တခါတုန်းက ဘုရင်ကြီးတပါးရဲ့ အတိုင်ပင်ခံ အမတ်ကြီးတပါးဟာ အင်မတန်မှကို အကောင်းမြင်တတ် သတဲ့။ ဘုရင်ကြီးက တခုခု တိုင်ပင်လိုက်တိုင်း အကောင်းမြင်တဲ့ ဘက်ကနေပဲ ဆွေးနွေးပါသတဲ့။
အကောင်းမြင် အပြုသဘော ဆွေးနွေးတော့ တော်ရုံ အပြစ်တွေတောင် အပြုသဘောဆောင်ပြီး တဦးနဲ့ တဦး ချစ်ချစ် ခင်ခင် စည်းစည်း လုံးလုံးနဲ့ ပြဿနာတွေကို ပျော်ရွှင်စွာ ဖြေရှင်းနိုင်ခဲ့တာ ချည်းပဲတဲ့။
တနေ့မှာတော့ ဘုရင်ကြီးရဲ့ လက်မမှာ ပြည်တည်နာကြီး ပေါက်လာ သတဲ့ ။ အတိုင်ပင်ခံကြီးကို ခေါ်တိုင်ပင်တော့ အရှင်ဘုရား စိတ်မပူပါနဲ့ ဆေးလိမ်း ဆေးသောက်ရင် ပျောက်သွားမှာပါ ကောင်းဖို့ ဖြစ်လာတာပါ ဘုရား လို့ လျှောက်တင်သတဲ့။ ဒီလိုနဲ့ ဘုရင်ကြီးရဲ့ လက်မဟာ မသက်သာပဲ ဖြတ်လိုက်ရ ပါတော့တယ်။ အဲဒီလိုနဲ့ အင်္ဂါမစုံတဲ့ ဘုရင်ကြီး ဖြစ်သွားတော့ တာပေါ့။
အဲဒီတော့ ဘုရင်ကြီးလည်း စိတ် မသက်မသာဖြစ်ပြီး အတိုင်ပင်ခံကြီးနဲ့ စိတ်ပြေလက်ပျောက် စကားပြောဖို့ ခေါ်လိုက်တော့ တာပေါ့။ ဒီတော့ အတိုင်ပင်ခံကြီးက " ကောင်းဖို့ဖြစ်လာတာပါ ဘုရား " လို့ ထပ်ပြီး ဖြေသိမ့်ပြန်တော့ ဘုရင်ကြီးက စိတ်ဆိုးပြီး အတိုင်ပင်ခံကြီးကို " ဒီလောက်တောင် ကောင်းဖို့ ဖြစ်လာရင် ဆရာကြီး ခဏလောက် အကျဉ်းတိုက်ထဲ သွားနေချည်လို့ " ဆိုပြီး အကျဉ်းချထား လိုက်ပါတယ်။
တရက်မှာတော့ ဘုရင်ကြီးဟာ စိတ်အပန်းပြေစေဖို့ အတွက် တောကစား ထွက်ခဲ့တယ်။ စိတ်နဲ့လူ နဲ့ သိပ်မကပ်တဲ့ ဘုရင်ကြီးဟာ ကိုယ်ရံတော်တွေနဲ့ ကွဲသွားပြီး ယစ်ပူဇော်တဲ့ဓလေ့ ရှိတဲ့ လူမျိုးစုတွေရဲ့ ဖမ်းဆီးခြင်းကို ခံရပြီး သူတို့က ဘုရင်ကြီးကို ယစ်ပူဇော်ဖို့ လုပ်ကြသတဲ့။
ဘုရင်ကြီးလည်း ပြည်တည်နာ ပေါက်ကတည်းက ဂြိုလ်ဆိုးဝင်ခဲ့တာ ခုဆို သေရမယ့် အဆင့်ထိတောင် ရောက်လာပါလားလို့ တွေးရင်း စိတ်ဆင်းရဲနေတာပေါ့။ ယစ်ပူဇော်ဖို့ ဘုရင်ကြီးကို ရေချိုးပေး အမွှေးနံသာ လိမ်းပေးချိန်မှာ ဘုရင်ကြီးရဲ့ လက်မ ပြတ်နေတာကို တွေ့သွားကြသတဲ့။ ဒီတော့ အင်္ဂါမစုံတဲ့သူနဲ့ ယစ်ပူဇော်လို့ မရတာကြောင့် ဘုရင်ကြီးကို ပြန်လွှတ်ပေးလိုက် ကြတယ်။
ဒီတော့မှ ဘုရင်ကြီးဟာ ဝိုး ကောင်းဖို့ဖြစ်လာတာ ကောင်းဖို့ဖြစ်လာတာ ဆိုပြီး ပျော်ရွှင်စွာနဲ့ နန်းတော်ကို ပြန်လာခဲ့တယ်။ နန်းတော်ကိုရောက်ရောက်ချင်းပဲ ဆရာကြီးကို အကျဉ်းတိုက်က လွှတ်စေပြီး ခစားခိုင်း သတဲ့။
" ဆရာကြီး ၊ ခင်ဗျားပြောတာ မှန်တယ်ဗျာ ၊ ကျနော့်အတွက် ကောင်းဖို့ ဖြစ်လာတာဗျ ၊ ဒါပေမဲ့ ခင်ဗျားအတွက်တော့ အကျဉ်းကျပြီး အနေဆင်းရဲ အစားဆင်းရဲ ဖြစ်သွားတယ်ဗျာ ။ အဲဒီအတွက်တော့ စိတ်မကောင်းပါဘူး ဆရာကြီး " လို့ ပြောလိုက်တယ်။
ဆရာကြီးက ပြုံးပြုံးကြီးနဲ့ " ကျနော်မျိုး အတွက်လည်း ကောင်းဖို့ဖြစ်ခဲ့တာပါဘုရား " တဲ့။ " တကယ်လို့ ကျနော်မျိုးသာ အကျဉ်းမကျရင် မင်းကြီးနဲ့ တူတူ လိုက်ရမှာမို့ အဖမ်းခံရတဲ့အခါ ဘုရင်နဲ့ကျနော် နှစ်ဦး ဖမ်းခံရမှာပါ ။ ဒီအချိန်မှာ အင်္ဂါစုံသူ ကျနော်ဟာ ကိုယ်စား ယစ်ပူဇော်ခံရပြီး အသက်နဲ့ကိုယ် အိုးစားကွဲမှာပါ ဘုရား ။ အခုတော့ အကျဉ်းတိုက်ထဲမှာ အနားရလို့ ကောင်းဖို့ ဖြစ်လာတာပါ ဘုရား " တဲ့။
ဘုရင်ကြီးကလည်း ကောင်းပါလေ့ ဆရာကြီးရယ် လို့ပြောပြီး တဟားဟားနဲ့ အားရပါးရ ရီကြပါသတဲ့။
ကျနော်တို့ ဘဝမှာလည်း တခါတရံ အခက်အခဲလေးတွေ အတိုက်အခိုက်လေးတွေ ကြုံတွေ့လာရတဲ့ အခါ လူတော်တော် များများက စိတ်ပျက် ညီးညူတတ် ကြတယ် ။ အမှန်တော့ အဲဒီအခက်အခဲတွေ အတိုက်အခိုက်တွေ ဆိုတာ နောင်တချိန် အရာရာအတွက် ကောင်းဖို့ဖြစ်လာတာပါ ။
ဒါကြောင့် မိတ်ဆွေတို့ဘဝမှာ ဘယ်လို အခက်အခဲပဲ ကြုံကြုံ ဘယ်လို အတိုက်အခိုက်ပဲ ကြုံကြုံ ကောင်းဖို့ဖြစ်လာတာ လို့ စိတ်ထဲမှာ မှတ်ပါ။
crd
Zawgyi
0 Comments