လောဘကြီးသော ဘုရင်

ရှေးလွန်လေပြီးသော အခါကပေါ့ကွယ်။ ဗာရာဏသီမြို့တော်မှာ ဗြဟ္မဒတ်မင်းကြီး ထီးနန်းစိုးစံစဉ် ကပေါ့။ ဘုရင်ကြီးအပါးမှာ တန်ဖိုးဖြတ်ပေးရတဲ့ ရာဖြတ်အမတ် ဆိုတာ ရှိသတဲ့။ သူဟာ တန်ဖိုး တွက်ချက်တဲ့ အခါမှာ ဖြစ်နိုင်တဲ့ တန်ရာတန်ဖိုး ကိုသာ ဖြတ်ပေးလေ့ ရှိသတဲ့။

ရာဖြတ်အမတ်က တန်ရာတန်ဖိုးသာ ဖြတ်ပေးပေမယ့် မင်းကြီးကတော့ လောဘလွန်ကဲသူ ဖြစ်တော့ ရာဖြတ်အမတ်ရဲ့ ရာဖြတ်မှုကို မကျေနပ်ဘူးပေါ့။ ဒါနဲ့ ရာဖြတ်အမတ်ဟာ မင်းကြီးရဲ့ မကျေနပ်မှုကြောင့် ရာဖြတ်တာဝန်က ဖယ်ရှားခြင်း ခံလိုက်ရတယ်။

မင်းကြီးက မင်းလိုလိုက် မင်းကြိုက် ခစားတတ်တဲ့ သူတယောက်ကို ရာဖြတ်အဖြစ် တာဝန်ပေးအပ် လိုက်တယ်။ ရာဖြတ်အမတ်သစ်ဟာ မင်းအကြိုက် လိုက်နေသူ ဖြစ်တော့ ဝယ်ရာမှာ ဖြစ်စေ၊ ရောင်းရာမှာ ဖြစ်စေ တန်ဖိုးအမှန်ကို ဖြတ်မပေးဘူး။ ပစ္စည်းပိုင်ရှင်တွေဟာ ဈေးမှန် မရဘဲ မင်းကြီးအလိုကျ ရာဖြတ်ဒုက္ခ ပေးသလို ခံကြရသတဲ့။

တနေ့မှာတော့ ဥတ္တရပထတိုင်းမှ မြင်းကုန်သည် တယောက် ရောက်လာတယ်။ သူ့မှာ မြင်းအကောင် ငါးရာ ပါလာတော့ မင်းကြီးက ဝယ်ယူဖို့ စီစဉ်တဲ့အခါ ရာဖြတ်ရဲ့ ဆုံးဖြတ်မှုကို ခံရကြရသတဲ့။ ရာဖြတ်အသစ်က မြင်းကုန်သည်ရဲ့ မြင်းငါးရာ ဆန်တကွမ်းစား (တစလယ်) နဲ့ တန်ဖိုးဖြတ်လိုက် သတဲ့ကွယ်။

မြင်းကုန်သည်ဟာ ရာဖြတ်အသစ်ရဲ့ တန်ဖိုးတွက်ချက်မှုကို မကျေနပ်လို့ အဖြေမှန်ရအောင် စဉ်းစားနေသတဲ့။ "ငါ့ မြင်းကောင်ရေ ငါးရာဟာ ဒီလောက်နည်းလို့ ဖြစ်ပါ့မလား"

ဆုံးဖြတ်ချက် မတရားကြောင်း သိတဲ့လူတွေက "ကုန်သည်ကြီး ရာဖြတ်အမတ်ဟောင်းထံမှာ အကြံဉာဏ် ယူကြည့်ပါ" ဆိုပြီး မြင်းကုန်သည်ကို ရာဖြတ်အဟောင်းနဲ့ တွေ့ခိုင်းသတဲ့။

မြင်းကုန်သည်က ရာဖြတ်သစ်ရဲ့ ဆုံးဖြတ်ချက်ကို ကူညီပြင်ပေးဖို့ ရာဖြတ်ဟောင်းကို အသနား ခံသတဲ့။ "အမတ်ကြီး၊ ရာဖြတ်သစ်ရဲ့ တန်ဖိုး တွက်ချက်မှုကို မတရားလွန်းလို့ ကူညီပါခင်ဗျာ"

ရာဖြတ်ဟောင်း အမတ်ကြီးကလည်း "ကုန်သည်ကြီး ရာဖြတ်အမတ်သစ် မတရား ဈေးနှိမ်ဖြတ်သည်မှာ မင်းကြီးထံမှာ လာဘ်ရထား၍ ဖြစ်တယ်၊ သင့်ထံမှ လာဘ်ရလျှင်လည်း ရာဖြတ်က တန်ဖိုးပြင်ပေးမှာပေါ့"

အဲဒီလိုနဲ့ မြင်းကုန်သည်ဟာ ရာဖြတ်အမတ်သစ် ရှိရာသွားပြီး လက်ဆောင်ပဏ္ဍာတွေနဲ့ လာဘ်ထိုးလိုက်ပြီး မြင်းငါးရာတန်ဖိုး တိုးအောင် ဆောင်ရွက်ပေးဖို့ ပြောဆိုသတဲ့။

နောက်တနေ့မှာ မြင်းကုန်သည်ဟာ ရာဖြတ်အမတ်သစ်နဲ့ မင်းကြီးရှေ့မှောက် ရောက်လာပြီး မြင်းတန်ဖိုးကို ပြန်လည် တွက်ချက်ပေးဖို့ လျှောက်ထားကြသတဲ့။

"မြင်းငါးရာရဲ့ တန်ဖိုးဟာ ဆန်တကွမ်းစား ထိုက်တန်ကြောင်း၊ ရာဖြတ်အမတ် မိန့်ဆိုထားပါတယ် ဘုရား၊ ဆန်တကွမ်းစားဆိုတာ မည်မျှ တန်ဖိုးထိုက်တန်ကြောင်း သိလိုပါတယ် ဘုရား" လို့ မြင်းကုန်သည်က ရဲဝံ့စွာ လျှောက်ထားလိုက်သတဲ့။

ဒီတော့ လာဘ်ယူထားတဲ့ ရာဖြတ်အမတ်သစ်က "ဆန်တကွမ်းစား ဆိုသည်မှာ မြို့တွင်းတဆယ့်နှစ် ယူဇနာ၊ မြို့ပြင် ယူဇနာသုံးရာ ရှိသော ဗာရာဏသီပြည်ကြီးနဲ့ ထိုက်တန်ပါတယ် ဘုရား"

အဲဒီလို လာဘ်ယူပြီး ရာဖြတ်အမတ်သစ်က တန်ဖိုးကို မတရား တွက်ပြတော့ ဘုရင်ကြီးလည်း အရှက်ရပြီး နောက်တ ရသွားလို့ ရာဖြတ်အမတ်ဟောင်းကို ပြန်ခေါ်ပြီး တရားမျှတတဲ့ တန်ဖိုးရာဖြတ် ခိုင်းတော်မူရသတဲ့လေ။

တကယ်တော့ မင်းမှုထမ်းတွေ လာဘ်ယူလို့ တိုင်းပြည်တိုးတက်မှု မရှိရတာ အကောင်းဘက်ကို ဦးစားမပေး အဆိုးဖက်ကို ရောက်ရှိစေတာပေါ့။ လောဘလွန်ကဲလို့ အမှားတွေ့ကြရတာ ပေါ့လေ။

Crd phoomyatchal

ကဏ္ဍလနာဋိဇာတ်တော်

ဆရာ ကြည်ဇော်၏ "အာဇာနည်တို့စွမ်းရည်" ပုံပြင်စာအုပ်မှ ရေးသား ဖော်ပြခြင်းဖြစ်သည်။

Post a Comment

0 Comments