ရိုးသားခြင်း၏ ဆုလာဒ်

ရှေးရှေးတုန်းက ရွာတရွာမှာ ရိုးသားပြီး ကြိုးစားတဲ့ သစ်ခုတ်သမားလေး တယောက်ရှိတယ်။ သစ်ခုတ်သမားလေးဟာ အလုပ်ကို ကြိုးကြိုးစားစား လုပ်သော်လည်း အလွန် ဆင်းရဲတယ်။ ဘယ်လောက်တောင် ဆင်းရဲသလဲ ဆိုလျှင် သူမှာရှိတဲ့ တန်းဖိုးရှိ ပစ္စည်းဆိုလို့ သူသစ်ခုတ်တဲ့ ပုဆိန်လေးနဲ့ သူရဲ့အိမ်လေးပဲ ရှိတယ်။ သူဟာ ရွာလေးအနီးက တောထဲမှာပဲ သစ်ခုတ်ရင်း အသက်မွေးတယ်။

ဒီလိုနဲ့ တနေ့မှာတော့ သစ်ခုတ်သမားလေးဟာ သစ်ခုတ်ဖို့ သစ်ပင်ရှာရင်း မြစ်ဘေးနားလေးကို ရောက်သွားတယ်။ သစ်ခုတ်သမားလေးက သူလိုချင်တဲ့ သစ်ပင်ကို မြစ်ဘေးမှာ တွေ့သွားတယ်။ သူလည်း အားရဝမ်းသာ သစ်ပင်ကို ခုတ်တာပေါ့။ ဒါပေမဲ့ ကံအားလျော်စွာ သူ့လက်ထဲမှာ ကိုင်ထားတဲ့ ပုဆိန်လေးက လက်ထဲက လွတ်ပြီး ရေထဲကို ကျသွားတယ်။

သစ်ခုတ်သမားလေးက ရေလည်း မကူးတတ်တော့ ဒုက္ခ အကြီးအကျယ် ရောက်ပြီပေါ့။ သူ့အဖို့ ပုဆိန် နောက်တလက် ဝယ်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။ အဲ့တာနဲ့ သစ်ခုတ်သမားလေးက ဝမ်းနည်းလွန်းလို့ မြစ်ဘေးမှာ ထိုင်ငိုနေ မိတယ်။ သစ်ခုတ်သမားလေးရဲ့ ငိုသံကို မြစ်စောင့်နတ်က ကြားသွားတယ်။

ဒီတော့ မြစ်စောင့်နတ်က "အသင်လူသား၊ အသင် ဘာအကြောင်းကြောင့် ငိုကြွေးနေတာလဲ" ဆိုပြီး မေးတာပေါ့။ အဲ့ဒီတော့ သစ်ခုတ်သမားလေးလည်း သူ့ရဲ့ အဖြစ်အပျက်ကို ပြောပြ လိုက်တယ်။ မြစ်စောင့်နတ်က သစ်ခုတ်သမားကို သနားသွားတယ်။ အဲ့ဒါနဲ့ ရေထဲကို ငုတ်လျှိုသွားတယ်။ ရေထဲက ပြန်ပေါ်လာတော့ မြစ်စောင့်နတ်ရဲ့ လက်ထဲမှာ ရွှေပုဆိန်တလက် ပါလာတယ်။

ဒီတော့ မြင့်စောင့်နတ်က သစ်ခုတ်သမားလေးကို "အသင်လူသား ဒါ အသင့်ရဲ့ ပုဆိန်လား" ဆိုပြီးတော့ မေးတယ်။ ရိုးသားတဲ့ သစ်ခုတ်သမားလေးက အဲ့ဒါ ကျွန်တော့်ပုဆိန် မဟုတ်ပါဘူးလို့ ငြင်းလိုက်တယ်။ ဒါနဲ့ မြစ်စောင့်နတ်လည်း ရေထဲကို ပြန်ငုတ်လျှို သွားပြန်တယ်။ ပြန်ပေါ်လာတော့ ငွေပုဆိန် ပါလာတယ်။

သစ်ခုတ်သမားကို "ဒါ အသင့်ရဲ့ ပုဆိန်လား" ဆိုပြီး မေးပြန်တယ်။ သစ်ခုတ်သမားကလည်း ငြင်းပြန်တယ်။ မြစ်စောင့်နတ်လည်း ရေထဲ ပြန်ငုတ်လျှို သွားပြန်တယ်။ မြင့်စောင့်နတ်က ကြေးပုဆိန်ကို ယူပြီး သစ်ခုတ်သမားကို "ဒါ အသင့်ရဲ့ ပုဆိန်လား" ဆိုပြီး မေးပြန်တယ်။ သစ်ခုတ်သမားကလည်း ငြင်းပြန်တယ်။

ဒီလိုနဲ့ နောက်ဆုံးမှာတော့ မြစ်စောင့်နတ်ဟာ သစ်ခုတ်သမားရဲ့ ပုဆိန်လေးကို ရေထဲက ဆယ်ပြီး ပေးလိုက်တယ်။ ပြီးတော့ မြစ်စောင့်နတ်ဟာ ရိုးသားလှတဲ့ သစ်ခုတ်အမားကို ရွှေပုဆိန်၊ ငွေပုဆိန်၊ ကြေးပုဆိန်ပါ လက်ဆောင် ပေးလိုက်ပါတယ်။ ဒီလိုနဲ့ သစ်ခုတ်သမားလေးဟာ နေ့ချင်းညချင်း ချမ်းသာသွားပြီး ဘဝကို ပျော်ရွှင်စွာ ဖြစ်သန်းသွားသတဲ့။

သူ့အကြောင်းတွေကို ကြားသိသွားတဲ့ သစ်ခုတ်သမားရဲ့ သူငယ်ချင်းကလည်း သူ့ကို ဘယ်လိုကြောင့် ချမ်းသာလာတာလဲ ဆိုပြီး လာမေးတယ်။ သစ်ခုတ်သမားဟာ ရိုးသားသူမို့ အကြောင်းစုံကို သူ့သူငယ်ချင်းကို ပြောပြလိုက်တယ်။ ဒီအချိန်မှာ အကြံသမားဖြစ်တဲ့ သစ်ခုတ်သမားရဲ့ သူငယ်ချင်းဟာ ပုဆိန်တလက်ကို ဝယ်ပြီး မြစ်ဘေးကို သွားသတဲ့။

ထို့နောက် သစ်ပင်ခုတ်ဟန် ဆောင်ပြီး ပုဆိန်ကို ရေထဲ ပစ်ချလိုက်တယ်။ ပြီးတော့ ငိုချင်ယောင် ဆောင်နေလိုက်တယ်။ သူ့အကြံကို မသိတဲ့ မြင့်စောင့်နတ်က "အသင်လူသား အဘယ်ကြောင့် ငိုနေတာလဲ" ဆိုပြီး မေးတယ်။ သစ်ခုတ်သမား သူငယ်ချင်းက သစ်ခုတ်သမား ပြောသလို ပြောလိုက်တယ်။

မြစ်စောင့်နတ်ကလည်း ရေထဲက ရွှေပုဆိန် ယူပြီး "ဒါ အသင့် ပုဆိန်လား" ဆိုပြီး မေးတယ်။ ထိုအခါ လောဘ မွှန်နေတဲ့ သစ်ခုတ်သမားသူငယ်ချင်းက "ဟုတ်ပါတယ်" ဆိုပြီး ပြောလိုက်တယ်။ ထိုအခါ မြစ်စောင့်နတ်က "အသင်လူသားဟာ မုသားသုံးပြီး ပြောနေတာပဲ" ဆိုပြီး ရွှေပုဆိန်ကို မပေးပဲ ပျောက်ကွယ်သွားပါတယ်။ ထိုအခါ အကြံသမားဟာ ရွှေပုဆိန်၊ ငွေပုဆိန်၊ ကြေးပုဆိန်တို့ မရတဲ့ အပြင် သူ့ပုဆိန်ကိုပါ ဆုံးရှုံးသွား ပါတော့တယ်။

ဒီပုံပြင်လေးကို ဖတ်ပြီးရိုးသားမှုကို တန်ဖိုး ထားတတ်ကြပါစေ။ ရွှေသွေး ဂျာနယ်က ဖတ်မိသမျှ ဝေမျှပေးပါသည်။

Crd

phoomyatchal

Post a Comment

0 Comments