မောင်တထွာနှင့် ကံယုံမင်းသမီး

ရှေးရှေးတုန်းက တိုင်းပြည်တပြည်မှာ ဘုရင်ကြီးတပါးက မင်းကျင့်တရားနှင့် အညီ အေးချမ်းစွာ အုပ်စိုးနေလေသည်။ တနေ့မှာတော့ ဘုရင်ကြီးက သားတော် သမီးတော်များကို ခေါ်၍ ယခုကဲ့သို့ စည်းစိမ်ချမ်းသာ စံစားနေရသည်မှာ "ဘယ်သူ့ကြောင့်နည်း" ဟု မေးလေသည်။

သားတော် သမီးတော်များက "ဖခမည်းတော်၏ ဘုန်းတော်ကြောင့်ပါ" ဟု တညီတညွတ်တည်း ဖြေကြသည်။ သမီးတော် အငယ်ဆုံးကမူ "ကံကြောင့် ဖြစ်ပါသည်ဘုရား" ဟု ဖြေသည်။ ဘုရင်ကြီးလည်း အမျက်တော်ထွက်၍ "ကိုင်း သမီးတော်၊ ကိုယ့်ကံကြောင့် ဆိုလျှင် ယခု စည်းစိမ်စွန့်ခွာ၍ ထွက်သွားလေလော့" ဟု နှင်လိုက်၏။

သမီးတော်ကလေးလည်း အဝတ်တထည် ကိုယ်တခုဖြင့် နန်းတော်မှ ဆင်းခဲ့ပြီး မြို့တွင်းသို့ ဝင်လာခဲ့သည်။ မြို့အစွန်သို့ ရောက်သောအခါ ဆင်းရဲသော လုလင်တဦးကို တွေ့ရ၏။ ထိုလုလင်သည် တောမှ ထင်းများကို နံနက်ကတည်းက သွားခွေ၍ ညနေမှ ပြန်လာပြီး လှည့်လည်ရောင်းချရသည်။ ထိုရောင်းချရငွေဖြင့်သာ ဆန်၊ ဆီဝယ်၍ ချက်ပြုတ်စားရ၏။

ဆင်းရဲလွန်းလှ၍ အဝတ်ကို လုံခြုံစွာ မဝတ်နိုင်၊ တထွာမျှ အဝတ်ကိုသာ အရှက်လုံရုံ ဝတ်နိုင်သဖြင့် မောင်တထွာဟု အမည်ပေးထားကြသည်။ မောင်တထွာသည် မိအိုဖအိုများကို ရိုသေစွာ လုပ်ကျွေး ပြုစုနေသောသူ ဖြစ်၏။ မင်းသမီးလည်း "အိမ်သို့ လိုက်နေပါရစေ" ဟု မောင်တထွာအား တောင်းပန် ပြောဆိုလေသည်။

မောင်တထွာကလည်း "အသင် စဉ်းစားဦးလော့၊ ကျွန်ုပ်တို့ အိမ်မှာ ဆင်းရဲလှချေသည်။ သင်နှင့် ရွယ်တူ မိန်းမဖော်လည်း မရှိပါ" ဟုပြောဆို၏။ ထိုသို့ ပြောဆိုသော်လည်း မင်းသမီးကလေးက "အတူလိုက်နေပါရစေ" ဟုသာ ထပ်တလဲလဲ ပြောဆိုလှ၍ မင်းသမီးကို အိမ်သို့ ခေါ်လာခဲ့ရတော့၏။

မောင်တထွာသည် မင်းသမီးကလေးအား များစွာ ကြင်နာ၍ ဂရုပြု ယုယလေသည်။ မင်းသမီးကလေးကလည်း မောင်တထွာ တောသို့သွားသည့်အခါ မိန်းမတို့ လုပ်ငန်းများဖြစ်သော အမှိုက်သရိုက် လှည်းကျင်းခြင်း စသည့် သန့်ရှင်းရေး လုပ်ငန်းများကို လုပ်နေ၏။

မောင်တထွာသည် တောမှ ပြန်ရောက်သောအခါ "ရှင်မရေ ဟောဒီမှာ မင်းအပျင်းပြေ ကစားဖို့ လှပတဲ့ ကျောက်ခဲကလေးတွေ ယူလာခဲ့တယ်" ဟုပြော၏။ မင်းသမီးသည် မောင်တထွာ၏ လက်ထဲမှ ကျောက်ခဲများကို မြင်သောအခါများစွာ အံ့သြနေသည်။

"ဒီကျောက်တွေ အသင်ဘယ်က ရခဲ့ပါသလဲ" ဟု မေးမြန်းသည်တွင် မောင်တထွာက "ဒါမျိုးတွေ ပေါလိုက်တာကွာ၊ ငါထင်းခုတ်တဲ့ နေရာမှာ အများကြီးပဲ၊ ရှင်မ လိုချင်သေးရင် ထပ်ယူခဲ့ပါ့မယ်" ဟု မောင်တထွာက ပြန်ပြောလိုက်သည်။

မင်းသမီးကမူ နန်းတွင်းသူ ဖြစ်၍ မောင်တထွာယူခဲ့သော ကျောက်ခဲကလေးများမှာ အဖိုးထိုက်တန်လှသော ကျောက်မျက်ရတနာ များမှန်း သိလေသည်။ ထို့ကြောင့် မောင်တထွာအား ဤကျောက်များသည် အလွန် အဖိုးတန်လှသည်။ အခြားသူတွေ မတွေ့မီ များများ သယ်ယူရန် ပြော၏။

နောက်တနေ့တွင် မင်းသမီးကလေးပါ တောသို့ လိုက်၍ ကြည့်လေသည်။ ထိုနေ့တွင် ထင်းမခုတ်တော့ပဲ မောင်တထွာက တထမ်း၊ မင်းသမီးကလေးက တရွက် သယ်လာခဲ့ကြ၏။ အချို့ကို ထုခွဲ ရောင်းချလိုက်သဖြင့် မောင်တထွာနှင့် မင်းသမီးကလေးတို့ အတော် ကြွယ်ဝချမ်းသာ သွားကြသည်။

မင်းသမီးကလေးသည် ငွေအမြောက်အမြားကို တိုင်းသူပြည်သားများအား ချေးငှား၍ ဖခမည်းတော်ဘုရင်ကြီး နတ်ရွာစံမှသာ ပေးဆပ်ရန် ပြောကြားသည်။ ထို့ကြောင့် တိုင်းသူပြည်သားများမှာ ညစဉ်ညတိုင်း ဘုရင်ကြီး သက်တော်ရှည်ပါစေကြောင်း ဆုတောင်းကြကုန်၏။

တညတွင် ဘုရင်ကြီးသည် တိုင်းပြည်တွင်းသို့ စနည်းနာထွက်ရာ မိမိ အသက်ရှည်စေကြောင်း ဆုတောင်းသံများသာ ကြားနေရသဖြင့် မည်သို့ အကြောင်းရှိသနည်းဟု သိစေရန် ခေါ်မေးလေသည်။ ထိုအခါ ပြည်သူများက မင်းသမီးကလေးက ဖခမည်းတော် နတ်ရွာစံမှသာ ပေးဆပ်ပါ ဟုဆိုကာ ငွေများ ချေးထား၍ အသက်ရှည်ပါစေဟု ဆုတောင်းကြကြောင်း လျှောက်တင်ကြသည်။

ထိုအခါ ဘုရင်ကြီးလည်း မင်းသမီးကလေးအား သတိရတော်မူပြီး ခေါ်တော်မူ၍ "သမီးတော်ပြောသည်မှာ မှန်လှပေသည်။ သမီးတော်သည် အလွန်ဆင်းရဲသူနှင့် တွေ့ရငြားလည်း သမီးတော်၏ ကုသိုလ်ကံကြောင့် ချမ်းသာကြွယ်ဝစွာ နေရလေသည်" ဟု မိန့်မြွက်ပြီး သမက်နှင့် သမီးအား နန်းတွင်းအပါးတွင် ခေါ်ယူထားလေသည်။

နတ်ရွာစံခါနီးတွင် မောင်တထွာနှင့် မင်းသမီးကလေးအား ထီးနန်း လွှဲအပ်ပေးခဲ့၏။ ထိုမင်းသမီးလေးကိုလည်း ကံယုံမင်းသမီးဟု ခေါ်တွင်ကြတော့သည်။

CartoonBakery

Post a Comment

0 Comments