သင့်ကလေး မကြာခဏ အိပ်မက်ဆိုးတွေမက်ပြီး လန့်နိုးလာရင် ဒီအချက် (၆) ချက်ကို ပြုလုပ်ပေးပါ

ကလေးတွေက ညအိပ်ရင် မကြာခဏ အိပ်မက်ဆိုးမက်ပြီး လန့်နိုးတတ်ကြပါတယ်။ တချို့ကလေးတွေက အိပ်မက်ဆိုးတွေ မက်ပြီးရင် ထိတ်လန့်တကြား ငိုတတ်ပါသေးတယ်။ အဲဒါကြောင့် ကျွမ်းကျင်သူတွေက သင့်ကလေး အိပ်မက်ဆိုးမက်ပြီး ငိုနေတဲ့အခါ ဘယ်လိုအချက်တွေ ပြုလုပ်ပေးရမလဲ ဆိုတာကို လမ်းညွှန်ပေးထားပါတယ်။

၁။ ကြင်ကြင်နာနာ ဆက်ဆံပါ။

သင့်ကလေးက မကြာခဏ အိပ်မက်ဆိုးမက်ပြီး နိုးလာတတ်တာက ကလေးရဲ့ စိတ်ဒဏ်ရာတစ်ခုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ "အိပ်မက်က အိပ်မက်ပဲလေ၊ ပြန်အိပ်တော့" ဆိုပြီး ကလေးကို ပြောလိုက်တာထက် သူ့ကို ဘယ်အရာက ကြောက်ရွံ့နေစေတာလဲ ဆိုတာကို စိတ်ရှည်ရှည်နဲ့ မေးသင့်ပါတယ်။ ကလေးကို အကြောက်ပြေသွားအောင် ခဏလောက် စကားပြောတာမျိုး၊ နှစ်သိမ့်ပေးတာမျိုးလည်း ပြုလုပ်ပေးလို့ ရပါတယ်။

၂။ ကလေးတွေကို ကြောက်ရွံ့စေတဲ့အရာတွေကို ဖယ်ရှားပေးပါ။

ကလေးတွေဟာ ရုပ်ရှင်ထဲက ကြောက်စရာ ဇာတ်ဝင်ခန်းတစ်ခုကို စိတ်ထဲမှာစွဲပြီး ညဘက်ရောက်တဲ့အခါ အိပ်မက်ဆိုးတွေ မက်တတ်ပါတယ်။ အဲဒီအခါ ကလေးကို သီချင်းဆိုပြတာပဲဖြစ်ဖြစ်၊ ပျော်စရာကောင်းတဲ့ အမှတ်တရလေးတွေကို ပြန်ပြောပြတာပဲ ဖြစ်ဖြစ် ပြုလုပ်ပေးနိုင်ပါတယ်။

၃။ အကြောက်တရားကို ရင်ဆိုင်နိုင်အောင် ကူညီပေးပါ။

တစ်ခါတရံမှာ ကြောက်ရွံ့နေတာထက် အကြောက်တရားကို ရဲရဲရင့်ရင့် ရင်ဆိုင်လိုက်တာက ကြောက်ရွံ့မှုတွေကို ပြေပျောက်သွားစေပါတယ်။ အဲဒီအရာကိုလည်း နောက်ထပ် မကြောက်တော့ပါဘူး။ သင့်ကလေးက အရုပ်ရဲ့မျက်လုံးကို ညဘက်မှာ ကြည့်ပြီးကြောက်နေရင် နေ့ဘက်မှာနဲ့ အိပ်ရာမဝင်ခင်မှာ အရုပ်ရဲ့မျက်လုံးကို ကြည့်ခိုင်းပါ။ အဲဒီအခါ အရုပ်ရဲ့မျက်လုံးက ကြောက်စရာ မကောင်းတော့ကြောင်းကို ကလေးက နားလည်သွားပါလိမ့်မယ်။ ပြီးတော့ အရုပ်က ကလေးကို ဘာမှ အန္တရာယ် မပြုနိုင်ကြောင်း အားတက်စေမယ့် စကားမျိုးကို ပြောပေးပါ။

၄။ အချိန်မှန် အိပ်ရာဝင်ခိုင်းပါ။

အချိန်မှန်အိပ်၊ အချိန်မှန် ထတဲ့အခါ ညဘက် အိပ်မက်ဆိုး မက်တာက နည်းသွားပါတယ်။ အိပ်ချိန်မမှန်တာနဲ့ အိပ်ရေးပျက်တာ များတဲ့အခါ အိပ်မက်ဆိုးတွေ ပိုမက်နိုင်ပါတယ်။

၅။ အိပ်ရာမဝင်ခင်မှာ စိတ်ကို ပျော်ရွှင်အောင် ပြုလုပ်ပေးပါ။

ကလေးရဲ့စိတ်က ပျော်ရွှင်နေတဲ့အခါ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်လွယ်ပါတယ်။ စိတ်အေးလက်အေး အိပ်နိုင်ဖို့ ကလေးကို ညင်သာတဲ့ သီချင်းသံလေးတွေ ဖွင့်ပြတာ၊ စာအုပ်ဖတ်ပြတာ၊ တရားထိုင်ခိုင်းတာတွေ လုပ်ပေးနိုင်ပါတယ်။ အဲဒီအခါ ကလေးရဲ့ စိတ်ရောကိုယ်ရော အနားရသွားစေပါတယ်။

၆။ အကူအညီရယူဖို့ မတွေဝေခြင်း

သင့်ကလေးက အိပ်မက်ဆိုး နေ့တိုင်းမက်တာ၊ မကြာခဏ အထိတ်တလန့် ဖြစ်တာကို ကြုံနေရပြီဆိုရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ စိတ်ဒဏ်ရာတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ကြုံရတဲ့အခါ ကလေးတွေက အိပ်မက်ဆိုး ခဏခဏ မက်တတ်ပါတယ်။ ကလေးကို လုံခြုံစိတ်ချရစေဖို့၊ မိဘတွေလည်း စိတ်အေးရစေဖို့ မိသားစုဆရာဝန် သို့မဟုတ် စိတ်ရောဂါအထူးကု ဆရာဝန်နဲ့ တိုင်ပင်ပြသသင့်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments