အောင်မြင်ပျော်ရွှင်တဲ့အချစ်ရေးအတွက် အရေးပါတဲ့ အဆင့် (၄) ဆင့်

အဓိပ္ပါယ်ရှိတဲ့ အချစ်တစ်ခုဟာ လွယ်လွယ်ကူကူနဲ့ မရနိုင်ပါဘူး။ အချစ်တစ်ခုကို ခိုင်မြဲစေဖို့ စိတ်အားထက်သန်မှု၊ အားထုတ်မှုနှင့် စိတ်ပိုင်းဖြတ်မှုတို့ လိုအပ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် မတူညီတာကြောင့် ကွဲပြားနိုင်တဲ့ အချက်တွေလည်း ရှိပါတယ်။ ဒါပေမယ့် ဒီအချက်တွေကိုသာ တူတူ ကြိုးစားနိုင်မယ်ဆိုရင် ရှေရှည်အဆင်ပြေပြီးတော့ တစ်ယောက်နဲ့တစ်ယောက် အချစ်တွေ တိုးပွားလာနိုင်မှာပဲ ဖြစ်ပါတယ်။

၁။ ရည်းစားအဆင့်

ဒီအချိန်လေးဟာ လိပ်ပြာလေးကို မြင်ရင်တောင် သတိရတဲ့အချိန်လေး၊ အိမ်မက်မက်ရင်တောင် သူ့အကြောင်းကိုပဲ ရွေးမက်ချင်တာမျိုး ဖြစ်တဲ့အချိန်မျိုးပဲ ဖြစ်ပါတယ်။ ပထမဆုံး ချိန်းတွေ့မယ် ၊ ပထမဆုံးထိတွေ့မယ် ၊ အတူတူရှိဖို့ အမြဲတမ်း တောင်းဆိုနေမယ့် အချိန်လည်း ဖြစ်ပါတယ်။

ဒီအချိန်မှာ စိတ်လှုပ်ရှားမှုတွေ၊ ပျော်ရွှင်မှုတွေနှင့် အချစ်ဇာတ်လမ်းလေးက သာယာနေပါလိမ့်မယ်။ တစ်ဖက်လူအကြောင်း တွေးရင်း ပြုံးပြီးတော့ သူဘာတွေ လုပ်မနေလဲလို့ တွေးပြီး ညတိုင်းအိပ်ရာဝင်တတ်ကြပါတယ်။ ဒီအချိန်မှာ ယောကျာ်းလေးဘက်က အရမ်းကို လူကြီးလူကောင်း ဆန်ပြီးတော့ ကောင်မလေးကို မျက်နှာတစ်ချက် မပျက်အောင် ထားဖို့ ကြိုးစားကြပါတယ်။

မိန်းကလေးဘက်ကလည်း အရမ်းကို နူးညံ့ပြီးတော့ တစ်ခုခုထိခိုက်မိရင်တောင် ကောင်လေးကို ငိုပြီးချွဲပြီးပြောတတ်ကြပါတယ်။ တကယ်တော့ ဒီအချိန်ဟာ အချစ်တွေကြောင့် စုံလုံးကန်းပြီး ဘာမှမမြင်နိုင်ကြသေးတာပဲ ဖြစ်ပါတယ်။ ခိုင်ခံ့တဲ့အချစ်အစစ်မဟုတ်ပေမယ့် အရမ်းကို ကြည်နူးဖို့ကောင်းနေတာကြောင့် နှစ်ယောက်စလုံး တစ်ယောက်နဲ့တစ်ယောက် သာယာတဲ့ ခံစားချက်ကလွဲလို့ တခြားဘာကိုမှ သတိမမူမိကြပါဘူး။

၂။ နိုးထခြင်းအဆင့်

ရည်းစားဖြစ်ဖြစ်ပြီးချင်း ကြည်နူးရတဲ့ အချိန်လေးတွေဟာ အရမ်းကို တိုတောင်းလွန်းလှပါတယ်။ ချစ်စ၊ ခင်စမှာတော့ တစ်ယောက်ကိုတစ်ယောက် အပြစ်မမြင်နိုင်ပဲ နားလည်ပေးတတ် ကြပါတယ်။ ဒါပေမယ့် အချိန်လေးနည်းနည်း ကြာလာတဲ့အခါမှာ ပထမဆုံးအနေနဲ့ ပြင်းထန်တဲ့ သဘောထား ကွဲလွဲမှုတွေ၊ ပထမအကြိမ် ရန်ဖြစ်စကားများမှုတွေ၊ တစ်ယောက်နဲ့တစ်ယောက် မခံချင်အောင် ပြောတာတွေစတဲ့ အခြေအနေတွေ ဖြစ်လာပါလိမ့်မယ်။

ပြီးတော့လည်း သင့်သူငယ်ချင်းတွေ ဆီကနေ ငါဘယ်လိုလုပ်ရမလဲ ဆိုတဲ့ အကြံဉာဏ်တွေပါ တောင်းတတ်လာပါမယ်။ သင့်ရဲ့ ချစ်သူရည်းစားကိုလည်း သာမန်လူတစ်ယောက်လိုပဲ မြင်လာပါလိမ့်မယ်။ အစပိုင်းမှာတော့ သူဝတ်သမျှ၊ သူပြောသမျှက အကောင်းဆုံး ဖြစ်နေပေမယ့် အချိန်ကြာလာရင် သူက မထူးခြားတော့ပဲ သင့်အတွက် ရိုးအီသွားပါလိမ့်မယ်။

ဒီလူက ငါ့အတွက် သင့်တော်သလားလို့ တွေးမိလာပါတယ်။ စိတ်ရှုပ်ထွေးမှု၊ သံသယစိတ်၊ ပူပန်မှုစတဲ့ စိတ်အခြေအနေအားလုံးကို တစ်ချိန်တည်းမှာ ခံစားရလာပါတယ်။

ဒီအခြေအနေမှာ အများစုက လမ်းခွဲတတ်ကြပါတယ်။ တကယ် လိုက်ဖက်တယ်လို့ တွေးထားရင်တော့ ဒီအခြေအနေကို ကျော်လွှားဖို့ လုံလောက်တဲ့ ရင့်ကျက်မှု ရှိသင့်ပါတယ်။

၃။ ယုံကြည်မှုအဆင့်

တစ်ယောက်နဲ့တစ်ယောက် သဝန်တိုမှုတွေ၊ အဆင်မပြေမှုတွေကို တူတူကျော်လွှားပြီးတဲ့ အခါမှာတော့ သူဟာ ဒီလိုလူပါလား ဆိုပြီးတော့ တစ်ယောက်နဲ့တစ်ယောက်နားလည်မှုတွေ ရလာပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အချစ်တွေကလည်း ပိုလေးနက်လာပါတယ်။

ဒီလိုအချိန်မှာ သင့်ရည်းစားရဲ့ ကြိုက်နှစ်သက်မှုတွေနှင့် သူသဘောမကျတဲ့ အရာတွေ၊ သူ့ရဲ့ အရည်အသွေးတွေနှင့် ချို့ယွင်းချက်တွေ၊ သူ့ရဲ့ အမြင်နှင့် ဆုံးဖြတ်မှုတွေ၊ သင့်အပေါ် ထားတဲ့ သူ့ရဲ့ခံစားချက်တွေကိုလည်း သင်သဘောပေါက်လာပါပြီ။ သင်ကလည်း သူ့ကို လက်တွဲဖော်အဖြစ်တွဲဖို့ ယုံကြည်နေတယ်။ သင့်အတွက် အရမ်းကို အရေးပါတဲ့လူဆိုတာ သင်ကိုယ်တိုင် သတ်မှတ်ထားတယ်။ သင်အကူအညီ လိုတဲ့အခါတိုင်းမှာလည်း သူကသင့်အတွက် အမြဲတမ်း အဆင်သင့် ရှိနေကြောင်းကို သင်ကိုယ်တိုင် သိလာပါတယ်။

အတူရှိနေရခြင်းရဲ့ စိတ်လှုပ်ရှားမှုဟာ ရည်းစားအဆင့်မှာလိုမျိုး စိတ်လှုပ်ရှားစရာ မကောင်းတော့ပေမယ့်လည်း လေးနက်တဲ့ ခံစားချက်တွေ၊ အပြန်အလှန်ယုံကြည်မှုတွေ၊ တန်ဖိုးထားမှုတွေနှင့် တစ်ယောက်နဲ့တစ်ယောက် ကြည်နူးစရာ ကောင်းနေပါလိမ့်မယ်။

နောက်ဆုံးမှာ သင်နဲ့အတူတူ အခြေအနေ အမျိုးမျိုးကို ကျော်ဖြတ်ပြီးတော့ ရင့်ကျက်သွားပါလိမ့်မယ်။ အဆိုးအကောင်းတွေကို မျှဝေမယ်၊ အချင်းချင်းရဲ့ လိုအပ်ချက်တွေနှင့် လိုအင်ဆန္ဒတွေကို လေးလေးနက်နက် ဖြည့်ဆည်းပေးဖို့ ပြောင်းလဲလာမယ်။ သင်က သူ့အပေါ် အရမ်းကောင်းပေးသလို သူကလည်း သင့်အပေါ် နားလည်ပေးတဲ့ ချစ်သူတွေ ဖြစ်လာမယ်။

၄။ ပြန်လည်ချစ်ခင်ခြင်း အဆင့်

ဒီအဆင့်ဟာ အမှန်တကယ်ကို ချစ်ခင်ပြီး တစ်ယောက်နဲ့တစ်ယောက် ပေးဆပ်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့အဆင့်ပဲ ဖြစ်ပါတယ်။ နိစ္စဓူဝ တည်မြဲတဲ့အချစ်၊ နက်နဲပြီး ကြည်နူးဖွယ်ကောင်းတဲ့ ခံစားမှုတွေ၊ လူများစွာမတွေ့ကြုံရလောက်အောင် ထူးခြားတဲ့ ကံကောင်းခြင်းတွေကို သင်တွေ့ရှိလိုက်တဲ့ အချိန်ပဲ ဖြစ်ပါတယ်။ ဒီအဆင့်ဟာ အပေါ်က အချက် (၃) ချက်ကို တော်တော်ဖြတ်သန်းပြီးမှ ဖြစ်လာတာပဲ ဖြစ်ပါတယ်။

တစ်ယောက်ကို တစ်ယောက် မက်မောမှုတွေကို ခံစားရပြီး ပိုအဓိပ္ပါယ်ရှိတဲ့ ဆက်ဆံရေးတွေ လိုချင်တဲ့အပြင် ရုပ်ပိုင်းဆိုင်ရာဆန္ဒ နဲ့ စစ်မှန်တဲ့ တောင့်တမှုထဲကို တိုးဝင်တဲ့ကာလ ဖြစ်ပါတယ်။

သင့်ရဲ့လက်တွဲဖော်ရဲ့ အကြောင်းကို အလုံးစုံသိပြီး သူဟာ သင့်အတွက် ပြီးပြည့်စုံတယ်လို့ ဆက်ပြီး ယုံကြည်နေတဲ့အချိန်ပါပဲ။ တစ်ယောက်နဲ့တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာတွေက လေးနက်ပြီး သင့်ရဲ့ခံစားချက်တွေကိုလည်း အပြည့်အ၀ ယုံကြည်ပေးတာကြောင့်လည်း သူ့ကို သင့်ဘဝကြီးနဲ့ ရင်းပြီးယုံကြည်နိုင်တဲ့ အချိန်ပါပဲ။ နောက်ဆုံးတော့ တစ်ယောက်မရှိဘဲ တစ်ယောက်က ကိုယ့်ဘဝကို ပုံမဖော်နိုင်တော့တဲ့ အခြေအနေထိပါပဲ။ သင်ဟာ ရင့်ကျက်ပြီး အရာရာကို ခေါင်းအေးအေးနဲ့ စဉ်းစားတတ်သူ ဆိုရင်တော့ ဒီအဆင့်ဟာ ထာဝရ တည်တံ့နိုင်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments