နှုတ်ခမ်းဖူးဖူးပြည့်ပြည့်လေးရစေဖို့ အလွယ်ကူဆုံးနည်းလမ်း (၇) ခု

နှုတ်ခမ်းအလှက မိန်းကလေးတစ်ယောက်အတွက် အရမ်းကို အရေးပါပါတယ်။ နှုတ်ခမ်းဖူးဖူးလေးနဲ့ဆိုရင် သင့်အလှထဲမှာ နုပျိုမှုပေါင်းထည့်လိုက်သလို ဖြစ်သွားစေတာကြောင့် လှသထက်လှ သွားစေမှာပါ။ နှုတ်ခမ်းဖူးဖူးလေး ရဖို့အတွက် လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ နှုတ်ခမ်းကို ကြေးချွတ်ပါ။

နှုတ်ခမ်းကို ကြေးချွတ်လိုက်ရင် ကြီးမားသွားသလို ဖြစ်စေပြီး ရေဓါတ်လည်း ချက်ချင်း ပြည့်ဝသွားမှာပါ။ နှုတ်ခမ်းကို ကြေးချွတ်တဲ့အခါ ဆဲလ်သေတွေ မရှိတော့ဘဲ နှုတ်ခမ်းမှာ သွေးလည်ပတ်မှုလည်း အားကောင်းသွားစေပါတယ်။

သကြား လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ ပျားရည် လက်ဖက်ရည်ဇွန်းနှစ်ဇွန်းကို ရောမွှေပြီး နှုတ်လမ်းမှာ ညင်ညင်သာသာ ပွတ်တိုက်ပေးပါ။

၂။ ငရုတ်သီးမှုန့်

သင့်နှုတ်ခမ်းကို သဘာဝအတိုင်း ပြည့်လာစေဖို့ ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံနဲ့ သံလွင်ဆီကို ရောမွှေပါ။ ရောမွှေထားတာကို နှုတ်ခမ်းမှာ သုတ်လိမ်းပြီး ၅ မိနစ်ခန့် ထားပါ။ ပြီးရင် သေသေချာချာ ရေဆေးချပြီး lip balm ကို လိမ်းပါ။ ငရုတ်သီးမှုန့်က သွေးလည်ပတ်မှုကို အားကောင်းစေတာကြောင့် နှုတ်ခမ်းက သွေးကြောတွေကို ကျယ်ပြန့်သွားစေပါတယ်။ ဒီနည်းက ကြာရှည်တော့မခံပေမယ့် ဓါတ်ပုံရိုက်ခါနီးမှာ နှုတ်ခမ်းဖူးဖူးလေး ဖြစ်ချင်ရင်တော့ အဆင်ပြေပါတယ်။

၃။ နှုတ်ခမ်းနီကို သဘာဝအရောင် ရွေးချယ်ပါ။

သင်က နှုတ်ခမ်းပါးသူ ဆိုရင် အရောင်ရင့်တွေကို ရွေးရင် နှုတ်ခမ်းက ပိုပါးသလို ဖြစ်သွားစေမှာပါ။ အဲဒါကြောင့် ကျွမ်းကျင်သူတွေက သင့်နှုတ်ခမ်းနဲ့ အရောင်သိပ်မကွာတဲ့ နှုတ်ခမ်းနီကို ရွေးချယ်ဖို့ အကြံပေးထားပါတယ်။ ပြီးမှ အပေါ်ကနေ lip gloss ထပ်ဆိုးပါ။

၄။ နှုတ်ခမ်းမှာ ကောက်ကြောင်းဖော်ခြင်း

နှုတ်ခမ်းဘေးသားတွေမှာ ကောက်ကြောင်းတွေ ဖော်လိုက်ရင် နှုတ်ခမ်း ပိုပြည့်တဲ့အသွင်ကို ရစေပါတယ်။ အရင်ဆုံး နှုတ်ခမ်းဘေးသားတွေမှာ ကောက်ကြောင်းဖော်လိုက်ပါ။ နှုတ်ခမ်းအလယ်မှာလည်း အချိုင့်ပုံစံ ဖြစ်အောင် ဆွဲလိုက်ပါ။ ပြီးရင်တော့ ပုံမှန်ဆိုးနေကျအတိုင်း နှုတ်ခမ်းဆိုးလို့ ရပါပြီ။

၅။ Hyaluronic acid serum

Hyaluronic acid serum မှာ အဓိက ပါဝင်တာကတော့ ရေပါပဲ။ အဲဒါကြောင့် နှုတ်ခမ်းမှာ လိမ်းလိုက်ရင် ရေဓါတ်ပြည့်ဝပြီး စိုပြေနေမှာပါ။ Hyaluronic acid serum ကို လိမ်းပြီးတာနဲ့ သဘာဝအဆီတွေနဲ့ လုပ်ထားတဲ့ lip balm ကို ထပ်လိမ်းပါ။ အဲဒီအခါ နှုတ်ခမ်းက တစ်နေကုန် ဖူးဖူးစိုစိုလေးနဲ့ လှနေမှာပါ။

၆။ နှုတ်ခမ်းကို ပွတ်တိုက်ပေးပါ။

နှုတ်ခမ်းကို ကြေးချွတ်နိုင်မယ့် နောက်တစ်နည်းကတော့ သွားတိုက်တံနဲ့ တိုက်တာပါ။ သွားတိုက်တံကို ရေစွတ်ပြီး နှုတ်ခမ်းမှာ ပွတ်တိုက်ရုံပါ။ ပြီးရင် နှုတ်ခမ်းမှာ သွေးလည်ပတ်မှု ကောင်းစေဖို့ ဖြည်းညင်းစွာ နှိပ်နယ်ပေးပါ။

၇။ သစ်ကြံပိုးဆီ

သစ်ကြံပိုးဆီက သွေးလည်ပတ်မှု ကောင်းစေပါတယ်။ နှုတ်ခမ်းကို နွေးထွေးသလို ခံစားရစေပြီး ပြည့်ပြည့်ဖူးဖူးလေး ဖြစ်နေမှာပါ။ သစ်ကြံပိုးဆီကို သုံးနေကျ lip gloss ထဲ ရောမွှေပြီး နှုတ်ခမ်းမှာ လိမ်းပေးရုံပါပဲ။

Zombie (lovemedia)

Post a Comment

0 Comments