သင့်ခွေးလေးက သင့်ကို မချစ်ကြောင်း၊ ကြည့်မရကြောင်း ဖော်ပြနေတဲ့ လက္ခဏာ (၇) ခု

ခွေးလေးတွေက သခင်အပေါ် သစ္စာရှိတဲ့ ကလေးလေးတွေပါပဲ။ ဒါပေမယ့် တချို့ ခွေးလေးတွေကတော့ သူတို့သခင်ကို သဘောမကျတာ၊ ကြည့်မရတာ၊ အမြင်ကတ်တာတွေ ဖြစ်တတ်ပါတယ်။ ခွေးလေးတွေက သူတို့သခင်ကို သဘောမကျရင် ပြတတ်တဲ့ လက္ခဏာတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ သင့်ကိုတွေ့ရင် အမြီးယမ်းမပြခြင်း

ခွေးတွေရဲ့ အမြီးက သူတို့ရဲ့ခံစားချက်တွေနဲ့ အများကြီး ဆက်စပ်နေတတ်ပါတယ်။ ပုံမှန်အားဖြင့် ခွေးလေးတွေက သူတို့သခင်ကို တွေ့ရင် အမြီးကို လှုပ်ယမ်းပြီး ကြိုဆိုတတ်ကြပါတယ်။ ခွေးလေးက သင့်ကို တွေ့ရင် အမြီးကို လှုပ်ရမ်းမနေဘူး ဆိုရင် သင့်ကို ကြောက်ရွံ့နေလို့ပါ။

၂။ သင်ပွတ်သပ်တဲ့အခါ ကိုက်ဖို့ ကြိုးစားခြင်း

သင့်ကိုချစ်တဲ့ခွေးလေးက သင်ပွတ်သပ်ပေးတာကို ကျေကျေနပ်နပ်ကြီး ခံယူနေမှာပါ။ သင့်ကို ကြည့်မရတဲ့ ခွေးကတော့ သင်အနား ရောက်လာတာနဲ့ မာန်ဖီတာ၊ ကိုက်တာတွေ လုပ်မှာပါ။ ခွေးက သင့်ကို သူ့ရဲ့ရန်သူတစ်ယောက်လို သဘောထားပြီး သူ့ကိုယ်သူ ကာကွယ်တဲ့သဘောပါ။

၃။ သင့်ကို မကြည့်ခြင်း

သခင်အပေါ် ချစ်ပြီး သစ္စာရှိတဲ့ခွေးလေးတွေက သခင်နဲ့ မျက်လုံးချင်း ဆက်သွယ်ပါတယ်။ မျက်လုံးချင်းဆက်သွယ်တာက တစ်နည်းအားဖြင့်ဆိုရင် ယုံကြည်မှုတည်ဆောက်တာပါပဲ။ ခွေးလေးက သင့်ကို တစိမ့်စိမ့်နဲ့ ကြည့်မနေဘူးဆိုရင် သင်နဲ့ ပတ်သက်ပြီး ခံစားချက်မရှိလို့ပါပဲ။

၄။ သင့်ကို ဟောင်ခြင်း

ခွေးက သင့်ကို ဟောင်တိုင်း ရန်လိုတဲ့ အပြုအမူတော့ မဟုတ်ပါဘူး။ သင်နဲ့ ကစားချင်တဲ့အခါ၊ သူ့ကို အာရုံစိုက်စေချင်တဲ့အခါ သင့်ကို ဟောင်တတ်ပါတယ်။ ဒါပေမယ့် ခွေးလေးက သင့်ကိုတွေ့တိုင်း သူစိမ်းတစ်ယောက်ကို ဟောင်သလို ဟောင်နေရင် ခွေးက သင့်ကို မချစ်လို့၊ မယုံကြည်လို့၊ ကြောက်လို့ပါပဲ။

၅။ သင့်နားကို မကပ်ခြင်း

ခွေးက သင့်နားကို မကပ်ဘဲ ခပ်ဝေးဝေးမှာနေရင် သင့်ကို ကြည့်မရ ဖြစ်နေလို့ပါ။ ခွေးလေးတွေကလည်း သူတို့ကို ချီးကျူးပေးတာကို သဘောကြပါတယ်။ ခွေးလေးနဲ့ အချိန်အတူတူ ကုန်ဆုံးပေးရင် သင်နဲ့ ပိုရင်းနှီးလာမှာပါ။

၆။ သင်ပြောတာတွေကို ဂရုမစိုက်ခြင်း

သင်က ခွေးကို ခိုင်းလိုက်ရင်၊ ပြောလိုက်ရင် ဂရုမစိုက်တာက သင့်ကို သူ့သခင်အဖြစ် မမှတ်ယူလို့ပါပဲ။ အဲဒီအခါ ခွေးလေးကို လေ့ကျင်ပေးတဲ့ပုံစံကို ပြောင်းလဲလိုက်သင့်ပါတယ်။ ခွေးလေးကို ကြင်ကြင်နာနာ ဆက်ဆံတာက ပိုထိရောက်ပါတယ်။

၇။ သင်နဲ့ကစားဖို့ ငြင်းဆန်ခြင်း

သင့်ကိုချစ်တဲ့ခွေးက သူနဲ့ကစားဖို့ မကြာခဏ လာသတိပေးနေမှာပါပဲ။ ခွေးလေးတွေက ကစားရတာကို အရမ်းသဘောကျ ကြပါတယ်။ သင်နဲ့ကစားဖို့ စိတ်မပါသလို ဖြစ်နေတာက သင့်အပေါ် သံယောဇဉ် မရှိလို့ပါ။

Zombie (lovemedia)

Post a Comment

0 Comments