ဖျက်စရာမလိုသော မျဉ်းများ

ဆရာဖြစ်သူက စာသင်ခန်းထဲ ဝင်လာပြီး အတန်းသားတွေကို ပြောလိုက်တယ်။

"သားတို့၊ သားတို့ကို ဒီနေ့ ဘဝအတွက် အလွန် အရေးကြီးတဲ့ သင်ခန်းစာ တခု သင်ပေးမယ်။ အားလုံးငြိမ်ပြီး နားထောင်ပေးကြပါ"

ဆရာက ထိုသို့ ပြောပြီး ကျောက်သင်ပုန်းပေါ်မှာ မြေဖြူနဲ့ မျဉ်းဖြောင့် တကြောင်းကို ခပ်ရှည်ရှည်လေး ဆွဲလိုက်ပါတယ်။

ပြီးတော့ "သားတို့၊ ဒီမျဉ်းကို တိုသွားအောင် ဘယ်သူ လုပ်နိုင်မလဲကွယ်" လို့ မေးလိုက်ပါတယ်။

ချက်ချင်းဆိုသလိုပဲ ကျောင်းသား တယောက်က ကျောက်သင်ပုန်းရှေ့ ထွက်လာပြီး မျဉ်းကို အလယ်ကနေ တဝက်လောက် ဖျက်လိုက် ပါတော့တယ်။ ပြီးတော့ "ဆရာ၊ အခု ဆရာဆွဲထားတဲ့ မျဉ်းကြောင်း တိုသွားပါပြီ ခင်ဗျာ " လို့ ပြောလိုက်ပါတယ်။

ဆရာက ခေါင်းကို ခါရမ်းလိုက်ပြီး နဂိုမူလ အရှည်လောက် မျဉ်းကို ပြန်ရေးဆွဲကာ ထပ်ပြောပါတယ်။ "ဒီလိုတော့ မလုပ်ပါနဲ့ သားရယ်။ မျဉ်းကို တိုသွားအောင် လုပ်တဲ့နေရာမှာ မူလ မျဉ်းကို မထိခိုက်စေချင်ဘူး"

တတန်းလုံးလည်း တော်တော်ကြာကြာ ငြိမ်နေကြပြီး နောက်မှာ ကျောင်းသားတယောက် ထွက်လာပြီး မူလမျဉ်းနဲ့ ယှဉ်လျက် ပိုပြီး ရှည်တဲ့ မျဉ်းတကြောင်းကို ရေးဆွဲ ပြလိုက်ပြီး " ဆရာ၊ အခု ဆရာ့မျဉ်း တိုသွားပါပြီ ခင်ဗျာ"

အဲဒီတော့မှ ဆရာက ပြုံးပြီး အားလုံးကို "သားတို့၊ ဒီမျဉ်းကြောင်း ၂ ခု အကြောင်း ဆရာ သင်ကြားပေးတာလေးကို တသက်လုံး မှတ်သားထားကြပါ။

မျဉ်းရှည် တကြောင်းကို ဖျက်သလို ကိုယ်ထက် သာနေတဲ့ သူတယောက်ကို ဖျက်စီးတာမျိုး သားတို့ ဘဝမှာ မလုပ်မိကြပါစေနဲ့။

ကိုယ်က သူ့ထက်ပိုသာအောင် ကြိုးစားမယ် ဆိုတဲ့ စိတ်မျိုးကိုသာ မွေးမြူကြပါ။ ဒါမှသာ သားတို့ဟာ လူ့ဘဝမှာ ယဉ်ကျေးလိမ္မာတဲ့ စိတ်ချမ်းမြေ့ရတဲ့ လူသားတွေ ဖြစ်လာမှာပေါ့။

သူများကို ဖျက်စီးမဲ့ လမ်းကို ရွေးမယ်ဆိုရင် ထိုသူဟာ သမ္မတဖြစ်ဖြစ်၊ ဝန်ကြီးဖြစ်ဖြစ်၊ သူဌေးဖြစ်ဖြစ် ဘာသာရေးဆရာ ဖြစ်ဖြစ်၊ ဘာကြီးပဲ ဖြစ်နေ ဖြစ်နေ စိတ်ဓါတ် အောက်တန်းကျသူ၊ ဘဝမှာ ပျော်ရွှင်မှုတွေ ဆိတ်သုန်းရသူ ဖြစ်ပြီး တမလွန်မှာရော လက်ငင်း ဘဝမှာပါ မိမိပြုသည့်ကံ မိမိ ပြန်ခံစားရသူများ ဖြစ်ကြမှာ စိုးရိမ်မိပါတယ်။ မှတ်ထားကြနော်"

Crd

Post a Comment

0 Comments