လောဘရမ္မက် ကြီးခြင်း၏ အကျိုး

ဟိုးရှေးရှေးတုန်းက ရွာတရွာမှာ လွန်စွာ ဆင်းရဲတဲ့ လင်မယားနှစ်ယောက် ရှိလေတယ်။ ထိုလင်မယား ဆင်းရဲနေသည်ကို ယခင်ဘဝက တော်စပ်ဖူးသော သူငယ်ချင်းဟောင်း ရုက္ခစိုးနတ်မင်း မြင်လေသော် သူငယ်ချင်း လင်မယားကို ကူညီလို၍ သိကြားမင်းကို တိုင်ပင်လေတယ်။

သိကြားမင်းက အခုလို ကူညီဖို့ကို လက်မခံကြောင်း ပြောလေတယ်။ လက်မခံရခြင်း အကြောင်းကား သူဆင်းရဲ လင်မယားမှာ အနေအထိုင်ဆင်းရဲသလို နေထိုင်မှုမှာလည်း စည်းကမ်းမရှိပဲ ကုသိုလ်ရေးနဲ့ ဘာသာရေးလည်း မလိုက်စားတာမို့ သိကြားမင်းက စည်းကမ်းမရှိတဲ့ လင်မယားကို မကူညီစေလိုတာ ဖြစ်ပါတယ်။

သိကြားမင်း တားမြစ်နေသော်လည်း ကူညီလိုစိတ် ပြင်းပြနေတဲ့ ရုက္ခစိုးဟာ သူငယ်ချင်း သူဆင်းရဲ လင်မယားကို မိမိ အစွမ်းအစနဲ့ မိမိကူညီဖို့ ဆုံးဖြတ်လိုက်ပါတယ်။

တနေ့ သူငယ်ချင်းဖြစ်သူ အိပ်ပျော်နေခိုက်မှာ ရုက္ခစိုးက ယခုလို အိပ်မက်ပေးလေတယ်။ "သူငယ်ချင်း ထတော့၊ ရွာအရှေ့ဘက် ညောင်ပင်အောက် မြောက်ဘက်ကို ခြေလှမ်း ၇ လှမ်း လှမ်းလိုက်ရင် ရွှေအိုးတလုံး ရှိတယ်။ သွားတူးချေတော့" ဟု ဆိုလေတယ်။

အိပ်မက်ထဲမှာ သူငယ်ချင်းကို ရုက္ခစိုးအဖြစ် မြင်လိုက်ရတဲ့ အမျိုးသားဟာ ဝမ်းသာအားရနဲ့ အိပ်မက်က နိုးသော် ဇနီးဖြစ်သူကို နှိုးပြီး "ရှင်မရေ ထ ထ၊ ငါ့သူငယ်ချင်း တယောက် ရုက္ခစိုးဖြစ်ပြီး ငါ့ကို ကူညီဖို့ လာတယ်။ ကံထလို့ ဟန်ကြပြီ မိန်းမရေ၊ ရွှေအိုးသွားတူးစို့ ထ ထ" လို့ ဆိုလေတယ်။

ဇနီးဖြစ်သူဟာ ရွှေဆိုသော အသံကြားတာနဲ့ မျက်လုံး ကျယ်သွားပြီး ခင်ပွန်းဖြစ်သူကို မေးမြန်းလို့ အိပ်မက်အကြောင်းကို သေချာနားထောင်လေတယ်။ ခင်ပွန်းဖြစ်သူရဲ့ အိပ်မက်အကြောင်းကို ကြားသိရ အပြီးမှာတော့ ချက်ချင်းပင် ရွှေအိုးသွားတူးရန် ခင်ပွန်းဖြစ်သူအား ဆော်ဩလေတယ်။

ဒီလိုနဲ့ သူဆင်းရဲ လင်မယားတို့ဟာ တူရွင်းပေါက်ပြားများ ကိုင်ကာ ရွှေအိုးရှိရာ ညောင်ပင်ဆီသို့ ချီတက်ခဲ့ကြတယ်။ လင်မယားနှစ်ယောက် ရွာအရှေ့ဘက်ရှိ ညောင်ပင်သို့ ရောက်သော် ရုက္ခစိုး အိပ်မက်ပေးသည့်အတိုင်း မြောက်ဘက်ကို ခြေလှမ်း ၇ လှမ်း လှမ်းလို့ ခင်ပွန်းဖြစ်သူက မြေကိုတူး ဇနီးဖြစ်သူက မြေတွေကို ဖယ်နှင့် တက်ညီလက်ညီ တူးလိုက်ရာ မကြာခင် အချိန်မှာပဲ ရွှေအိုးကို တွေ့ပြီး ထိုထဲမှ ရွှေပိဿာချိန် ၇ ပိဿာကို ရရှိခဲ့တယ်။

ရွှေတွေကို ပုဆိုးကောင်းနဲ့ ထုပ်ပြီး အိမ်ပြန်လာလို့ အိမ်ရောက်သော် ခင်ပွန်းဖြစ်သူဟာ အိမ်ရှေ့ ကွပ်ပျစ်မှာ ထိုင်လို့ ဒီလို စဉ်းစားတယ်။ “ရွှေတွေတော့ ရပြီးပြီ။ ဒီရွှေတွေကို မြို့မှာသာ တက်ရောင်းလိုက်ရင် ငွေတွေ များများရမယ်။ ဒါပေမယ့် ဒီငွေတွေနဲ့ ငါ့မိန်းမနဲ့ မတန်ဘူးထင်တယ်။ အ တဲ့ အိမ်က မိန်းမကို ထားပြီး ငွေရှိရင် သွက်သွက်လက်လက် မိန်းမယူပြီး အလုပ်ကြိုးစားရမယ်" လို့ တွေးလေတယ်။

ထိုအချိန်မှာလည်း ဇနီးဖြစ်သူက ဒီလို တွေးနေသတဲ့။ "ဒီယောကျ်ားနဲ့ ငါ ဆက်ပေါင်းလို့တော့ မဖြစ်ဘူး။ ငါ့ကိုလည်း နှိပ်စက်တဲ့ ဒီယောကျ်ားကို ထားလို့ ငွေတွေယူပြီး အခြေအနေပေးရင် သွက်လက် ထက်မြက်တဲ့ အမျိုးသားနဲ့ အကြောင်းပါနိုင် သေးတယ်" လို့တွေးနေသတဲ့။ လင်မယားနှစ်ယောက်စလုံးရဲ့ စိတ်ထဲမှာတော့ အကောက်ကြံ ဖောက်ပြန်ဖို့ ကိုသာ တွေးနေကြလေတယ်။

နောက်တနေ့ မနက်မှာ ယောကျ်ားဖြစ်သူက မိန်းမဖြစ်သူကို မနေ့ကလိုပဲ အိပ်မက် ထပ်မက်ကြောင်း ရွှေသွားတူးရန် လှည့်ဖြားပြီး ခေါ်လေတယ်။ မိန်းမဖြစ်သူကလည်း ယောကျ်ားဖြစ်သူကို အပျောက်ရှင်းမယ့် အကြံနဲ့ စားစရာတွေကို အဆိပ်ထည့်လို့ ညောင်ပင်ရှိရာ လာခဲ့လေတယ်။

မနေ့က တွင်းထက် ပိုနက်အောင် တူးလိုက်တဲ့ ခင်ပွန်းဖြစ်သူဟာ ဇနီးဖြစ်သူကို တူရွင်းနဲ့ ရိုက်သတ်ပြီး ထိုတွင်းကြီးထဲမှာပဲ မြှုပ်ပစ်ဖို့ ကြံလေတယ်။ ထိုအကြံတိုင်း ဇနီးဖြစ်သူကို မြေဖို့ပြီးနောက်၊ အိမ်က ရွှေတွေကို ပြန်ယူဖို့ မသွားခင် ဇနီးသည် ပြင်ပေးထားသော အစားအစာများကို အရင်စားလိုက်ရာ ခတ်ထားသော အဆိပ်ကြောင့် ညောင်ပင်အောက်မှာပဲ အဆိပ်တတ်ပြီး ဆုံးပါးရလေတယ်။

ဒီလိုနဲ့ လောဘရမ္မက် ကြီးကြတဲ့ လင်မယားနှစ်ယောက်ဟာ ညောင်ပင်အောက်မှာပဲ ခြေလှမ်း ၇ လှမ်းအကွာနဲ့ အသက်ဆုံးပါး သွားကြလေတယ်။

ဒီပုံပြင်လေးကတော့ လောဘရမ္မက်ကြီးခြင်းက မိမိကိုကော တပါးသူကိုပါ အကျိုးယုတ်စေပြီး အဆုံးသတ်မှာ မည်သူမျှ ကောင်းကျိုး မဖြစ်ထွန်းစေ နိုင်ကြောင်း အသိပညာကို ပေးသွားတာ ဖြစ်ပါတယ်။ CartoonBakery

Post a Comment

0 Comments