မတူရင် မတုနဲ့

တခါတုန်းက ရာသီဥတု ကြည်လင် သာယာတဲ့ နေ့လေး တနေ့မှာ သိုးတအုပ်ဟာ စားကျက်မြေမှာ အစာစားရင်း၊ ဆော့ကစားရင်းနဲ့ အေးအေးလူလူ ရှိနေကြပါတယ်။ သိုးကျောင်းသား ကတော့ အနားမှာ ရှိတဲ့ ညောင်ပင်ရိပ်အောက်မှာ အနားယူ အိပ်စက် နေပါတယ်။

အဲ့ဒီအချိန်မှာပဲ သိန်းငှက်တကောင်ဟာ ကောင်းကင်ဆီကနေ တဟုန်ထိုး ဆင်းလာပြီး သိုးငယ်လေး တကောင်ကို မြဲမြံလှတဲ့ ခြေသည်းတွေနဲ့ အလစ်သုတ်ချီ ပြေးသွားတာ သိုးကလေးခမျာ အော်ချိန်တောင် မရလိုက် ပါဘူး။ အိပ်ပျော်နေတဲ့ သိုးကျောင်းသားက ဘာမှတောင် မသိလိုက် ပါဘူး။

ဒီအဖြစ်အပျက်ကို အစအဆုံး မြင်လိုက်ရတာက သစ်ပင်ကြီးပေါ်မှာ နားနေတဲ့ ကျီးကန်းပဲ ဖြစ်ပါတယ်။ ကျီးကန်းဟာ လျင်မြန် သွက်လက်လှတဲ့ သိန်းငှက်ရဲ့ သားကောင်ဖမ်းတဲ့ နည်းဗျူဟာကို အင်မတန်မှ အားကျ သွားပါတယ်။ သိန်းငှက်တောင် ဖမ်းနိုင်သေးရင် သူလည်း ဘာလို့မဖြစ်နိုင် ရမှာလဲလို့ တွေးလိုက်ပါတယ်။

ဒါနဲ့ သူလည်း သိန်းငှက်ရဲ့ နည်းလမ်းကို ကျင့်သုံးပြီး သိုးဖမ်းဖို့ ဆုံးဖြတ် လိုက်တယ်။ ချက်ချင်းပဲ ကျီးကန်းဟာ သိုးအုပ်ထဲက သူဖမ်းဖို့အကောင်ကို ရှာတော့ ကွေးနေတဲ့ ဦးချိုတွေရယ်၊ ထူထဲတဲ့ အမွှေးတွေရယ်နဲ့ ကြီးမားတဲ့ သိုးထီးကြီး တကောင်ကို ချက်ချင်းပဲ မျက်စိ ကျသွားတယ်။

ကျီးကန်းဟာ သိုးကြီးကို ကြည့်ပြီး စားချင်လွန်းလို့ သရေတောင် ကျလာပါတယ်။ အဲ့ဒီနောက်တော့ ကျီးကန်းဟာ သိုးထီးကြီးပေါ်ကို တိတ်ဆိတ် လျင်မြန်စွာ ထိုးဆင်း သွားတယ်။ ပြီးတော့ သိန်းငှက် လုပ်သွားတဲ့ ပုံစံ အတိုင်း သိုးရဲ့ အမွှေးကို ဆုပ်ကိုင်ဖမ်းဆီး လိုက်တယ်။

ဒီသိုးကြီးကို ငါ့အသိုက်ဆီ ချီသွားမယ် လို့ ကျီးကန်းက ရေရွတ်ရင်း အတောင်ပံတွေကို ဖြန့်ပြီး ပျံသန်းဖို့ အားယူလိုက် တော့တယ်။ ဒါပေမဲ့ မျှော်လင့်သလို ဖြစ်မလာခဲ့ပါဘူး။ သိုးထီးက ကြီးမား လှတာကြောင့် ကျီးကန်းရဲ့ အင်အားနဲ့ သယ်ယူဖို့ လေးလံ လွန်းလှပါတယ်။ ကျီးကန်းဟာ ထပ်ခါထပ်ခါ ကြိုးစားပေမဲ့ မအောင်မြင် ပါဘူး။

ကျောပေါ်မှာ ကျီးကန်း ရောက်နေမှန်း သိသွားတဲ့ သိုးထီးဟာ အလွန် စိတ်ဆိုးသွားတယ်။ "ငါ့ကိုယ်ပေါ်က အခုချက်ချင်းဖယ်စမ်း" လို့ အော်ပြီး ကျီးကန်းကို ခါချဖို့ သိုးထီးက ကြိုးစားတယ်။ အခြေအနေ မကောင်းမှန်း သိသွားတဲ့ ကျီးကန်းဟာ သိုးထီးကို ထားခဲ့ပြီး ပျံပြေးဖို့ ကြိုးစားလိုက်ပါတယ်။ ဒါပေမဲ့ သူ့ခြေသည်းတွေက သိုးထီးရဲ့ ထူထဲလှတဲ့ အမွှေးအမျှင်တွေ ကြားထဲမှာ ငြိနေပါပြီ။

ကျီးကန်းက အတောင်ပံ တွေကို ဖြန့်ပြီး အားသွန်ခွန်စိုက် ကြိုးစားလေ၊ ခြေသည်းတွေက သိုးမွှေးထဲ ပိုနစ်ဝင် သွားလေပါပဲ။ "ကယ်ကြပါဦး" လို့ ကျီးကန်းက ကြောက်လန့် တကြားနဲ့ အော်တယ်။ ဒေါသ ပိုထွက်လာတဲ့ သိုးထီးဟာ အော်ဟစ်ပြီး သစ်ပင်ကြီးကို ပတ်ပြေး ပါတော့တယ်။

ဆူညံနေတဲ့ အသံတွေကြောင့် သိုးကျောင်းသားကလည်း လန့်နိုးလာတယ်။ ပျံသန်းဖို့ ကြိုးစားနေတာ မအောင်မြင်ဘဲ အော်ဟစ်နေတဲ့ ကျီးကန်းနဲ့ ပတ်ပြေးနေတဲ့ သိုးထီးကို တွေ့တဲ့အခါမှာ သိုးကျောင်းသားက အခြေအနေကို သဘောပေါက် သွားပြီး ဟက်ဟက် ပက်ပက် ရယ်မောတော့တယ်။

ရယ်လို့ အားရတော့မှပဲ သိုးကျောင်းသားက သိုးထီးကို ရပ်တန့်ခိုင်း လိုက်တယ်။ ပြီးတော့ ကျီးကန်းကို လက်တဖက်ကကိုင်၊ တဖက်က ကတ်ကြေး ကိုင်ပြီး သိုးမွှေးနဲ့ ကျီးခြေသည်း ငြိနေတာကို သေချာ ညှပ်ပေးတယ်။ "ဟေး ကျီးကန်းလေး မင်းဘယ်လို လုပ်လိုက်တာလဲ" လို့ သိုးကျောင်းသားက ရယ်မောပြီး မေးတယ်။ ကျီးကန်းခမျာ ရှက်လွန်းလို့ မျက်နှာကို ဖွက်ထားတယ်။

အခုချိန်မှာ ကျီးကန်းရင်ထဲ အပြင်းပြဆုံး ဆန္ဒကတော့ သိုးကျောင်းသား လက်ထဲကနေ ထွက်ပြေးဖို့ ပါပဲ။ သိုးကျောင်းသား ကတော့ ရယ်ရင်းနဲ့ပဲ ကျီးကန်းကို လွှတ်ပေးလိုက် ပါတယ်။ မလွှတ်ခင်မှာ "မင်းလည်း သိန်းငှက်တွေလို ဖြစ်ချင်ရင် မင်းခန္ဓာကိုယ် အရွယ်အစားနဲ့ ကိုက်ညီတဲ့ တိရစ္ဆာန်ကိုသာ ချီသင့်တယ်ကွ" လို့ အကြံပေးလိုက် ပါသေးတယ်။

ကိုယ့်ဘဝ၊ ကိုယ့်အခြေအနေကို ထည့်မတွက်ဘဲ တခြားသူ လုပ်တိုင်း လိုက်လုပ်တာဟာ မိုက်ရူးရဲဆန်ရာ ကျပါလား ဆိုတာ သင်ခန်းစာ ရလိုက်တဲ့ ကျီးကန်းကတော့ ရှက်ရွံ့စွာနဲ့ အဝေးကြီးကို တရှိန်ထိုး ပျံသန်းသွား ပါတော့တယ်။

Gandawin

phoomyatchal

Post a Comment

0 Comments