မောင်တထမ်း မယ်တရွက်

တခါက လင်မယားနှစ်ယောက် ရှိတယ်။ ယောက်ျားဖြစ်သူက အစားစားရင်း TV ကြည့်နေတယ်။ မိန်းမက မီးဖိုချောင်မှာ အလုပ်ရှုပ်နေတယ်။

ရုတ်တရက် မိန်းမက အော်တယ် "ယောက်ျားရေ မီးသီး ကျွမ်းသွားလို့ လာလဲပေးပါဦး"

"ငါက မီးပြင်ဆရာမှ မဟုတ်တာ" လို့ ယောက်ျားဖြစ်သူက စိတ်မရှည်စွာနဲ့ ပြန်အော်တယ်။

တအောင့်နေတော့ မိန်းမဖြစ်သူက အော်ပြန်တယ် "ယောက်ျားရေ ရေခဲသေတ္တာ မအေးဘူး လာကြည့်ပေးပါဦး"

"ငါက လျှပ်စစ် ပြင်သူမှ မဟုတ်တာ" လို့ ဖြေပြန်တယ်။

"ယောက်ျားရေ တံခါးဂျက် ချမရလို့ လာကြည့်ပေး ပါအုန်း" ဆိုတဲ့မိန်းမ အော်သံကို "ငါက လက်သမားမှ မဟုတ်တာ" လို့ ယောက်ျားဖြစ်သူက စိတ်မရှည်စွာ ပြန်အော်တယ်။

ခဏနေတော့ ယောက်ျားဖြစ်သူက စိတ်ရှုပ်တယ် ဆိုပြီး အပြင်ထွက်သွားတယ်။ သူငယ်ချင်းတွေနဲ့ စားသောက်ပြီး အတန်ကြာမှ အိမ်ကိုပြန်လာတယ်။

အိမ်ရောက်တော့ ပျက်နေတဲ့ အရာတွေအားလုံး ပြင်ပြီးသား ဖြစ်နေတာကို တွေ့တော့ မိန်းမဖြစ်သူကို မေးတယ်။

ထိုအခါ မိန်းမဖြစ်သူက "ရှင်ထွက်သွားတော့ ကျွန်မလည်း စိတ်ညစ်ညစ်နဲ့ အိမ်ပြင်မှာ ထွက်ထိုင်နေတုန် လူတယောက် ရောက်လာပြီး ဒါတွေအားလုံး သူပြင်ပေးမယ် သူ့ကို ကိတ်မုန့် လုပ်ကျွေးမလား ဒါမှမဟုတ် နမ်းမလား လို့ ပြောတယ်လေ"

ယောက်ျားဖြစ်သူက ပြာပြာသလဲဖြင့် "ဒါနဲ့ မင်းသူ့ကို ကိတ်မုန့် လုပ်ကျွေးလိုက်လား" လို့ မေးတယ်။

ထိုအခါ မိန်းမဖြစ်သူက "အို ကျွန်မက ကိတ်မုန့်ဖုတ်ဆရာမှ မဟုတ်တာ" လို့ ပြန်ဖြေတယ်။

"ဟင်" ဆိုတဲ့ စကားလုံး တလုံးပဲ ယောက်ျားဖြစ်သူ နှုတ်မှ ထွက်နိုင်ရှာတော့တယ်။

အိမ်ထောင်ရေးဆိုတဲ့ တာဝန်ကို ထမ်းပိုးထားရပြီ ဆိုရင် မိန်းမရော ယောက်ျားပါ ဘယ်အိမ်မှု ကိစ္စကို မဆို လက်တွဲညီညီ ကြိုးစားပြီးလုပ်ဆောင် ကြည့်သင့်ပါတယ်။ ကိုယ်တိုင် မလုပ်နိုင်ရင်တောင် လုပ်နိုင်တဲ့ နည်းလမ်းတွေ ရှာသင့်တယ်။

ငါမလုပ်တတ်ဘူး ဆိုတဲ့ စကားတခွန်းနဲ့ ကိုယ့်တာဝန်ကို တွန်းချပစ်လို့ မရပါဘူး။ အိမ်ထောင်ရေးဆိုတာ နှစ်ယောက်ပေါင်းတဲ့ ဘဝပါ။ တယောက်တည်းနဲ့ သာယာပြီးပြည့်စုံအောင် တည်ဆောက်လို့ မရနိုင်ပါဘူး။ မောင်တထမ်း မယ်တရွက် တွဲလက် ညီနိုင်ကြပါစေ။

phoomyatchal

Post a Comment

0 Comments