မျက်ကန်းရွာ

တခါတုန်းက ရွာတရွာတွင် သူကြီးလုပ်သူက ရွာကလူတွေကို မျက်စိကန်းအောင် လုပ်ထားလိုက်သည်။ နှစ်ပေါင်းများစွာ ကြာလာတော့ လူတွေက အမှောင်နဲ့ အသားကျလာသည်။ အလင်းရှိတယ် ဆိုတာကို မသိတော့။ တခုခု ဆို သူကြီးက ပြောပြရသည်။

"ဟိုဘက်ရွာမယ် စားစရာ မရှိလို့ လူတွေ သေကြသကွ။ ငါတို့ရွာမှာ ဆန်ပြုတ်လေး ပုံမှန် တရက် တခေါက် သောက်နိုင်တာ ငါ့ကျေးဇူးကွ"

လူတွေက ယုံကြသည်။ ဟိုဘက်ရွာမှာ ကားဆိုတာကြီး ရှိတယ် ကြားတော့ သူကြီးက "ကား ဆိုတာကြီးက စီးလို့ တိုက်ရင် သေတတ်တယ်ကွ။ မစီးကြနဲ့။ လမ်းလျှောက်ကြ။ အန္တရာယ် ကင်းတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တယ်"

လူတွေက ကားမစီးပဲ လမ်းလျှောက် ကြသည်။ ကားစီးတဲ့ လူတွေကို ငတုံးတွေလို့ ထင်သည်။ အဲ့ဒီမှာ တခြားရွာ သွားနေပီး ပြန်လာတဲ့ အဘွားကြီး တယောက်က ရွာသားတွေ ဒီလို အကန်းဘဝနဲ့ နေနေရတာကို မကြည့်ရက်။ မျက်စိ ပြန်မြင်အောင် လုပ်ပေးလိုက်သည်။

အဲ့ဒီအခါ မျက်စိပြန်မြင်လာတဲ့ လူတွေကို သူကြီးက ပြောသည်။ "ကဲ ကြည့်စမ်း၊ မျက်စိ ကန်းနေတုန်းက နေ့ရယ် ညရယ် မခွဲဘူး သွားချင်သလိုသွား လာချင်သလိုလာ လို့ရတယ်။ နင်လို့ မျက်စိ မြင်ရမှပဲ ညဆို မသွားတတ်တော့ဘူး။ မြင်လာရတော့ ဘယ်သူက လှတယ်၊ ဘယ်သူက ရုပ်ဆိုးတယ် ဆိုပီး တယောက်နဲ့ တယောက် မနာလိုမှုတွေ များလာတယ်။

အရင်ကဆို အကုန်တူတူပဲ။ မြင်လာရတော့ အရှက်လုံအောင် အဝတ်တွေ ဝတ်ရတော့မယ်။ ပြင်ရဆင်ရနဲ့ အလုပ်တွေ ရှုပ်တော့မယ်။ ကန်းနေရင် ဒါတွေ မလိုဘူး။ ဘယ်လောက် အလုပ်ရှုပ် သက်သာလဲ။ ငါက နင်တို့ကို အမျော်အမြင်နဲ့ ကန်းအောင် လုပ်ထားတာ"

သူပြောတာကို လူတွေကလည်း "ဟာ ဟုတ်သားပဲ၊ သူပြောတာ အကျိုးနဲ့ အကြောင်းနဲ့ မှန်နေတာပဲ" ဆိုပီး ဝိုင်းထောက်ခံကြသည်။ လူတွေက အလုပ်ရှုပ်မှ မခံချင်ကြတာ။ တရက် တရက် ဆန်ပြုတ်လေး သောက်ပီး အေးရာအေးကြောင်းသာ နေလိုကြတယ်လေ။ မျက်စိ မြင်နေရရင် သူကြီးပြောသလို အလုပ်တွေ အင်မတန် ရှုပ်ရဦးမည်ကိုး။

အဲ့ဒီတော့ အဘွားကြီးက မနေနိုင်။ မျက်စိ မြင်ခြင်းရဲ့ အကျိုးတွေနဲ့ ကန်းခြင်းရဲ့ အပြစ်တွေကို ရှင်းပြရှာသည်။ မျက်စိကန်းအောင် လုပ်ထားတာ သူကြီး ဆိုတာကို ထောက်ပြသည်။ တချို့လူတွေက သဘော ပေါက်သလိုလို ရှိပေမယ့်၊ တချို့‌တွေက နားမလည်။

တချိန်လုံး မျက်စိ ကန်းခဲ့တော့ ပြန်မြင်ရတာကိုပဲ အပြစ်ကြီး တခုလို ထင်တဲ့သူက ထင်သည်။ သဘောပေါက်တဲ့ လူတွေက မျက်စိ မြင်ရတဲ့ ဘဝ နဲ့ ရှင်သန်ကြည့်ချင် ကြသည်။ တချို့က သူတို့ကို မျက်စိကန်းအောင် လုပ်ထားတာ သူကြီးပါ ဆိုတာတောင် မယုံ။

နောက်ဆုံး အကန်းဘဝ ပြန်သွားမလား၊ မျက်စိ မြင်ရတဲ့ ဘဝနဲ့ပဲ နေမလား ရွေးချယ်ရမယ့် အချိန်ကို ရောက်လာပြီ။‌ ရွေးချယ်မှု မှန်ခဲ့ရင်တော့ ဒီတကြိမ်နဲ့ပဲ အလင်းရောင်ကို တသက်လုံး မြင်နိုင်အောင် လုပ်ကြရမှာ၊ ရွေးချယ်မှု မှားသွားရင်တော့ အဖွားကြီးလည်း နောက်တခေါက် ပြန်မြင်အောင် လုပ်ပေးနိုင်တော့မည် မဟုတ်။ အသက်က ကြီးနေပီလေ။

အဲ့တော့ ရွာသားတွေရေ လိုက်မယ်ဆိုလည်း နောက်မကျစေနဲ့၊ မလိုက်လိုဘူး ဆိုလည်း အမှောင်ထဲမှာသာ နေခဲ့ကြတော့။

Crd Mg Myoe Kyaw

Zawgyi

မ်က္ကန္း႐ြာ

တခါတုန္းက ႐ြာတ႐ြာတြင္ သူႀကီး လုပ္သူက ႐ြာက လူေတြကို မ်က္စိကန္းေအာင္ လုပ္ထားလိုက္သည္။ ႏွစ္ေပါင္းမ်ားစြာ ၾကာလာေတာ့ လူေတြက အေမွာင္နဲ႔ အသားက်လာသည္။ အလင္းရွိတယ္ ဆိုတာကို မသိေတာ့။ တခုခု ဆို သူႀကီးက ေျပာျပရသည္။

"ဟိုဘက္႐ြာမယ္ စားစရာ မရွိလို႔ လူေတြ ေသၾကသကြ။ ငါတို႔႐ြာမွာ ဆန္ျပဳတ္ေလး ပုံမွန္ တရက္ တေခါက္ ေသာက္ႏိုင္တာ ငါ့ေက်းဇူးကြ"

လူေတြက ယုံၾကသည္။ ဟိုဘက္႐ြာမွာ ကားဆိုတာႀကီး ရွိတယ္ ၾကားေတာ့ သူႀကီးက "ကား ဆိုတာႀကီးက စီးလို႔ တိုက္ရင္ ေသတတ္တယ္ကြ။ မစီးၾကနဲ႔။ လမ္းေလွ်ာက္ၾက။ အႏၲရာယ္ ကင္းတယ္။ က်န္းမာေရးနဲ႔ ညီၫြတ္တယ္"

လူေတြက ကားမစီးပဲ လမ္းေလွ်ာက္ ၾကသည္။ ကားစီးတဲ့ လူေတြကို ငတုံးေတြလို႔ ထင္သည္။ အဲ့ဒီမွာ တျခား႐ြာ သြားေနပီး ျပန္လာတဲ့ အဘြားႀကီး တေယာက္က ႐ြာသားေတြ ဒီလို အကန္းဘဝနဲ႔ ေနေနရတာကို မၾကည့္ရက္။ မ်က္စိ ျပန္ျမင္ေအာင္ လုပ္ေပးလိုက္သည္။

အဲ့ဒီအခါ မ်က္စိျပန္ျမင္လာတဲ့ လူေတြကို သူႀကီးက ေျပာသည္။ "ကဲ ၾကည့္စမ္း၊ မ်က္စိ ကန္းေနတုန္းက ေန႔ရယ္ ညရယ္ မခြဲဘူး သြားခ်င္သလိုသြား လာခ်င္သလိုလာ လို႔ရတယ္။ နင္လို႔ မ်က္စိ ျမင္ရမွပဲ ညဆို မသြားတတ္ေတာ့ဘူး။ ျမင္လာရေတာ့ ဘယ္သူက လွတယ္၊ ဘယ္သူက ႐ုပ္ဆိုးတယ္ ဆိုပီး တေယာက္နဲ႔ တေယာက္ မနာလိုမႈေတြ မ်ားလာတယ္။

အရင္ကဆို အကုန္တူတူပဲ။ ျမင္လာရေတာ့ အရွက္လုံေအာင္ အဝတ္ေတြ ဝတ္ရေတာ့မယ္။ ျပင္ရဆင္ရနဲ႔ အလုပ္ေတြ ရႈပ္ေတာ့မယ္။ ကန္းေနရင္ ဒါေတြ မလိုဘူး။ ဘယ္ေလာက္ အလုပ္ရႈပ္ သက္သာလဲ။ ငါက နင္တို႔ကို အေမ်ာ္အျမင္နဲ႔ ကန္းေအာင္ လုပ္ထားတာ"

သူေျပာတာကို လူေတြကလည္း "ဟာ ဟုတ္သားပဲ၊ သူေျပာတာ အက်ိဳးနဲ႔ အေၾကာင္းနဲ႔ မွန္ေနတာပဲ" ဆိုပီး ဝိုင္းေထာက္ခံၾကသည္။ လူေတြက အလုပ္ရႈပ္မွ မခံခ်င္ၾကတာ။ တရက္ တရက္ ဆန္ျပဳတ္ေလး ေသာက္ပီး ေအးရာေအးေၾကာင္းသာ ေနလိုၾကတယ္ေလ။ မ်က္စိ ျမင္ေနရရင္ သူႀကီးေျပာသလို အလုပ္ေတြ အင္မတန္ ရႈပ္ရဦးမည္ကိုး။

အဲ့ဒီေတာ့ အဘြားႀကီးက မေနႏိုင္။ မ်က္စိ ျမင္ျခင္းရဲ႕ အက်ိဳးေတြနဲ႔ ကန္းျခင္းရဲ႕ အျပစ္ေတြကို ရွင္းျပရွာသည္။ မ်က္စိကန္းေအာင္ လုပ္ထားတာ သူႀကီး ဆိုတာကို ေထာက္ျပသည္။ တခ်ိဳ႕လူေတြက သေဘာ ေပါက္သလိုလို ရွိေပမယ့္၊ တခ်ိဳ႕‌ေတြက နားမလည္။

တခ်ိန္လုံး မ်က္စိ ကန္းခဲ့ေတာ့ ျပန္ျမင္ရတာကိုပဲ အျပစ္ႀကီး တခုလို ထင္တဲ့သူက ထင္သည္။ သေဘာေပါက္တဲ့ လူေတြက မ်က္စိ ျမင္ရတဲ့ ဘဝ နဲ႔ ရွင္သန္ၾကည့္ခ်င္ ၾကသည္။ တခ်ိဳ႕က သူတို႔ကို မ်က္စိကန္းေအာင္ လုပ္ထားတာ သူႀကီးပါ ဆိုတာေတာင္ မယုံ။

ေနာက္ဆုံး အကန္းဘဝ ျပန္သြားမလား၊ မ်က္စိ ျမင္ရတဲ့ ဘဝနဲ႔ပဲ ေနမလား ေ႐ြးခ်ယ္ရမယ့္ အခ်ိန္ကို ေရာက္လာၿပီ။‌ ေ႐ြးခ်ယ္မႈ မွန္ခဲ့ရင္ေတာ့ ဒီတႀကိမ္နဲ႔ပဲ အလင္းေရာင္ကို တသက္လုံး ျမင္ႏိုင္ေအာင္ လုပ္ၾကရမွာ၊ ေ႐ြးခ်ယ္မႈ မွားသြားရင္ေတာ့ အဖြားႀကီးလည္း ေနာက္တေခါက္ ျပန္ျမင္ေအာင္ လုပ္ေပးႏိုင္ေတာ့မည္ မဟုတ္။ အသက္က ႀကီးေနပီေလ။

အဲ့ေတာ့ ႐ြာသားေတြေရ လိုက္မယ္ဆိုလည္း ေနာက္မက်ေစနဲ႔၊ မလိုက္လိုဘူး ဆိုလည္း အေမွာင္ထဲမွာသာ ေနခဲ့ၾကေတာ့။

Crd Mg Myoe Kyaw

Post a Comment

0 Comments