သင့်ကလေးက ခြေဖျားထောက်ပြီး လမ်းလျှောက်တတ်ရင် ဒီအချက်တွေကို သတိပြုပါ

အသက် ၁၂ လကနေ ၁၅ လအရွယ် ကလေးတွေက ခြေဖျားထောက်ပြီး လမ်းလျှောက်တာက ပုံမှန်အခြေအနေပါပဲ။ အသက် ၂ နှစ်အထိ ခြေချောင်းလေးတွေနဲ့ လမ်းလျှောက်တာက စိတ်ပူစရာ မလိုပါဘူး။ ခြေဖျားထောက်ပြီး လမ်းလျှောက်တာက အသက် ၅ နှစ်ရောက်ရင် ရပ်သွားလေ့ ရှိပါတယ်။

ဒါပေမယ့် အသက် ၅ နှစ်ကျော်တဲ့အထိ သင့်ကလေးက ခြေဖျားထောက်ပြီး လမ်းလျှောက်မယ် ဆိုရင်တော့ သတိထားကြည့်ဖို့ လိုအပ်ပါတယ်။

သင့်ကလေးက အသက် ၂ နှစ်ကျော်တဲ့အထိ အမြဲတမ်း ခြေဖျားထောက်ပြီး လမ်းလျှောက်နေသေးတယ် ဆိုရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ သင့်ကလေးရဲ့ ခြေထောက်ကြွက်သားတွေ တင်းမာနေလား၊ ဖနောင့်ကြောတွေ တင်းနေလား၊ ခြေထောက်ဟန်ချက်ညီဖို့ ခက်ခဲနေလား ဆိုတာကို အရင်ဆုံး စစ်ကြည့်သင့်ပါတယ်။

ကလေးက အမြဲတမ်း ခြေဖျားထောက်ပြီး သွားနေရတာဟာ ကြွက်သားတွေ တဖြည်းဖြည်း ကြုံလှီလာတဲ့ နာတာရှည်ရောဂါ Dystrophy ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အဲဒီရောဂါက မျိုးရိုးဗီဇနဲ့ သက်ဆိုင်ပါတယ်။

Dystrophy ရောဂါဖြစ်ရင် ကြွက်သားတွေက အမြဲလိုလို အားနည်းနေပါတယ်။ အဲဒါကြောင့် ပုံမှန်လမ်းလျှောက်ပုံကနေ ခြေဖျားထောက်ပြီး လမ်းလျှောက်ပုံကို ရုတ်တရက် ပြောင်းလဲသွားပါတယ်။

ကျောရိုးနာဗ်ကြော ပုံမှန်မဟုတ်တာကြောင့်လည်း ကလေးတွေက ခြေဖျားထောက်ပြီး လမ်းလျှောက်ကြပါတယ်။ ကျောရိုးနာဗ်ကြော ပုံမှန်မဟုတ်တဲ့အခါ ကလေးတွေက ခါးမတ်မတ်ထားပြီး လမ်းလျှောက်ဖို့ ခက်လာသလို နာကျင်မှုတွေလည်း ခံစားလာရပါတယ်။ ဒီလိုအခြေအနေမှာတော့ ဆရာဝန်နဲ့ ချက်ချင်း ပြသသင့်ပါတယ်။

ခြေဖျားထောက်ပြီး လမ်းလျှောက်ရတဲ့ နောက်ထပ် အကြောင်းအရင်းတစ်ခုကတော့ Cerebral palsy ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ Cerebral palsy က မမွေးခင် သို့မဟုတ် မွေးစဉ်က ဦးနှောက် ချွတ်ယွင်းသွားတာကြောင့် ကိုယ်အင်္ဂါအချို့ မလှုပ်ရှားနိုင်တဲ့ရောဂါ ဖြစ်ပါတယ်။

Cerebral palsy ဖြစ်ရင် ကြွက်သားတွေကို ထိခိုက်တာကြောင့် ပစ္စည်းတွေကို ကိုယ်ဟန်ကျကျ မကိုင်နိုင်တာ၊ ခြေဖျားထောက်ပြီး ခပ်ယိုင်ယိုင် လမ်းလျှောက်တာတွေ ဖြစ်ပါတယ်။

နောက်ထပ် အကြောင်းအရင်းတစ်ခုကတော့ ခြေဖျားထောက်သွားရတာ အကျင့်ပါနေလို့ပါပဲ။ ကလေးက လုံးဝကျန်းမာပြီး ပုံမှန်လမ်းလျှောက်တာထက် ဆော့ချင်လို့ ခြေဖျားထောက်ပြီး လမ်းလျှောက်ရတာကို သဘောကျ နေတတ်ပါတယ်။

ခြေဖျားထောက်ပြီး လမ်းလျှောက်တာက အကျင့်ပါသွားရင် ကြွက်သွားတွေ တင်းမာပြီး နာနေမှာပါ။ သင့်ကလေးမှာ ခြေဖျားထောက်ပြီး လမ်းလျှောက်တတ်တဲ့ အကျင့်ရှိရင်တော့ ဖျောက်ပေးဖို့က အရေးကြီးပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments