ကြွက်သေတခု အရင်းပြု၍

ဟိုးရှေးရှေးတုန်းက ပေါ့ကွယ်။ ဗြဟ္မဒတ်မင်းကြီး စိုးစံစဉ်အခါ သူဌေးကြီး စူဠသေဋ္ဌိ ဆိုတာ ရှိသတဲ့။ သူဟာ ခြိုးခြံချွေတာပြီး အကြံကောင်း ဉာဏ်ကောင်းခဲ့လို့ သူဌေးဘဝ ရောက်ခဲ့ရသူပေါ့။

တနေ့တော့ သူဌေးကြီးဟာ ဗြဟ္မဒတ်မင်းထံ ခစားဖို့ အိမ်က ထွက်လာခဲ့ရာ လမ်းမှာ ကြွက်သေတကောင်ကို တွေ့လိုက်ရသတဲ့။ ဒါနဲ့ သူဌေးကြီးက ဉာဏ်ပညာနဲ့ ပြည့်စုံသူဟာ ဤကြွက်သေကို အရင်းပြုကာ ကြီးပွားချမ်းသာ ရမယ်လို့ ဆိုလိုက်သတဲ့။ သူဌေးကြီးလမ်းမှာ ကြွက်သေကို တွေ့ပြီး ပြောဆိုလိုက်တာကို သူဆင်းရဲသား တယောက်က ကြားသွားသတဲ့။

ဆင်းရဲသားက ကြွက်ကို သွားပြီး ဈေးမှာ ကြောင်စာ အဖြစ် စတင် ရောင်းချလိုက်ရာ အသပြာတရွေး ရသွားသတဲ့ကွယ်။ ထိုအသပြာ တရွေးနဲ့ တင်လဲ ဝယ်ယူကာ ပန်းသည်များကို တင်လဲ အနည်းငယ်စီ ကျွေး၍ သောက်ရေ ပါပေးသတဲ့။ ပန်းသည်များက ပန်းတဆုပ်စီ ပေးသဖြင့် ထိုပန်းများကို ရောင်းချပြီး ရသည့် အသပြာနဲ့ တင်လဲ ထပ်ဝယ်ပြန်တယ်။

နောက်တနေ့မှာ ပန်းသည်များ ရှိရာသွားပြီး တင်လဲပေးပြီး ရေတိုက်ကျွေးမှုကို လုပ်ပြန်တယ်။ ပန်းသည်တွေက သူတို့ ပန်းတွေကို အနည်းငယ်စီ ပေးလိုက်ပြန်တော့ ထိုပန်းများကို ရောင်းချရာက အသပြာရှစ်ပြား ရသတဲ့။

တနေ့တော့ ရာသီဥတု ဆိုးဝါးပြီး လေပြင်းတိုက်တော့ မင်းဥယျာဉ်ရှိ သစ်ပင်များမှ သစ်ကိုင်းများ ကျိုးကျကုန် တယ်တဲ့ကွယ်။ သူက ကလေးတွေကို တင်လဲ ကျွေးပြီး သစ်ကိုင်းတွေ စုပြီး ထင်းအဖြစ် ပုံထားသတဲ့။ နောက်တော့ ဘုရင့်အတွက် အိုးဖုတ်တဲ့ လူတွေဆီမှာ ထင်းရောင်းပြန် သတဲ့လေ။ အသပြာ တဆယ့်ခြောက်ပြားနဲ့ အိုးငါးလုံး ထင်းဖိုးအဖြစ် ရပြန်သတဲ့။

စုစုပေါင်း သူ့မှာ အသပြာ နှစ်ဆယ့်လေးပြား ပိုင်ဆိုင်လာပြီပေါ့။ အဲဒီအလုပ် ကြိုးစားတဲ့ သူဆင်းရဲဟာ မြက်ရိတ်သမားတွေ ရှိရာသွားပြီး ရေတိုက်ကျွေး ပြန်သတဲ့။ မြက်ရိတ်သမားတွေကလည်း ပင်ပန်းတုန်း ရေယူလာတဲ့ သူ့ကို လိုတဲ့အကူအညီ ပြောပါဆိုတဲ့ စကား ရလာသတဲ့။ အဲဒီလို မိတ်ဆွေသစ် ရှာရင်း ဆိပ်ကမ်းမှာ တာဝန်ခံလုပ်သူနဲ့ ဝန်ထမ်းအချို့နဲ့ ရင်းနှီးပြန်သတဲ့။

တနေ့တော့ သူတို့က မနက်ဖြန် သည်မြို့ကို မြင်းကုန်သည်တယောက် မြင်းငါးရာနဲ့ သင်္ဘောဆိုက်မယ်လို့ ပြောကြပြန်သတဲ့။ အဲဒီအခါမှာ အလုပ်ကြိုးစားသူက သူကူညီဖူးတဲ့ မြက်ရိတ်သမားတွေဆီမှာ မြက်တစည်းစီ တောင်းလိုက်သတဲ့။ မြင်းကုန်သည် ရောက်လာတော့ ဆိပ်ကမ်းဝန်ထမ်းတွေ အကူအညီနဲ့ သူ့မှာရှိတဲ့ မြက်တွေကို ရောင်းလိုက်တော့ အသပြာတထောင် ရလိုက်ပြန်တာပေါ့။

နောက်သုံးလေးရက် အကြာမှာ ဆိပ်ကမ်း တာဝန်ရှိသူတွေက ဆိပ်ကမ်းကို မကြာမီ ကုန်တင်သင်္ဘောတစင်း ဆိုက်လာလိမ့်မယ်လို့ သတင်းပေး ပြန်တယ်။ သည်အခါမှာ အလုပ်ကြိုးစားသူဟာ ရထားတစီးနဲ့ တပည့်အချို့ကို အခြွေအရံ ပရိသတ်အဖြစ် ထားပြီး ဆိပ်ကမ်းကို ကုန်သည်ကြီးအသွင်နဲ့ ရောက်လာသတဲ့။

လှေသူကြီးနဲ့ တွေ့ပြီး ကုန်အားလုံး ဝယ်ယူမည့်သူ ဖြစ်ကြောင်း ပြောဆိုပြီး စရန်အဖြစ် လက်ဆောင် လက်စွပ်တကွင်း ပေးလိုက်သတဲ့။ ပြီးတော့ ကန့်လန့်ကာ သုံးထပ်ကာတဲ့ အခန်းတခုထဲမှာ ခမ်းနားစွာ နေထိုင်သတဲ့။ သူခေါ်လာတဲ့ တပည့်တွေက ကန့်လန့်ကာ တခုစီမှာ လုံခြုံရေး အစောင့်သဖွယ် ချထားသတဲ့။

အဲဒီအချိန်မှာ မြို့ပေါ်က ကုန်သည်တွေက လှေသူကြီးဆီမှာ ကုန်ဝယ်ဖို့ ရောက်လာကြသတဲ့။ သူတို့ထက် စောပြီး ရောက်နှင့်နေတဲ့ အလုပ်ကြိုးစားသူက ကန့်လန့်ကာ သုံးခုကျော်မှ ခန့်ခန့်ကြီးနေပြီး လှေသူကြီးနဲ့ ကုန်ဝယ်ဖို့ စရံသတ်ပြီး နေနေတယ်လေ။ အဲဒီလိုနဲ့ မြို့ပေါ်က ကုန်သည်တွေက ကုန်လိုချင်လို့ အရောင်းအဝယ်လုပ်ဖို့ ကန့်လန့်ကာ သုံးခုကို ကျော်ပြီး တွေ့ကြတယ်။

ကန့်လန့်ကာ တခုကို ကျော်တိုင်း အသပြာတထောင် ပေးခဲ့ကြရတယ်။ နောက်ဆုံး ခန့်ငြားလှတဲ့ ကုန်သည်လို ဖြစ်နေတဲ့ သူ့ကို လှေပေါ်မှာ ကုန်အားလုံးအတွက် တန်ဖိုးပေးချေတဲ့ အပြင် စရံသတ်ထားတဲ့ သူ့ကို အသပြာတသိန်း ပေးလို့ အရောင်းအဝယ် ဖြစ်ရတော့တယ်။ လှေသူကြီးလည်း ကုန်ဖိုး ငွေတန်ရာ တန်ဖိုးလည်းရ၊ လက်စွပ်နဲ့ စရံသတ်တဲ့သူလည်း အသပြာတသိန်း ရသွားတော့တာပေါ့ ။

ဒီလို ငွေကြေးရလို့ သူဟာ ဘဝမြင့် မသွားဘဲ သူတပါး ကျေးဇူးကို သိသတဲ့။ ကြွက်သေတခု အရင်းပြုဖို့ ပြောကြားခဲ့တဲ့ စူဠသေဋ္ဌိထံကို သွားပြီး အသပြာတသိန်း ကန်တော့လိုက်တယ်။ သူဌေးကြီး စူဠသေဋ္ဌိက "မောင်မင်း ဘယ်လိုဖြစ်လို့ အခုလို အသပြာတွေ စုမိတာလဲ" လို့ မေးတယ်။

"သူဌေးပြတဲ့ ကြွက်သေကို အရင်းပြုရာက တဆင့်ပြီး တဆင့် အသပြာ ရှာဖွေခဲ့တာပါ" ဆိုပြီး ဆင်းရဲသားဟာ သူ့ရဲ့ ဆောင်ရွက်ချက်တွေနဲ့ လေးလအတွင်း နှစ်သိန်း ကြွယ်ဝလာတဲ့ အကြောင်း ရှင်းပြလိုက်တော့ သူဌေးကြီးက သူ့ရဲ့ လုပ်ငန်းလုပ်ကိုင်ပုံကို သဘောကျပြီး သူ့သမီးနဲ့ ထိမ်းမြားလက်ထပ် ပေးလိုက်ပါတော့တယ်။

Crd phoomyatchal

စူလသေဋ္ဌိဇာတ်

ဆရာကြည်ဇော်၏ "အာဇာနည်တို့စွမ်းရည်" ပုံပြင်စာအုပ်မှ ရေးသားဖော်ပြခြင်း ဖြစ်သည်။

Post a Comment

0 Comments