မြန်မာတွေ ဘာကြောင့် ဆိုင်ပြုတ်ရသလဲ

လူမျိုးခြား ဘာသာခြားတွေ ဆိုင်လုပ်ငန်း လုပ်ကြတယ်။ လေး ငါးနှစ် ကြာတဲ့အခါ ဆိုင်ခွဲတွေ ထပ်ဖွင့်နိုင်တယ်။ လုပ်ငန်းအထိုင်ကျလို့ ဆယ့်ငါးနှစ်လောက် ကြာရင် ဆိုင်ခွဲ အနည်းဆုံး သုံးခု ဖြစ်သွားပြီ။ မြန်မာဆိုင်နဲ့ ဘေးချင်းယှဉ် လာဖွင့်ရင် မြန်မာဆိုင်ဟာ သိပ်မကြာခင် ပြုတ်ပြီး ပြေးရပြီ။

ကျွန်တော်ဟာ လွန်ခဲ့သော နှစ်သုံးဆယ် လောက်က အရောင်းအဝယ် ကောင်းတဲ့ ဆိုင်တဆိုင် မှာ ပညာသင် အလုပ်သမား အဖြစ် ဝင်လုပ်ရင်း လေ့လာ ကြည့်မိတယ်။

၁။ အလုပ်ချိန် တိကျတယ်။ ဆိုင်ပိတ်ချိန် တခါတရံမှသာ နောက်ကျတယ်။ နယ်အော်ဒါ များလို့ ဒီနေ့ဝင်တဲ့ အော်ဒါ ဒီနေ့ အပြီး ထုတ်တယ်။ နေ့ကူးရင် နောက်နေ့ အော်ဒါတွေ ထပ်ပြီး ဂျမ်းမဖြစ် စေဖို့ပါ။

၂။ သူဌေးက အစ အလုပ်သမား အဆုံး အကုန် အလုပ် လုပ်တယ်။ ဆိုင်မှာသွားပြီး လက်ဖက်ရည်ဆိုင်ထိုင် အာ မရိုက်ဘူး။ သောက်ချိန် ရောက်ရင် လုပ်ငန်းခွင်မှာ ဆယ်မိနစ်ခန့် နားပြီး သောက်တယ်။

၃။ သူဌေးအလုပ်က ဆိုင်ရဲ့ ပစ္စည်းအဝင် အထွက် ပစ္စည်းအားလုံး ခေါင်းထဲမှာ ရှိတယ်။ ဆိုင်သမားရဲ့ အသက်က ပစ္စည်း ရှိရမယ်။ စစ်သားရဲ့ အသက်က ကျည်ဆံ ရှိရမယ် လို့ အမြဲ ပြောတဲ့ သူဌေးရဲ့ စကား။

၄။ ဆိုင်မှာ လာအားပေးသူ အားလုံးကို နည်းနည်း များများ ပျူငှာသော ဆက်ဆံရေးနဲ့ ကြိုဆိုတယ်။

၅။ အကြွေးကို ပေးသင့်သူကို ပေးတယ်။ မပေးသင့်သူကို လုံးဝ မပေးတဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချနိုင်တယ်။ အားနာလို့ အားပါသွားတာမျိုး မရှိ။

၆။ တိကျမှန်ကန်တဲ့ စာရင်းအင်း ရှိတယ်။ ဆိုင်ပိတ်ရက် တနင်္ဂနွေနေ့တိုင်း တပတ်စာ အရောင်းအဝယ် စာရင်းကို ပြန်စစ်တယ်။ အမှားအယွင်း ရှိခဲ့ရင် ကုန်သည်ထံ ချက်ခြင်း အကြောင်းကြားပေးတယ်။ (မှားခဲ့တာတော့ ရှားပါတယ်)

၇။ ဆိုင်မှာ သူဌေးတယောက်ပဲ ရှိတယ်။ သူဌေးသားတွေလည်း အလုပ်သမားတွေနဲ့ တန်းတူ အလုပ် လုပ်ရတယ်။ အောက်သက် ကျေအောင် အလုပ်သမားဘဝကို စာနာတတ်အောင် လုပ်ခိုင်းထားတော့ သူဌေးသားတွေလည်း အလုပ်သမားနဲ့ တန်းတူ ညီအကိုလို ဖြစ်ပြီး လုပ်ငန်းခွင်မှာ ပျော်တော့ အလုပ်ထွက်သူ မရှိဘူး။

တရုတ်နှစ်ကူးလို အချိန်ရောက်ရင် ဘောက်ဆူးပေးတာ အလုပ်သမားရဲ့ လခ တနှစ်စာလောက် ရှိတယ်။ ဆိုင်မှာ လုပ်တဲ့ အလုပ်သမားရဲ့ လုပ်သက်ဟာ ကျွန်တော် အလုပ်စဝင်တုန်းက မေးကြည့်တာ ဆယ်နှစ်အောက် မရှိဘူး။

ဒီနေ့ ကျွန်တော် ပိုက်ဆိုင်မှာ ပိုက်ခေါင်းတခု သွားဝယ်တော့ သူဌေးကတော်က TV ကြည့်နေတယ်။ သူဌေးလို့ ထင်ရတဲ့ ကောင်က ဖုန်းပွတ်နေတယ်။ နောက်ဆိုင်ကို ပစ္စည်း သွားဝယ်မယ် ပြင်တော့မှ ထချင်သလို မထ ချင်သလိုနဲ့ ထသွားပြီး ပစ္စည်းရှာတာ ငါးမိနစ်ကြာတယ်။

ပြီးမှ ကုန်နေတယ် ပြောတယ်။ ကျွန်တော်ဝယ်တာ တခုထဲ။ ကျွန်တော် ဘာသာခြားဆိုင် ရောက်တယ်။ ချက်ခြင်း ထယူပေးတယ်။ ငွေရှင်းတော့ ကျေးဇူး အထပ်ထပ် တင်ကြောင်း ပြောတယ်။

ဘာကြာသလဲ။ ဒီဘာသာခြားဆိုင်က စဖွင့်ချိန်မှာ သေးသေးလေး။ အခု အတော် ကြီးလာပြီ။ မကြာမီ ထပ်ကြီးလာတော့မယ်။ သူတပါးကြီးပွား လာတာဟာ အကြောင်းမဲ့ မဟုတ်။ ဒီအချိန်ရောက်မှ လူမျိုးခြားတွေ စီးပွားရေး လက်ဝါးကြီး အုပ်ထားတယ် ပြောလို့မရ။

မြန်မာတွေ ကြီးပွားချင်ရင်တော့ ဒီဂါထာလေး နေ့တိုင်းရွတ်ဖို့ မမေ့ပါနဲ့။

ဥုံ မပျင်းနဲ့။ မဖျင်းနဲ့။ အလုပ်ကို အလုပ်နဲ့ တူအောင်လုပ်။ ဒါပါပဲ။

Crd

Post a Comment

0 Comments