ပြဿနာတွေကို လွှတ်ချလိုက်ပါ

တခါတုန်းက စာသင်ခန်း တခုထဲမှာ ပရော်ဖက်ဆာကြီး တယောက်ဟာ ရေထည့်ထားတဲ့ ဖန်ခွက်တခွက်ကို ကိုင်ထားပြီး ကျောင်းသားတွေရှေ့မှာ ရပ်နေခဲ့ပါတယ်။

သူက ရေဖန်ခွက်ကို အားလုံး မြင်အောင် မြှောက်ပြလိုက်ပြီး "ဒီဖန်ခွက် ဘယ်လောက်လေးမယ် ထင်လဲ" လို့ မေးလိုက်ပါတယ်။ ကျောင်းသားတွေ ကလည်း ၅၀ ဂရမ်၊ ၁၀၀ ဂရမ်၊ ၁၂၅ ဂရမ် အစရှိသဖြင့် အပြိုင်အဆိုင် ခန့်မှန်းပြီး ဖြေကြ ပါတယ်။

အဲဒီအချိန်မှာ ပရော်ဖက်ဆာကြီးက "ဆရာ မချိန်ရသေးပဲနဲ့ အလေးချိန် အတိအကျကိုတော့ ပြောနိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် အဓိက ဆရာပြောချင် တာက ဒီဖန်ခွက်ကို မိနစ် အနည်းငယ် ကြာအောင် ဆရာကိုင်ထားရင် ဘာဖြစ်မလဲ" လို့ မေးလိုက်ပါတယ်။

ကျောင်းသားတဦး က "ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး" လို့ ဖြေပါတယ်။ "အိုကေ ဒါဆိုရင် တနာရီ ကြာအောင် ကိုင်ထားရင်ရော ဘာဖြစ်မလဲ" လို့ ပရော်ဖက်ဆာကြီးက ဆက်မေးလိုက်ပါတယ်။

ကျောင်းသားထဲက တဦးက "ဆရာကြီး လက်ညောင်းပြီး ကိုက်လာပါလိမ့်မယ်" လို့ ဖြေပါတယ်။ အဲ့ဒီတော့မှ ဆရာကြီးက "မှန်ပါတယ်။ ဆရာ တနေ့လုံး ကိုင်ထားရင်ရော ဘာဖြစ်မယ် ထင်လဲ" လို့ ဆက်မေးပါတယ်။

"ဆရာကြီးလက်တွေ ထုံကျင်ပြီး အကြောသေ သွားနိုင်ပါတယ်။ ဆေးရုံကို သေချာပေါက် သွားရနိုင်ပါတယ်" လို့ ကျောင်းသားတဦးက ဖြေပါတယ်။ အဲ့ဒီအဖြေကို ကြားတော့ တခြား ကျောင်းသားတွေလည်း ပွဲကျသွားပြီး ထရယ်ကြပါတယ်။

ဆရာကြီးက "ကောင်းပြီ၊ ဒီတော့ အခု ဆရာပြောသွားတဲ့ အချက်တွေ ထဲမှာ ဖန်ခွက်ရဲ့ အလေးချိန် ပြောင်းလဲ သွားတာပါလား" လို့ မေးလိုက်ပါတယ်။ ကျောင်းသားတွေ အားလုံးကလည်း တညီတညွတ်ထဲ "မပြောင်းလဲပါဘူး ဆရာကြီး" လို့ ဝိုင်းပြီး ဖြေကြပါတယ်။

"ဒါဆိုရင် ဆရာ့ကို အဓိက နာကျင်စေတာက ဘာလဲ" လို့ မေးခွန်းထုတ်လိုက်ပါတယ်။ ကျောင်းသားတွေလည်း ရုတ်တရက် ကြောင်သွားပါတယ်။ ဆရာကြီးက မေးခွန်းကို လွယ်သွားအောင် "ဆရာ မနာချင်ရင် ဘာလုပ်ဖို့ လိုလဲ" လို့ ပြောင်းမေးလိုက် ပါတယ်။

ဒီတော့မှ ကျောင်းသားတွေက "ကိုင်ထားတဲ့ ဖန်ခွက်ကို ချလိုက်ရုံပါပဲ" လို့ ဖြေလာပါတယ်။ "မှန်လိုက်လေ" ဆိုပြီး ဆရာကြီးက နှစ်ထောင်းအားရ ပြောပါတယ်။

"ဘဝမှာရှိတဲ့ ပြဿနာတွေ ကလည်း တကယ်တော့ ဒီဖန်ခွက်လို ပါပဲ။ မိနစ် အနည်းငယ် ကြာအောင် ခေါင်းထဲ ထည့်ထားရင် အဆင်ပြေသေးတယ်။ ဒါပေမယ့် အချိန်အကြာကြီး ထည့်ထားရင်တော့ အဲ့ဒီ ပြဿနာတွေက ကိုယ့်ကို နာကျင်အောင် စ လုပ်ပါလိမ့်မယ်။ အချိန် အကြာကြီး ခေါင်းထဲမှာ ထည့်ထားလေ ပိုဆိုးလေပဲ။

အကြာကြီး ဖန်ခွက်ကို ကိုင်ထားရင် လက်အကြော ထုံသွားနိုင်သလို ပြဿနာတွေကို အကြာကြီး ခေါင်းထဲ ထည့်ထားရင် စဉ်းစားနိုင်စွမ်းတွေပါ ထုံသွား တတ်တယ်။ ပြဿနာတွေ၊ စိန်ခေါ်မှု တွေက နေ့စဉ်ဘဝမှာ ရှိနေမှာပဲ။

ဒါပေမယ့် မိုးချုပ်လို့ အိပ်စက်တဲ့ အချိန်ကျရင်တော့ အဲ့ဒါတွေကို ခေါင်းထဲကနေ ထုတ်ပစ်ဖို့ လိုတယ်။ ဒါမှ နောက်မနက် နိုးလာရင် စိတ်ဖိစီးမှု မရှိပဲ နိုးလာမှာပါ။

မနက်တိုင်း လန်းလန်းဆန်းဆန်းနဲ့ နိုးလာပြီး ဘဝရဲ့ ပြဿနာ အသစ်တွေ၊ စိန်ခေါ်မှု အသစ်တွေကို ကောင်းမွန်စွာ ကိုင်တွယ် ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်" လို့ ပရော်ဖက်ဆာကြီးက ကျောင်းသားတွေကို ရှင်းပြခဲ့ပါတယ်။

Crd Motion IMT

Post a Comment

0 Comments