လူကြားထဲမှာ သင့်ကလေးဝုန်းဒိုင်းကြဲနေတာကို အလွယ်ကူဆုံးထိန်းချုပ်နိုင်မယ့် နည်းလမ်း (၈) ခု

ကလေးတွေဆိုတာ ငယ်ရွယ်သေးတာကြောင့် ဘယ်နေရာပဲရောက်ရောက် သူတို့လိုချင်တာ မရရင် ငိုယိုသောင်းကျန်း တတ်ကြပါတယ်။ မိဘတိုင်းကတော့ ကလေးတွေ ဒီလိုသောင်းကျန်းတာကို တစ်ခါမဟုတ် တစ်ခါတော့ ကြုံဖူးမှာပါ။ ဒါကြောင့် သူတို့ဖြစ်ချင်တာကို အေးအေးဆေးဆေးနဲ့ ပြောပြတတ်အောင် ဘယ်လိုထိန်းကျောင်းရမလဲ ဆိုတာကို love media ကနေ ပြောပြပေးပါမယ်နော်။

၁။ သင့်ကလေးရဲ့ခံစားချက်တွေကို အသိအမှတ်ပြုပေးလိုက်ပါ။

စိတ်ပိုင်းဆိုင်ရာ ပြိုကွဲမှုတွေဟာ ကလေးတွေသာမက လူကြီးတွေအတွက်ပါ ပုံမှန်ဖြစ်နေကျ အရာပါ။ ခံစားချက်တွေကို ရင်ဆိုင်ဖို့ အချိန်နှင့် ကိုယ်ပိုင်နေရာ လိုအပ်ပါတယ်။ တကယ်လို့ သင့်ကလေးက စိတ်ဆိုးစိတ်ကောက်သွားရင် သူ့ကို စိတ်လျှော့ဖို့ မကြိုးစားပါနဲ့။ လုံခြုံတဲ့နေရာမှာ ရှိနေရင် အချိန်နဲ့ နေရာပေးလိုက်ပါ။

သင့်ကလေးဟာ ဝုန်းဒိုင်းကြဲနေအချိန်မှာ ပြေးလွှားနေရင်လည်း သူတို့ကို ပြေးပါစေ။ သူတို့ရဲ့ပတ်ဝန်းကျင်ကို ဘေးကင်းပြီး ဘယ်သူ့ကိုမှမထိခိုက်စေဖို့ပဲ သေချာဂရုစိုက်ကြည့်နေပါ။

၂။ သင့်ကလေးကို အပြစ်မတင်ပါနဲ့။

ကလေးတွေဟာ လူအများနဲ့ သက်ဆိုင်တဲ့နေရာမှာ ချွဲတာ၊ ဂျီကျတာတွေ လုပ်တတ်ကြပါတယ်။ အဲ့ခါကျရင်လည်း ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေက မျက်မှောင်ကြုတ်ပြီး ကြည့်လေ့ရှိပါတယ်။ ဆူညံသံတွေ၊ ကျယ်ကျယ်လောင်လောင်နဲ့ ရယ်မောတာတွေ၊ ပတ်ပြေးတာတွေ၊ အော်ဟစ်ပြီးပြောတာတွေနှင့် တခြားအပြုအမှုတွေကို လူတွေက မကြိုက်ကြပါဘူး။

ကလေးတွေဟာ လူကြီးတွေလိုမျိုး သူတို့ရဲ့ စိတ်ခံစားချက်တွေကို ကောင်းကောင်း မထိန်းချုပ်တတ်ကြသေးပါဘူး။ ဒါကြောင့် သူတို့ကို အကျိုးအကြောင်းရှင်းပြပြီး ဒီလိုတွေ မလုပ်သင့်ကြောင်းပဲ ပြောပါ။

၃။ သင့်ကလေးရဲ့ စိတ်ပျက်အားငယ်မှုတွေကို ကျော်လွှားနိုင်ဖို့ ကူညီပေးပါ။

သင့်ကလေးက ဖိနပ်စီးထားတာကို မနိုင်ဘဲ ပြုတ်ကျသွားခဲ့ရင် မဆူဘဲနဲ့ နောက်တစ်ခါ ဘယ်လိုမျိုး စီးရမယ်ဆိုတာကို စိတ်ရှည်ရှည်နဲ့ ရှင်းပြပေးလိုက်ပါ။ ဒီလိုသင်ပြပေးလိုက်တာကြောင့် သင့်ကလေးက တစ်ခုခုဆို စိတ်ထင်ရာ လျှောက်မလုပ်တော့ပဲ သူတို့ကိုယ်သူတို့ တန်ဖိုးရှိတယ်လို့ တွေးမိသွားပါလိမ့်မယ်။

နောက်ပိုင်းမှာလည်း "မင်း မလုပ်နိုင်ဘူး" ဒါမှမဟုတ် "ဒါကို ခွင့်မပြုဘူး" ဆိုတဲ့ စကားတွေထက် "နောက်တစ်ခါ အတူတူလုပ်ရအောင်၊ ငါ မင်းကို ကူညီမယ်"စတဲ့ စကားတွေကိုပဲ သုံးပေးပါ။

၄။ သူတို့ကို တင်းတင်းကျပ်ကျပ် ဖက်ပေးပါ။

တင်းတင်းကျပ်ကျပ် ပွေ့ဖက်ပေးခြင်းက သင့်ကလေးကို လုံခြုံတယ်လို့ ခံစားရစေပါတယ်။ သူတို့ရဲ့ အပြုအမူတွေကို သင်က သဘောမတူပေမယ့်လည်း သင်ကကူညီဖို့ အသင့်ရှိနေကြောင်း ခံစားရစေမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် ပွေ့ဖက်ခြင်းက စိတ်ဖိစီးမှုကို လျော့နည်းစေပြီး စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုကို ထိန်းသိမ်းပေးတဲ့ အောက်ဆီတိုစင် ဟော်မုန်းအဆင့်ကို တိုးစေပါတယ်။

၅။ မှန်ကန်တဲ့ စကားလုံးတွေကိုပဲ ရွေးပြောပါ။

သင့်ကလေးက ငိုသံကျယ်လေလေ စိတ်ကောက်ပြေဖို့ လွယ်လေလေလို့ ပညာရှင်တွေက ဆိုကြပါတယ်။ ကလေးက အော်ဟစ်သောင်းကျန်းနေရင် သင်က ဒေါသနဲ့မတုန့်ပြန်ပဲနဲ့ အေးအေးဆေးဆေးပဲ ပြန်ရှင်းပြပါ။

ဒေါသနဲ့တုန့်ပြန်တာက သင့်ကလေးကို စိတ်ဒဏ်ရာ ရသွားစေနိုင်ပါတယ်။ ဒါကြောင့် ချိုချိုသာသာနဲ့ပဲ သူတို့လက်ခံလာအောင် တဖြည်းဖြည်းနဲ့ ပြောပြပါ။

၆။ သက်တောင့်သက်သာနဲ့ အေးအေးချမ်းချမ်းရှိတယ်လို့ ခံစားရပါစေ။

သင့်ကလေးက သောင်းကျန်းနေပြီ ဆိုရင်တော့ သူတို့စိတ်ဝင်စားတဲ့အရာတွေကို ပြပြီးတော့ အငိုတိတ်အောင် လုပ်နိုင်ပါတယ်။ သူတို့ကြိုက်တဲ့ စာအုပ်၊ သူတို့နှစ်သက်တဲ့ သရေစာ ဒါမှမဟုတ် သူတို့ဆော့နေကျ အရုပ်စတဲ့ အရာတွေနဲ့ အာရုံလွှဲနိုင်ပါတယ်။ “ကလေးတွေမှာ အာရုံစူးစိုက်မှုက တိုတောင်းလွန်းတယ်။ ဆိုလိုတာက သူတို့ရဲ့ အာရုံကိုပြောင်းဖို့ လွယ်တယ်” လို့ ကျွမ်းကျင်သူတွေက ရှင်းပြထားပါတယ်။

၇။ သင့်ကလေးကို မုန့်ကျွေးတာပဲဖြစ်ဖြစ်၊ အိပ်စေတာပဲဖြစ်ဖြစ် လုပ်လိုက်ပါ။

ဗိုက်ဆာတဲ့အခါ ဒါမှမဟုတ် အိပ်ရေးပျက်တဲ့အခါ ဘယ်လောက်ဆိုးရွားတဲ့ ခံစားချက်ကိုခံစားရလဲ ဆိုတာကို သင်ကြုံဖူးမှာပါ။ ကလေးတွေဟာလည်း မပြောပြတတ်လို့ မပြောပေမယ့် ဒီလိုခံစားနေရတာကြောင့် အော်ဟစ်ပတ်ပြေးနေတာလည်း ဖြစ်နိုင်ပါတယ်။

ဒါကြောင့် သင့်ကလေး ဝုန်းဒိုင်းကြဲနေချိန်တိုင်း သူတို့ကို သရေစာကျွေးတာ ဒါမှမဟုတ် အနားယူဖို့ဖြစ်ဖြစ် တစ်ရေးတစ်မော အိပ်ခိုင်းတာပဲဖြစ်ဖြစ်၊ ကာတွန်းကြည့်တာခိုင်းတာမျိုး လုပ်သင့်တယ်လို့ စိတ်ပညာရှင်တွေက အကြံပြုထားပါတယ်။

၈။ ကိုယ့်စိတ်ကို ထိန်းပါ။

ငိုနေတဲ့ကလေးက မိဘတိုင်းကို စိတ်အနှောင့်အယှက် ဖြစ်စေနိုင်ပေမယ့် တစ်ယောက်နဲ့တစ်ယောက် အော်ဟစ်နေမယ်ဆိုရင် သင့်ကလေးကို နှစ်သိမ့်နိုင်မှာ မဟုတ်ပါဘူး။ အသက်ပြင်းပြင်းရှူ၊ အေးအေးဆေးဆေးဘဲ နေစေပြီး ဝုန်းဒိုင်းကြဲ ပစ်လိုက်ခြင်းဟာ သူတို့လိုချင်တာကိုရဖို့ အကောင်းဆုံးနည်းလမ်း မဟုတ်ဘူးဆိုတာကို သင့်ကလေးကို သေချာရှင်းပြဖို့ ကြိုးစားပါ။

သင့်ကလေးတွေအတွက် စံနမူနာကောင်းတစ်ခု ချမှတ်ပြီး သင်သာ ရှေ့ကနေ မားမားမတ်မတ်နဲ့ မှန်မှန်ကန်ကန် နေပြလိုက်မယ်ဆိုရင် သူတို့ကိုယ်သူတို့ အဆိုးမြင်စိတ်တွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲ ဆိုတာကို သိလာပါလိမ့်မယ်။

Zombie (lovemedia)

Post a Comment

0 Comments