ကြောင်လေးတွေ စနစ်တကျ အညစ်အကြေးစွန့်တတ်အောင် သင်ပေးနိုင်မယ့် နည်းလမ်း

ကြောင်လေးတွေကို အညစ်အကြေးစွန့်တတ်ဖို့ သင်ပေးတဲ့အခါ အရမ်းစိတ်ရှည်ဖို့ လိုပါတယ်။ တစ်ခါတလေကျရင် သင်ပေးနည်းမှားတဲ့အခါ ကြောင်လေးတွေက အညစ်အကြေးစွန့်တဲ့ ခွက်ကို ကြောက်သွားတတ်ပါတယ်။ အဲဒါကြောင့် ကြောင်လေးတွေကို အညစ်အကြေး စွန့်တတ်အောင် ဘယ်လို သင်ပေးရမလဲ ဆိုတာကို love media ကနေ ဖော်ပြပေးပါမယ်နော်။

လိုအပ်သော ပစ္စည်းများ

- အညစ်အကြေးစွန့်တဲ့ခွက်က အပွင့်လည်းရသလို အဖုံးပါတဲ့ခွက်လည်း ရပါတယ်။ အဖုံးပါတဲ့ခွက် ဆိုရင်တော့ အနံ့သက်ဆိုးတွေ ထွက်တာလည်း သက်သာသွားမှာပါ။

- Filler အခဲ

Filler ကို ဝယ်တဲ့အခါ ရွှံ့နဲ့လုပ်ထားတဲ့ filler ကို ဝယ်လို့ရသလို သစ်သားနဲ့ လုပ်ထားတဲ့ filler ကို ဝယ်လို့ရပါတယ်။ ဒါပေမယ့် ကြောင်ပေါက်စလေးတွေဆိုရင် filler အခဲလေးတွေကို ဝါးစားတတ်လို့ သတိထားဖို့ လိုအပ်ပါတယ်။

- သန့်ရှင်းရေးလုပ်ဖို့ ဂေါ်ပြားလည်း လိုအပ်ပါတယ်။

- ရာဘာဖျာသေးသေးလေးကို အညစ်အကြေးခွက်နား ထားပေးရင် သူတို့ခြေသည်းလေးတွေကို သုတ်ပြီးသား ဖြစ်စေတာကြောင့် အိမ်လည်း မညစ်ပတ်တော့ပါဘူး။

အဆင့် ၁

- ကြောင်လေးက တွေ့ကရာနေရာမှာ အညစ်အကြေးမစွန့်ဖို့အတွက် နေရာတစ်ခုခု သတ်မှတ်ပေးထားသင့်ပါတယ်။ ဒါပေမယ့် အညစ်အကြေး စွန့်တဲ့ခွက်ကို သူတို့ရဲ့အစာခွက်နဲ့ ဝေးဝေးထားဖို့တော့ အရေးကြီးပါတယ်။

အဆင့် ၂

တချို့ အညစ်အကြေးစွန့်တဲ့ခွက်က အိမ်ပုံစံမျိုး ပြုလုပ်ထားတတ်ပါတယ်။ ခေါင်မိုးပုံစံပါနေရင် ကြောင်လေးတွေက သဘောမကျ တတ်ပါဘူး။ အဲဒါကြောင့် အညစ်အကြေးစွန့်ခွက်က အိမ်ပုံစံဖြစ်နေရင် အမိုးကို ဖယ်လိုက်ပါ။

အဆင့် ၃

ကြောင်လေးတွေက အစာစားပြီးတာနဲ့ အညစ်အကြေး စွန့်တတ်ပါတယ်။ ကြောင်လေး အစာစားပြီးတာကို မြင်ရင် အညစ်အကြေးခွက်နားဆီ သူ့ကို ခေါ်သွားလိုက်ပြီး အညစ်အကြေးခွက်ထဲ ထည့်ပေးလိုက်ပါ။ ပြီးရင် ကြောင်လေးရဲ့ကိစ္စပြီးတဲ့အထိ စိတ်ရှည်ရှည် စောင့်ပေးပါ။ ချက်ချင်း အညစ်အကြေးခွက်ကို သန့်ရှင်းရေး မလုပ်ပေးပါနဲ့ဦး။ သူ့အနံ့ကို သူကိုယ်တိုင် ရင်းနှီးသွားအောင် ခဏထားပေးပါ။

အဆင့် ၄

အညစ်အကြေးစွန့်တဲ့ခွက်ကို ကြောင်လေး မှတ်မိနိုင်လောက်တဲ့အထိ ခဏခဏ ခေါ်သွားပြီး စိတ်ရှည်ရှည်နဲ့ သင်ပေးပါ။

- ကြောင်လေးက အညစ်အကြေး ခွက်မှာမဟုတ်ဘဲ တခြားနေရာမှာ စွန့်ထားရင် အနံ့ပျောက်သွားအောင် သန့်ရှင်းရေးလုပ်ပါ။ သူတို့အနံ့ ကျန်နေရင် အဲဒီနေရာကိုပဲ ပြန်လာတတ်ပါတယ်။

- ကြောင်လေးက အညစ်အကြေးစွန့်ခွက်ကို မသုံးချင်ဘူးဆိုရင် filler ကို လဲလိုက်ပါ။

- ကြောင်လေးက ပန်းအိုးတွေမှာ အညစ်အကြေးတွေ စွန့်ထားရင် အနံ့ပျောက်အောင် မြေကြီးနဲ့အုပ်ပါ။ အနံ့မပျောက်ရင် ပန်းအိုးတွေနားကိုပဲ အမြဲပြန်လာတတ်ပါတယ်။

- ကြောင်လေးတွေက အညစ်အကြေးစွန့်တာကို သေချာ မမှတ်ထားနိုင်ရင်လည်း စိတ်ရှည်ရှည်နဲ့ သင်ပေးပါ။ တဖြည်းဖြည်းနဲ့ သူ့နေရာကို မှတ်သားနိုင်သွားပါလိမ့်မယ်။

Zombie (lovemedia)

Post a Comment

0 Comments