ဦးနှောက်မရှိသော သတ္တဝါ

တခါတုန်းက တောနက်ကြီးတခုထဲမှာ ခြင်္သေ့အိုကြီး တကောင် ရှိတယ်။ တောရဲ့ ဘုရင်ပဲ ဆိုပါတော့။ သူဟာ ငယ်ရွယ်စဉ် ကတော့ အားကောင်းမောင်းသန်မို့ တတောလုံး တတောင်လုံး ထင်ရာစိုင်းနိုင်တဲ့ အင်အားမျိုး ရှိခဲ့ပါတယ်။ ဒါပေမယ့် အသက်အရွယ် ကလည်း ကြီးရင့်လာတာနဲ့အမျှ ဇရာကြောင့် အရင်ကလို သွက်သွက်လက်လက် မလှုပ်ရှားနိုင် တော့ဘူး။

ဒီအထဲ အကြောင်း အမျိုးမျိုးကြောင့် နာမကျန်း ဖြစ်လာတဲ့အခါ ပိုဆိုးတော့ တာပေါ့။ သူအားကောင်း မောင်းသန်နဲ့ လှုပ်ရှားနိုင်တုန်းက သူ့ဘေးမှာ ညာဝါး စားသောက်နေတဲ့ အကောင်တွေလည်း အနားမှာ မရှိ တော့ဘူး။ အိုနာကျိုးကန်း မြေခွေး တကောင်ပဲ ကျန်တော့တယ်။

နာမကျန်းဖြစ်နေတဲ့ ခြင်္သေ့အိုကြီးမှာ ဆန္ဒတခု ရှိတယ်။ အဲဒါကတော့ ဒရယ်တကောင်ရဲ့ အသည်းနှလုံးနဲ့ ဦးနှောက်ကို စားသောက် လိုက်ရရင် သူ့ရောဂါ သက်သာပြီး ကျန်းမာလာလိမ့်မယ် လို့ ယုံကြည်နေတာပဲ။ ဒါကြောင့် မလှမ်းမကမ်းမှာရှိတဲ့ သူ့ တပည့်မြေခွေး ကိုခေါ်ပြီး ဒီလိုပြော တယ်။

" တပည့်ကြီးရေ ငါနေကောင်း ကျန်းမာလာဖို့ အတွက် ဒရယ်ရဲ့ နှလုံးနဲ့ ဦးနှောက်ကို စားရမှ ဖြစ်လိမ့်မယ်။ အဲဒါဟာ ငါ့ရဲ့ ဓာတ်စာပဲ။ မင်းက ငါ့ရဲ့ငယ်မွေး ခြံပေါက်ပီပီ တောစပ်မှာ ရှိတဲ့ ဒရယ်ကို လိမ်ညာပြီး ငါ့အနားကို ခေါ်ခဲ့ပါ။ အကြံအောင်ရင် ထုံးစံ အတိုင်း အကြွင်းအကျန်တွေဟာ မင်းအတွက်ပေါ့ " လို့ ပြောပြီး ဒရယ်ရှိရာ အရပ်ကို ညွှန်ပြလိုက်တယ်။

မြေခွေးဆိုတဲ့ အကောင်ကလည်း ခြင်္သေ့ကို လွန်ဆန်ရဲတာမှ မဟုတ်တာ၊ ခိုင်းတဲ့အတိုင်း လုပ်ရတာပေါ့။ ခြင်္သေ့ရဲ့ အကြွင်းအကျန်လေးတွေကို ကပ်စားနေတဲ့ အကောင်ပီပီ ခြင်္သေ့ကြီးရဲ့ ဆန္ဒအတိုင်း ဒရယ်ဆီကို သွားပြီး ဒီလို လှည့်ဖြား ပြောဆို ပါတယ်။

" မိတ်ဆွေကြီး ကိုဒရယ်၊ အခုက ခြင်္သေ့မင်းကြီး မကျန်းမာတာကို ခင်ဗျား သိပါတယ်နော်။ ကျုပ်အထင်တော့ အဲဒီအဘိုးကြီး သိပ်ကြာတော့မယ် မထင်ဘူး။ ဟိုနေ့က ကျုပ်နဲ့တွေ့တော့ အခြေအနေက သိပ်မကောင်းတာ အမှန်ပဲ။ အားလည်းရှိပုံ မရဘူး။ သူလည်း သူ့ကိုယ့်သူ သိတယ် ထင်တယ်။

သူကွယ်လွန်တော့မှာမို့ သူ့ကိုယ်စား ဘုရင်အသစ်တပါး ခန့်ထားခဲ့ ချင်တယ်။ သူ့ဆန္ဒက ခင်ဗျားကို ရည်ရွယ်ဟန် တူတယ်။ ဒါကြောင့် ခင်ဗျားကို ကျုပ်လာခေါ်တာပဲ။ လူမမာ သွားမေးလိုက်ပါဦး " လို့ ပြောပြီး ဒရယ်ကို သိမ်းသွင်းစည်းရုံး ပါတယ်။

ဘုရင်ဖြစ်ချင်တဲ့ ဒရယ်ကလည်း မြေခွေးရဲ့ စကားကို ယုံပြီး လိုက်လာပါတယ်။ ခြင်္သေ့ကလည်း အကြံနဲ့ စောင့်နေ တာပေါ့။ ဒရယ်လည်းရောက်လာရော အစာငတ်နေတဲ့ ခြင်္သေ့အိုကြီးက ဣန္ဒြေဆယ်မရနဲ့ လှမ်းကုတ်လိုက် ပါတယ်။ ဖျားပြီး အားနည်းနေတာမို့ ထိရောက်မှု မရှိပါဘူး။ ဒရယ်ဟာ လန့်ပြီး အဝေးကို ထွက်ပြေးသွား ပါတော့တယ်။

စားရခါနီးမှ လွတ်သွားတဲ့ ဒရယ်ဖို ဝဝကြီးကို လက်လွှတ်လိုက်ရ တာကို ခြင်္သေ့အိုကြီးက မကျေနပ်ဘူး။ ဒါကြောင့် သူ့တပည့်ကြီးကို ပြန်ခေါ်ပြီး အဲဒီအကောင်ကို မရရအောင် လိမ်ညာလှည့်ဖျားပြီး ပြန်ခေါ်လာဖို့ စေခိုင်းပြန် ပါတယ်။ ငယ်ကြောက်တပည့် ကြီး မြေခွေးကလည်း သူ့အရှင်သခင် ဆရာသမားရဲ့ အမိန့်အတိုင်း ဒရယ်ကြီးဆီကို ဒုတိယအကြိမ် ချဉ်းကပ်ပြန်ပါတယ်။

အသက်ဘေးက လွတ်အောင် မနည်းပြေးခဲ့ရတဲ့ ဒရယ်ဟာ မြေခွေးကို မြင်တော့ ဒေါသထွက်ပြီး သူ့ချိုနဲ့ ခတ်ဖို့ ပြင်တာပေါ့။ ဒါပေမဲ့ ကလိမ် ကကျစ် မြေခွေးက ဒရယ်ကို အချို သတ်ပြီး ဒီလိုပြောပြန်ပါတယ်။

" စိတ်မဆိုးပါနဲ့ဗျာ။ အမြင်စောင်းပြီး အထင်လွဲကြတာပါ။ သူက ထီးနန်းလွှဲပေးမယ့် ကိစ္စကို တိုးတိုး ကျိတ်ကျိတ် ခင်ဗျားနဲ့ စကားပြောဖို့ အနားကပ်လိုက်တာကို ခင်ဗျားက အထင်လွဲသွား တာကိုး။ ဒါလောက် အရေးကြီးတဲ့ ထီးနန်းလွှဲပြောင်းမှု ဆိုတာ သူက ခင်ဗျားကို တိုးတိုးကျိတ်ကျိတ် မှာစရာ ကိစ္စတွေရှိမှာ သေချာတယ်။

ဒါကြောင့် ခင်ဗျားနားကို သူမပြောမဆို ကပ်လိုက်တာ ဖြစ်မယ်။ ဒီတခါ သွားရင် မကြောက်နဲ့နော်။ သူက အားမရှိလို့ အနားမကပ်နိုင် ရင်တောင် ခင်ဗျား ကပ်သွားလိုက်ပါ " လို့ လိမ်ညာ လှည့်စားပြီး ပြောပြန် ပါတယ်။

အာဏာရူး ဖြစ်နေတဲ့ ဒရယ်ကလည်း " ရှင်ဘုရင် ဖြစ်ရချေသေးရဲ့ " ဆိုတဲ့ အတွေးနဲ့ မြေခွေးလိမ်ပြီး ခေါ်လာတဲ့ ခရီးလမ်းအတိုင်း ခြင်္သေ့အိုကြီး အနားထိ ကပ်သွားတာပေါ့။ ဒီတော့ ချောင်းနေတဲ့ ခြင်္သေ့က သူ့ကို အလွယ်တကူပဲ ဖမ်းယူပြီး ကိုက်စားလိုက်တော့ တာပေါ့။

နှလုံးသားကို ဦးစားပေးပြီး စားသလို ကျန်တဲ့ အသားတွေကိုလည်း ငတ်ငတ်နဲ့ အားပါးတရ စားတော့တာပေါ့။ ဒီအချိန်မှာ အကြံသမား မြေခွေးက ဒရယ်ရဲ့ ဦးနှောက်ကို ဝှက်ထားလိုက်တယ်။ ခြင်္သေ့ကွယ်ရာ ရောက်မှ သူစားမယ် ဆိုတဲ့ အတွေးနဲ့ပါ။ ဒါပေမယ့် ခြင်္သေ့အိုကြီးက သူစားချင်တဲ့ ဦးနှောက်ကို သတိရလာတဲ့အတွက် ရှာဖွေပါ တော့တယ်။

ဒါပေမယ့် လုံးဝ ရှာလို့ မတွေ့ဘူးတဲ့။ ဒါနဲ့ မြေခွေးကို မသင်္ကာတဲ့ အသံနဲ့ ဦးနှောက်ဘယ်မလဲ လို့ မေးပါတယ်။ ဒီတော့ မြေခွေးက ဘာပြောတယ် မှတ်သလဲ။ " ဒီဒရယ်က ဦးနှောက်ရှိဟန် မတူပါဘူး ခြင်္သေ့မင်းရယ်၊ ကျွန်တော်တို့ နှစ်ကြိမ်လောက် လိမ်ညာ ပြောဆိုတာတွေကို ယုံပြီး ဒီနေရာအထိ လိုက်လာမှတော့ ဦးနှောက်မရှိတဲ့ သတ္တဝါပဲ ဖြစ်မှာပေါ့ " လို့ လျှောက်ထားလိုက် သတဲ့။

crd

Post a Comment

0 Comments