ငါးမရရင် ဘဲတကောင်ပေးမယ်

တခါတုန်းက မြို့နဲ့ မနီးမဝေးမှာ ငါးကန်လေး တခုဖွင့်ပါတယ်။အခကြေးငွေ ယူပြီး ငါးမျှား အပန်းဖြေတဲ့ နေရာပေါ့။ ဖွင့်ပွဲနေ့မှာ အထူးအစီအစဉ် အနေနဲ့ ငါးမျှားလို့ ငါးမရတဲ့ သူတွေကို ဘဲတကောင် လက်ဆောင်ပေးမှာ ဖြစ်ပါတယ်။

အဲဒါနဲ့ ဖွင့်ပွဲနေ့မှာပဲ ပျော်ပျော်ပါးပါး လာရောက် ငါးမျှားကြပါတယ်။ ငါးမရလည်း ဘဲယူ ပြန်ပေါ့။ ဒီလိုနဲ့ ငါးကန်ပိုင်ရှင်ရဲ့ ဘဲတွေလည်း အကုန်ပြောင်ပဲ။ မျှားတဲ့သူတွေက ငါးရဖို့ထက် ဘဲတကောင် ရဖို့ကို ပိုစိတ်ဝင်စား ကြလို့လား။ နောက်မှ သိလိုက်ရတယ်။

တကယ်တော့ ငါးကန်ပိုင်ရှင် သူဌေးဟာ အရင်က ဘဲမွေးမြူရေး လုပ်တာပါ။ အဲဒီနောက် ငါးမွေးမြူရေးကို ပြောင်းလုပ်ချင် ပေမယ့် ငါးမျိုး ဝယ်ထည့်ဖို့က အရင်းအနှီးမရှိ၊ ဘဲတွေကလည်း ရောင်းမထွက်တော့ ဒီနည်းကို သုံးလိုက်တာ။ တချက်ခုတ်ပြီး သုံးချက် ပြတ်သွားပါတယ်။ သူ့ ဘဲတွေလည်း ကုန်၊ ပိုက်ဆံလည်းရ ငါးမျှားတဲ့ သူလည်း ကျေနပ်ပေါ့။ ဒီလိုနဲ့ ငါးမွေးမြူရေးကို အောင်မြင်စွာ စတင်နိုင်ခဲ့တယ်။

နောက်တလလောက် ကြာတော့ နောက်ထပ် ပရိုမိုးရှင်း ထပ်လုပ်ပါတယ်။ မည်သူမဆို အခမဲ့ ငါးမျှားနိုင်ပါသည်။ ငါးမိရင်တော့ တကီလိုကို ၅ ဒေါ်လာ ပေးရမည်။ တသုတ်ပြီး တသုတ် လာလိုက်တဲ့ ငါးမျှား ဝါသနာရှင်တွေ။ ထူးဆန်းတာက မျှားတဲ့သူတိုင်း ငါးမိကြတာပါပဲ။

တကယ်တော့ ငါးကန်သူဌေးက ငါးတွေကို ပိုလျှံအောင် အများကြီး ထည့်ထားပြီး Demand ထက် supply ကို ပိုများအောင် လုပ်ထားတော့ ငါးမိနိုင်ခြေလည်း ပိုများတာပေါ့။ နောက်ပြီး ငါးမျှား ဝါသနာရှင်တိုင်းက ငါးမိရင် ပျော်တဲ့သူချည်းပဲလေ။ အဲဒီတော့ ဈေးမှာ တကီလိုကို ၃ ဒေါ်လာပဲ ပေးရပေမယ့် ကိုယ်တိုင်မိတဲ့ ငါးကို ဈေးပိုပေးပြီး ကျေနပ်စွာ ဝယ်ယူကြပါတယ်။

နောက်ရက် အနည်းငယ်ခန့် ကြတော့ ငါးတွေလည်း အရေအတွက် လျော့လာပြီ ငါးမျှားတဲ့ သူတွေလည်း နည်းလာပြီ ဆိုတော့ နောက်တမျိုးပြောင်းလိုက်တယ်။ မျှားလို့ရတဲ့ ငါးကို အခမဲ့ ယူနိုင်တယ်၊ ငါးမျှားချိန်ကို တနာရီ ၁၀ ဒေါ်လာ ဆိုပြီး သတ်မှတ်လိုက်တယ်။

လစဉ်ကြေး အနေနဲ့ မန်ဘာဝယ်မယ် ဆိုရင်တော့ တလကို ဒေါ်လာ ၅၀၀ ပေါ့။ ဝန်ဆောင်မှု အနေနဲ့ happy hour မှာ ဘီယာ ၂ ပုလင်းနဲ့ အာလူးကြော်တပွဲ အခမဲ့ ပေးမယ်။ နောက် အခြားသော ပျော်ရွှင်ဖွယ် အစီအစဉ် လေးတွေလည်း စီစဉ်ထားပါတယ်။

တံငါသည်ဝတ်စုံ ဝတ်ပြီး ရေသူမပုံ ဝတ်ဆင်ထားသော မော်ဒယ်ဂဲလ်လေးတွေနဲ့ ဓါတ်ပုံရိုက်တာတို့၊ ဖမ်းမိတဲ့ ငါးတွေကို ကိုယ်တိုင် ကင်စားတာတို့ ဘာတို့ပေါ့။ အဲဒီ ဝန်ဆောင်မှုတွေ အတွက်ကတော့ သီးခြား အခကြေးငွေ ပေးရပါတယ်။

ဒီလိုနဲ့ ငါးကန်လေးဟာ ပြန်လည် စည်ကားသိုက်မြိုက် လာခဲ့တယ်။ နှစ်ဝက် အတွင်းမှာ ငါးကန်ပိုင်ရှင်ဟာ အမြတ်ငွေတွေ အများကြီး ရပြီး နောက်ထပ် အစီအစဉ်တခုကို အကောင်အထည် ဖေါ်ပါတယ်။ သူငါးကန်မှာ လာပြီး အပန်းဖြေတဲ့ သူတွေ အားလုံးက လုပ်ငန်းရှင် ဘောစိတွေကြီးပဲ ဆိုတော့ network တခုကို ရထားပြီးပြီလေ။ အဲဒီတော့ ရှေ့လုပ်မယ့် လုပ်ငန်းအတွက် ရှယ်ယာ ခေါ်လိုက်ပါတယ်။

အင်းကြီး တခုလုံးကို နှစ်ရှည်ဌားမယ်၊ ပြီးရင် ဘန်ဂလိုလေးတွေ ဆောက်မယ်၊ ဟိုတယ်ပုံစံလေး လုပ်ပြီး နွေရာသီ အပန်းဖြေစခန်း တခုဖန်တီးမယ်။ အပန်းဖြေဖို့ အတွက် entertainment မျိုးစုံကို စီစဉ်မယ် ဆိုပြီး သူ့ရဲ့ ပလန်ကို ချပြပြီး ရှယ်ယာ ခေါ်လိုက်ပါတယ်။ နဂိုလုပ်ငန်းရဲ့အောင်မြင်တဲ့ အရှိန်အဝါနဲ့ လုပ်ငန်းရှင်တွေရဲ့ ယုံကြည်မှုကို ရထားပြီးသား ဆိုတော့ ခဏတွင်းပဲ ရှယ်ယာအကုန် ရောင်းထွက် သွားပါတယ်။

နောက်တနှစ်လောက် နေတော့ သူရဲ့ အပန်းဖြေ ရေပေါ်ဟိုတယ် စီမံကိန်းကြီး အောင်မြင်စွာ အကောင်အထည် ဖေါ်ခဲ့တယ်။ သတင်းမီဒီယာတွေက သူ့ရဲ့ အောင်မြင်မှု နည်းလမ်းကို အင်တာဗျူးတော့ ငါးကန်ပိုင်ရှင်လေးက ဒီလို ဖြေသွားပါတယ်။

"စီးပွါးရေး လုပ်ပြီဆိုရင် လူတွေရဲ့ အကြောင်းကို နားလည်ရမယ်။ လူတွေရဲ့ လိုအပ်ချက်ကို သိရမယ်။ လူတွေကို ပျော်အောင် လုပ်ပေးနိုင်ရင် ပိုက်ဆံရှာရတာ လွယ်သွားပါမယ်။ တနည်းအားဖြင့် human behavior ကို နားလည်အောင် လုပ်ပါ။ management လည်း အဲဒါပဲ"

ဖတ်မိသောပုံပြင်တပုဒ်ကို ဆီလျော်အောင် ဘာသာပြန်ထားခြင်းသာ ဖြစ်ပါသည်။

no pain no gain

Post a Comment

1 Comments

  1. ဘာသာပြန်တင်ပေးထားသူ သတ်ပုံလည်းမှန်။ ကွန်ဂရက်ကျူလေးရှင်း။

    ReplyDelete