မြန်မာဘုရင်တွေ မိဖုရားများရခြင်း အကြောင်း

မြန်မာဘုရင် အများစုဟာ မိဖုရား များကြပါတယ်။ ဘာကြောင့် မိဖုရား များတာလဲ ဆိုတာကို မြန်မာမင်းအုပ်ချုပ်ပုံ (အင်ရုံစာတမ်း) မှာ စနစ်တကျ ဖော်ပြထားပါတယ်။ မင်းတုန်းမင်း က မိဖုရား အများကြီး ယူတာ မဟုတ်ပါဘူး။

သူကြိုက်လို့ ယူတာ သုံး၊ လေးပါးပဲ။ မင်းတုန်းမင်းလိုပဲ သူ့ထက် မိဖုရား များတဲ့ ဘိုးတော်ဘုရား၊ ဘုရင့်နောင်တို့လည်း သူတို့ယူလို့ များတာ မဟုတ်ပါဘူး။

မြန်မာမင်းများ အုပ်ချုပ်ပုံမှာ ဗဟိုနန်းတော်ရဲ့ လက်အောက်ခံ နယ်စား၊ ရွာစား၊ မြို့စားတွေဟာ ကိုယ့်နယ်ကို ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရတယ်။ တနှစ်မှ တခါ မဖြစ်စလောက် အခွန်လေးပဲ ဆက်သရတာ။ ဒီတော့ သူတို့ အစဉ်အဆက် နယ်စား၊ မြို့စား ဖြစ်ရေးက သူတို့အတွက် အရေးကြီးတယ်။

နောက်တခုက နယ်စား၊ မြို့စားမင်းတွေဟာ ဘုရင်နဲ့ အမျိုး တော်ချင်ကြတယ်။ ဘုရင်နဲ့ အမျိုးတော်ရင် မျက်နှာရှိတယ်၊ ဂုဏ်ရှိတယ်၊ အရှိန်အဝါ ရှိတယ်လို့ သတ်မှတ်ထား ကြတယ်။ အဲ့ဒါကြောင့် ဘုရင်ကို သမီးတော်တို့ နှမတော်တို့ ဆက်သကြတာ။ အဲ့ဒီအခါ ဘုရင့် ယောက္ခမ၊ ဘုရင့် ယောက်ဖဆို တန်းတူနယ်စား၊ မြို့စားချင်းမှာ အသာစီး ရလိုတာလည်း ပါ ပါတယ်။

အဲ့ဒီလို သမီး၊ နှမ ဆက်သရင် ဘုရင်က မငြင်းရဘူး၊ မငြင်းရတာ ထုံးစံပဲ၊ ငြင်းလိုက်ရင် ဆက်သသူက အရှက်ရပြီး ပုန်ကန်မှာ စိုးရတယ်။ ပုန်ကန်တဲ့ အခါမှာ ပုန်ကန်တဲ့သူက "ငါ့သမီး၊ ငါ့နှမ ဆက်သရဲ့သားနဲ့ ငြင်းလို့" ဆိုပြီး အကြောင်းပြ နိုင်တယ်။ အဲ့ဒါကြောင့် လက်အောက်ခံ မြို့စား၊ နယ်စားတွေက သမီး၊ နှမ ဆက်သရင် ဘုရင်က လက်ခံကို လက်ခံရတယ်။

အဲ့ဒါ အနော်ရထာမင်း ခေတ်ကနေ သီပေါမင်းခေတ် အထိ မြန်မာမင်းတို့နှင့် သူ့လက်အောက်ခံ နယ်စား၊ မြို့စားတို့ရဲ့ ဆက်ဆံ ရေးပါပဲ။ အဲ့ဒါ အုပ်ချုပ်ရေး စနစ်တခုပါပဲ။ ဘုရင်အတွက် ဘာကောင်းသလဲ ဆိုတော့ သူ့လက်အောက်ခံ မင်းရဲ့ သမီး၊ နှမ ကိုယ့်လက်ထဲ ရှိနေတော့ အဲ့ဒီ မပုန်ကန် ရဲတော့ဘူး။ အပြန်အလှန် အကျိုးရှိ ကြတယ်။

ဘာကြောင့် မိဖုရားများလဲ ဆိုတော့ အဲ့ဒီလို လက်အောက်ခံတွေက ဆက်သတာ များလို့ မိဖုရား များတာပါ၊ ကာမ၊ ရာဂနဲ့ မဆိုင်ပါဘူး။ မြန်မာမင်းတွေဆိုတာ အိပ်ချင်တဲ့ မိန်းမနဲ့အိပ်၊ ရာဂကို ကြိုက်သလို သောင်းကျန်းလို့ မရပါဘူး။ ဘုရင်ဖြစ်ပြီ ဆိုတာနဲ့ အနောက်ဝန်က "ဘုရင် ဒီည ဘယ်မိဖုရားနဲ့ အိပ်တယ်" ဆိုတာ စာရင်းအတိအကျ လိုက်ယူထားရတာ။ ဘာကြောင့်လဲ ဆိုတော့ ထီးမွေ၊ နန်းမွေ ရှုပ်ထွေးမှာ စိုးလို့။

အနောက်ဝန်က "ဘယ်မိဖုရား၊ ဘယ်မောင်းမ ဘုရင်နဲ့ ညအိပ်တယ်" ဆိုတာ ရက်စွဲ၊ ဘုရင် အဆောင်ကူးချိန် နာရီ အတိအကျ မှတ်ရတာ၊ ဒါမှ မိဖုရားနဲ့ ရတဲ့ကလေးဟာ ဘုရင့်သား အစစ်လား၊ တခြားသူနဲ့ ရတာလား၊ သေချာအောင် အနောက်ဝန် အစောင့်အထိန်းတွေနဲ့ သေချာ စနစ်တကျ လုပ်တာ။

မြန်မာမင်းများ အုပ်ချုပ်ပုံအရ ဘုရင်ဆိုတာ သရမ်းချင်တိုင်း သရမ်းလို့ မရဘူး။ ထီး၊ နန်းအမွေ ဆိုတာ ရှိနေလို့၊ ဒါကြောင့် "တောင်နန်း၊ မြောက်နန်းဆောင် မိဖုရားတွေရဲ့ သားကိုပဲ နန်းလျာထားမယ်" ဆိုတဲ့ စည်းကမ်း ဆိုတာ ဖြစ်လာတာပါ။ မိဖုရားတွေမှာ တောင်နန်း၊ မြောက်နန်း၊ အဆောင်ရ၊ အဆောင်မရ ဆိုတာတွေပါ သူ့အဆင့်နဲ့သူ ဖြစ်လာတာ။

ဘုရင်ကလည်း မိဖုရားအဖြစ် လက်ခံပြီးရင် အငယ်ဆုံး အဆောင်မရ မိဖုရား ဖြစ်စေဦး အနည်းဆုံး စားကြေး ပေးရတယ်၊ ဒီအတိုင်း ပစ်ထားလို့ မရဘူး။ မြန်မာမင်းများ အုပ်ချုပ်ပုံမှာ မိဖုရားမြှောက်တယ် ဆိုတာ ရာဂရူးတာ မဟုတ်ပါဘူး။ ရာထူးပေးရတာ၊ အဆောင်အယောင် ပေးရတာ။ ရာထူးပေးရပြီ ဆိုတာနဲ့ လစာ (စားကြေး) ပေးရတယ်။ ပြီးတော့ လစာ စားကြေးသည်လည်း အဆင့်လိုက် ကွာသွားတယ်။

မြန်မာမင်းတိုင်း မိဖုရားများတယ်၊ မင်းတုန်းမင်းမှ ရွေးပြီး နာမည် ဖျက်ခံရတာဟာ ကိုလိုနီခေတ်က အင်္ဂလိပ်သမိုင်းဆရာတွေ တမင်လုပ်သွားကြတာ။ "မင်းတို့ဘုရင် ကောင်းမှ မကောင်းတာ၊ ဒါကြောင့် ငါတို့ လာအုပ်ချုပ်တယ်" ဆိုတာ ဖြစ်ရလေအောင် တမင်တကာ ဝါဒဖြန့်ကြတာ။

မှတ် ချက်။ ။ ဈန်သစ်အောင် ပို့စ်တွင် ဈာန်သစ်အောင်မှ ဘုန်းတော်ကြီး တပါးအား ရှင်းပြထားသော ကွန်မန့်များအား တည်းဖြတ်၍ အများဖတ်နိုင်ရန် ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။ (မှန်သည် မှားသည် အငြင်းမပွါးလိုပါ)

crd

ဓမ္မသုတ ကုသိုလ်၊ နော်ဂဲလယ်ထူး (စာပေပရဟိတ) photo google

Post a Comment

0 Comments