ပျင်းရိသော လယ်သမား

တခါတုန်းက ရွာတရွာမှာ အင်မတန် ပျင်းရိတဲ့ လယ်သမားတယောက် ရှိတယ်။ သူဟာ လယ်ကွက် အကျယ်ကြီးကို ပိုင်ဆိုင် ထားပေမယ့်လည်း အင်မတန် သေးငယ်တဲ့ အစိတ်အပိုင်းလေးကိုသာ ထွန်ယက် စိုက်ပျိုးတယ်။ အဲဒီလို ထွန်ယက် စိုက်ပျိုးထားတဲ့ အပင်တွေ ကိုလည်း ကြိုးကြိုးစားစား ရေလောင်း ပေါင်းသင်ခြင်းလည်း မရှိပါဘူးတဲ့။

ရေလောင်းချင်တဲ့အခါ လောင်းသလို စိတ်မပါတဲ့ အခါမှာလည်း ပေါင်းမြက် တပင်ကိုတောင်နှုတ်သင်ခြင်း မရှိဘဲ ပျင်းရိလို့သာ နေတယ်။ အဲဒီလို ပျင်းရိတဲ့ အတွက်လည်း လယ်သမားရဲ့ ဇနီးသည်ဟာ လယ်သမားကို မကြာခဏ ဆူပူလေ့ ရှိတယ်။

"ရှင့်လို ပျင်းတဲ့ ယောက်ျားနဲ့ ရတာ ကျွန်မအတွက်တော့ ကံဆိုးတာပဲ။ မယူခင်ကျတော့ ဖျာလိုလိပ်ပြီး ထိပ်ပေါ် တင်ထားရုံမကဘူး တောင်းထဲထည့်ပြီးတောင် ရွက်မလေး ဘာလေးနဲ့။ ခုကျတော့ ကလေးတယောက်သာ အဖတ်တင်တယ်။ ရှင်ဒီလို ပျင်းနေပုံမျိုးနဲ့ဆို ကြာရင် ဝတ်စရာ မရှိလို့ အပ်ချည်ကြိုး ခါးထောင်းကျိုက်ထားတဲ့ဘဝ ရောက်လိမ့်မယ်"

လယ်သမားရဲ့ ဇနီးသည်ဟာ အမြဲပဲ မြည်တွန် တောက်တီးနေပေမယ့် လယ်သမား ကတော့ ပျင်းရိမြဲ ပျင်းရိလို့သာ နေတယ်။

တနေ့မှာတော့ လယ်သမားဟာ သူ့ခြံပတ်ပတ်လည်ကို လှည့်လည် ကြည့်ရှုနေရင်း သူ့အတွက် စိတ်ပျက်စရာ တခုကို တွေ့လိုက်ရတယ်။ အဲဒါကတော့ သူ့လယ်ကွက်ကို ပတ်ပြီး ကာရံထားတဲ့ ခြံစည်းရိုးရဲ့ အစိတ်အပိုင်း တခုဟာ ကျိုးနေတာပဲ ဖြစ်တယ်။ အဲဒီလို ကျိုးပဲ့နေတဲ့အတွက်လည်း ခြံစည်းရိုးမှာ အပေါက်ကြီးတခု ဖြစ်လို့ နေတယ်။

"ဟာကွာ၊ အလုပ် မလုပ်ချင်ပါဘူး ဆိုမှ ဒီခြံစည်းရိုးက ကျိုးနေပြန်ပြီ၊ ဆိတ်တွေ၊ နွားတွေ ငါ့အသီးအနှံတွေ ဝင်စားမှာလည်း ကြောက်ရသေးတယ်၊ ခြံစည်းရိုးကို အမြန်ပြင်မှ တော်ခါကျမယ်"

လယ်သမားဟာ အဲဒီလို တွေးမိပေမယ့်လည်း ပျင်းရိတာကြောင့် ခြံစည်းရိုး ပြင်မယ့် အလုပ်ကို နောက်နေ့ကို ရွှေ့ဆိုင်းလိုက်တယ်။ ဒါပေမယ့်လည်း နောက်တနေ့ မနက်ကို ရောက်တဲ့ အခါမှာတော့ လယ်သမားဟာ ခြံစည်းရိုး ပြင်ရမယ့် ကိစ္စကို လုံးလုံး မေ့လျော့သွား ခဲ့တယ်။ အဲဒီလိုနဲ့ နေ့ရက် တော်တော်များများ ကုန်လွန်လာ ပြန်တယ်။ အဲဒီအချိန်အထိ လယ်သမားဟာ ခြံစည်းရိုး ကိစ္စကို မေ့လျော့နေဆဲ ဖြစ်တယ်။

တနေ့မှာတော့ သူဟာ ခါတိုင်းလိုပဲ သူ့အိမ်နားမှာရှိတဲ့ အရိပ်ကောင်းတဲ့ နေရာတခုမှာ ပက်လက်ကုလားထိုင် တလုံးကို ဖြန့်ခင်းပြီး အိပ်စက်ဖို့ ပြင်ဆင်နေ ခဲ့တယ်။ အဲဒီအချိန်မှာပဲ ဆိတ်တအုပ်ဟာ သူ့ရဲ့ ခြံစည်းရိုး အပေါက်ကနေ သူ့စိုက်ခင်းထဲကို ဝင်ရောက်လာတယ်။

အဲဒီအခါမှာတော့ လယ်သမားဟာ ထိုင်ရာမထပဲ သူ့ဇနီးကိုလှမ်းခေါ်လိုက်တယ်။ "မိန်းမရေ လာပါဦးဟ၊ ဘာလုပ်နေတာတုန်း။ ဒီမှာ ဆိတ်တွေ စိုက်ခင်းထဲ ဝင်ကုန်ပြီ လာမောင်းစမ်းပါဦးဟ"

လယ်သမားက အဲဒီလို အော်လိုက်တဲ့အခါ သူ့ရဲ့ဇနီးသည်ဟာ ချက်ပြုတ်လက်စတွေကို ခဏချထားခဲ့ပြီး ဆိတ်တွေကို မောင်းဖို့အတွက် စိုက်ခင်းထဲကို ပြေးလွှား ထွက်လာတယ်။ အဲဒီအခိုက်မှာပဲ လမ်းဘေးက ခွေးဝဲစား တကောင်ဟာ လယ်သမားဇနီးရဲ့ ချက်ပြုတ်လက်စ ဟင်းနဲ့ ထမင်းတွေကို စားသောက်ဖို့ အတွက် မီးဖိုချောင်ထဲကို ဝင်သွားတာကို လယ်သမား မြင်တွေ့လိုက်ရတယ်။

"ဟာ ဒီခွေးက ဒုက္ခပေးပြန်ပြီ" လို့ လယ်သမားက ရေရွတ်ရင်း သစ်သားတုတ် တချောင်းကို ကိုင်ဆွဲကာ မီးဖိုချောင်ထဲကို အပြေးအလွှား သွားပြန်တယ်။ လယ်သမားဟာ အစားအသောက်တွေကို စားဖို့ ဟန်ပြင်နေတဲ့ ခွေးကို သူ့လက်ထဲက တုတ်နဲ့ လှမ်းပေါက် လိုက်တယ်။

လယ်သမား ပစ်လိုက်တဲ့ တုတ်ဟာ ခွေးကို မထိမှန်ဘဲ မီးဖိုချောင်နောက်က မြေကွက်လပ်မှာ ဆော့ကစားနေတဲ့ လယ်သမားရဲ့ သားကလေးကို ထိမှန်သွားတယ်။ ကလေးဟာ လယ်သမား ပစ်လိုက်တဲ့ တုတ်ကြောင့်ပဲ ခေါင်းကွဲသွား ရပြန်တယ်။ လယ်သမားရဲ့ လယ်ကွင်းဟာလည်း ဆိတ်တွေရဲ့ ဝင်ရောက် ဖျက်စီး စားသောက်မှုကြောင့်ပဲ ပျက်စီးသွားခဲ့ ပြန်တယ်။

လယ်သမားရဲ့ ဇနီးသည် ဟာလည်း လယ်သမားရဲ့ ပေါ့လျော့မှုကြောင့် ကလေးခေါင်းကွဲ၊ စိုက်ခင်းလည်း ပျက်စီးတာကြောင့် စိတ်ဆိုး ဒေါသထွက်ခါ အိမ်ကနေ ဆင်းသွားခဲ့ ပါသတဲ့။ အဲဒီအချိန်က စပြီး အလုပ်ကို ရွှေ့ဆိုင်းတတ်တဲ့ လယ်သမားဟာ သင်ခန်းစာကောင်း တခုကို ကောင်းစွာ သိရှိသွားခဲ့ ပါသတဲ့။

Crd PhyoThuta

Post a Comment

0 Comments