ့အခါ မုတ်ဆိတ်မွှေးကို စောင်အပြင်မှာ ထားအိပ်လား၊ စောင်အထဲမှာ ထားအိပ်လား" အဖိုးအိုဟာ သူဘယ်လို အိပ်မိလည်းဆိုတာကို သတိမထားမိလိုက်ဘူး။ သေချာ ပြန်စဉ်းစားပေမယ့်လည်း မမှတ်မိဘူး။

အဲဒါနဲ့ အဖိုးအိုလည်း " ဒီညအိပ်တဲ့အခါ၊ ဖိုးဖိုး သေသေချာချာ မှတ်ထားမယ်" လို့ သူ့ရဲ့ မြေးကလေးကို ပြောလိုက်တယ်။

ညအိပ်ရာဝင်တဲ့အခါ အင်မတန်မှ ချမ်းအေးတာကြောင့် အဖိုးအိုဟာ စောင်ကိုဆွဲပြီး သူ့ကိုယ်ပေါ် ခြုံဖို့လုပ်တယ်။ အဲဒီအချိန်မှာပဲသူဟာ နေ့ခင်းက သူ့မြေးကလေး မေးလိုက်တဲ့ မေးခွန်းကို ချက်ချင်းပဲ သတိရလိုက်တယ်။ သူဟာ ခဏငြိမ်နေပြီး သူ့မုတ်ဆိတ်မွှေးဟာ စောင်အပြင်မှာလား၊ အထဲမှာလား ဆိုတာကို သုံးသပ်နေခဲ့တယ်။

"အထဲမှာ ထားအိပ်တာပဲ ဖြစ်မှာပါ" လို့ တွေးပြီး မုတ်ဆိတ်မွှေးကို အထဲထည့်၊ စောင်ခြုံပြီး သူလဲလျောင်းလိုက်တယ်။ ဒါပေမယ့်အဖိုးအိုဟာ အဆင်မပြေဖြစ်လာသလို ခံစားလာရပြန်တယ်။ ဒါကြောင့် သူဟာ မုတ်ဆိတ်မွေးကို စောင်အပြင်ကို ထုတ်ပြီး ပြန်အိပ်ပြန်တယ်။

ဒါပေမယ့်လည်း မုတ်ဆိတ်မွှေးကို စောင်အပြင်ထားအိပ်ရတာက သူ့အတွက်ခိုးလိုးခုလု ဖြစ်လာပြန်တယ်။ မုတ်ဆိတ်မွှေးကို အထဲပြန်ထည့်လိုက်တယ်။ ဒါလည်းအဆင်မပြေသေးပါဘူးလေလို့ စဉ်းစားမိပြီး စောင်ရဲ့အပြင်ကို ပြန်ထုတ်လိုက်ပြန်တယ်။

အထဲ ပြန်ထည့်တယ်။ အပြင် ပြန်ထုတ်တယ်။ အဲဒီလိုနဲ့ အာရပ်အဖိုးအိုဟာ မုတ်ဆိတ်မွှေးပြဿနာကို အကြောင်းပြုပြီး တညလုံးအိပ်စက်လို့ မရတော့ဘဲ ဖြစ်သွားရပါသတဲ့။

နောက်တနေ့မနက်မှာတော့ အဖိုးအိုဟာ သူအင်မတန် ဂုဏ်ယူရတဲ့ မုတ်ဆိတ်မွှေးတွေကို လက်နှစ်သစ်လောက်အထိပဲ ချန်ပြီး အကုန်လုံးဖြတ်ပစ်လိုက်ပါသတဲ့။ ဒါမှ နောက် နှစ်လ သုံးလကြာအောင် သူကောင်းကောင်း အိပ်နိုင်မှာပဲဖြစ်တယ်။

ဒီပုံပြင်လေးက ကျနော်တို့ကို သတိပေးထားတာတစ်ခုရှိတယ်။ အဲဒါကတော့ အသေးအမွှားကိစ္စလေးကို အချိန်ကုန်ခံပြီး တွေးခေါ်စဉ်းစားနေမယ်ဆိုရင် စိတ်အေးချမ်းမှာ မဟုတ်ဘူးဆိုတာပဲ ဖြစ်တယ်။ တချို့သော ကိစ္စတွေဟာ ပေါ့ပေါ့ပါးပါးလေး လုပ်ဆောင်ရင် ပြီးပြတ်သွားနိုင်ပါလျှက် အတွေးခေါင်နေတတ်တာမျိုး၊ အသေးစိတ် အကွက်ချနေတာမျိုးဟာ အကျိုးမရှိနိုင်ဘူးလို ဆိုလိုချင်တာပဲဖြစ်တယ်။

တခါတရံမှာ ကိုယ့်ဟာကိုယ် အဆင်ပြေနေပါလျက် တစုံတယောက်ရဲ့ မေးခွန်းကြောင့် လမ်းပျောက်သွားတာမျိုးလည်း ဖြစ်တတ်သေးတယ်။

ကျနော်တို့ဟာ ဂရုစိုက်စရာ မလိုတဲ့ အကြောင်းတွေ၊ ကိုယ်ယုံကြည်ရာလမ်းကြောင်း အတွက် အရေးမကြီးတဲ့ လူတွေ စသည်ဖြင့် အနှောက်အယှက်စကားတွေကို ခေါင်းထဲထည့် စဉ်းစားမနေဘဲ ကိုယ့်လမ်းကြောင်းကို ပုံမှန်အတိုင်းလေးပဲ ဆက်လျှောက်သင့်တယ်။

လုပ်ရိုးလုပ်စဉ်အတိုင်း ပြီးဆုံးရမယ့် ကိစ္စကို လုပ်ရိုးလုပ်စဉ် အတိုင်းပဲ ပြုလုပ်သင့်တယ်လို့ ဆိုလိုရင်းဖြစ်တယ်။ အသေးအမွှားကိစ္စများအတွက် ဦးနှောက်ခြောက်ခြင်း အစဉ် ကင်းကြပါစေ။

crd

Post a Comment

0 Comments