ကိုယ်ပြုသောကံ ကိုယ့်ထံ

ဟိုးရှေးရှေးတုန်းက တိုင်းပြည်တပြည်မှာ ဘုရင်ကြီးတပါး ရှိသတဲ့။ အဲဒီ ဘုရင်ကြီးမှာ အသိဉာဏ် ပညာနဲ့ ပြည့်စုံတဲ့ ပရောဟိတ်ကြီး တဦး ရှိသတဲ့။ သူဟာ ဗဟုသုတ ပြည့်စုံလွန်းတဲ့ အတွက် တိုင်းသူပြည်သား အားလုံးက ချစ်ခင်လေးစား ကြတာပေါ့။

ဘုရင်ကြီးက သက်တော် ၆၀ ကျော်ပြီ ဖြစ်တဲ့အတွက် သူ့ရဲ့ သားတော်လေးကို အိမ်ရှေ့အရာ ပေးထားပါတယ်။ ဘုရင်ကြီးရဲ့ ပရောဟိတ်ကြီးဟာ ကျော်ကြားလွန်း အားကြီးတာကြောင့် ဘုရင်ကြီးရဲ့ ဂုဏ်သတင်းဟာ တဖြည်းဖြည်း မှေးမှိန်လာပါတယ်။

အဲဒီတော့ ဘုရင်ကြီးက ပရောဟိတ်ကို အမျက်မှန် ဒေါသ ပွားပါတယ်။ အဲဒါနဲ့ ပရောဟိတ်ကြီး သေဆုံးအောင် အစာအဆိပ် ခတ်ဖို့ ကြံစည်ပါတယ်။

တနေ့တော့ ပရောဟိတ်ကြီးကို ခေါ်ပြီး မောင်မင်းစားဖို့ ဆိုပြီး မုန့်လုံးတွေ ပေးတော် မူလိုက်တယ်။ အဲဒီမုန့်လုံးတွေ မှာတော့ အဆိပ်တွေ ခပ်ထားတာပေါ့။ ပရောဟိတ်ကြီးကလည်း သူ့ဘုရင်က သူ့ကို ဒီလို စိတ်သဘော ထားနေမှန် မထင်တဲ့ အတွက် ဝမ်းမြောက်ဝမ်းသာနဲ့ လက်ခံလိုက်တယ်။

အပြန်လမ်း တလျှောက်မှာ သူက ဒီအစားအစာတွေကို သူတို့ ကိုးကွယ်တဲ့ ရဟန်းကြီးကို ဦးဦးဖျားဖျား ဆပ်ကပ်လိုတဲ့ အတွက် ကျောင်းသင်္ခမ်းကို လှမ်းလာပါတယ်။ ကျောင်းကို ရောက်တော့ ရဟန်းတော်ကို ဆပ်ကပ်တာပေါ့။

အဲဒီအချိန်မှာပဲ တောကစားရာက ပြန်လာတဲ့ ဘုရင်ကြီးရဲ့ သားတော်က ရဟန်းဆီမှာ ဗိုက်ဆာလွန်းတဲ့ အတွက် စားစရာ စွန့်ပေးပါရန် တောင်းပန် လျှောက်ထားပါတယ်။ ရဟန်းကလည်း အတော်ပဲပေါ့ ခုနလေးကတင် ပရောဟိတ်ကြီး လာကပ်ထားတဲ့ မုန့်တွေကို စွန့်လိုက်ပါသတဲ့။

သားတော်လည်း ဗိုက်ဆာဆာနဲ့ စားလိုက်ပါတယ်။ စားပြီး မကြာခင်မှာပဲ ပါးစပ်က အမြုပ်တွေ ထွက်လာပြီး သေဆုံးသွားပါတယ်။ ရဟန်းနဲ့ ပရောဟိတ်ကြီးလည်း အလွန် ထိတ်လန့်သွားပြီး နန်းတော်ကို သယ်ဆောင်သွားပါတယ်။

ဘုရင်ကြီးဆီလည်း ရောက်ရော ပရောဟိတ်ကြီးက အရှင်မင်းမြတ် စွန့်တော်မူတဲ့ မုန့်ကို ရဟန်းတော်အား ဆပ်ကပ်ကြောင်း ထိုမှတဆင့် သားတော် ရောက်လာပြီး မုန့်စွန့်ရန် လျှောက်ထားတဲ့အတွက် ဘုရင်ကြီး ကျွေးသော မုန့်ကို သားတော်အား ကျွေးမိပါကြောင်း လျှောက်ထားသတဲ့။

ဒီအခါမှ ဘုရင်ကြီးလည်း "အလိုလေး ကိုယ်ပြုသောကံ ကိုယ့်ထံ ပြန်လာပါ၏ တကား" လို့ ပြောဆိုပြီး ရင်ကွဲနာကျကာ သေဆုံးသွားပါတဲ့။

ကိုယ်က သူ့ကို မကောင်းကြံရင် ကိုယ့်ဆီလည်း အဲဒီမကောင်းမှုက ပြန်လာတတ်ပါတယ်။ ကိုယ်ပြုလုပ်ခဲ့သမျှ ကောင်းခြင်း ဆိုးခြင်းတွေဟာ တချိန်မှာ ကိုယ့်ဆီကို တနေရာရာကနေ တနည်းနည်းနဲ့ ပြန်လာမှာ မလွဲမသွေပါပဲ။

phoomyatchal ယဉ်ကျေးလိမ္မာ ၃၈ ဖြာ မင်္ဂလာ ပုံပြင်များ

Post a Comment

0 Comments