သင့်ခွေးလေး ကျန်းမာစေဖို့ နှိပ်ပေးသင့်တဲ့ နေရာ (၈) ခု

နှိပ်နယ်ခြင်းဟာ တစ်နေ့တာရဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို လျှော့ချပေးနိုင်ပါတယ်။ နာကျင်မှုကို သက်သာစေနိုင်တဲ့အပြင် ကျန်းမာရေးကိုတောင် တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ နှိပ်နယ်ခြင်းဟာ လူသားတွေအတွက်သာ ကောင်းမွန်တယ်လို့ သင်ထင်ရင် ထင်နေနိုင်ပေမယ့် ခွေးလေးတွေ အတွက်လည်း အံ့ဩစရာတွေ လုပ်ဆောင်ပေးနိုင်တယ် ဆိုတာကိုသိရင် သင်အံ့သြမိပါလိမ့်မယ်။

ကောင်းမွန်တဲ့ နှိပ်နယ်ခြင်းက သင့်ခွေးရဲ့ အာရုံကြောစနစ်ကို တည်ငြိမ်စေပြီး သူတို့ရဲ့ကြွက်သားတွေကို နွေးထွေးစေပါတယ်။ ပြီးတော့လည်း တင်းမာနေတဲ့ကြွက်သားတွေနဲ့ အဆစ်အမြစ်တွေကိုတောင် သက်သာစေနိုင်ပါတယ်။ ဒါဆို ဘယ်နားတွေကို ဘယ်လိုနှိပ်ပေးရမလဲ ဆိုတာ love media နဲ့ တူတူကြည့်လိုက်ရအောင်။

၁။ ခေါင်း

ခွေးတစ်ကောင်ရဲ့ ဦးခေါင်းမှာ ကြွက်သားတွေ၊ ကိုယ်တွင်းအင်္ဂါတွေနှင့် များပြားလှတဲ့ သွေးကြောတွေ ပါဝင်ပါတယ်။ သေသေချာချာလေးသာ နှိပ်နယ်ပေးရင် သွေးလည်ပတ်မှု တိုးလာမှာပဲဖြစ်ပါတယ်။ ခွေးရဲ့ဦးခေါင်းမှာရှိတဲ့ ကြွက်သားတွေဟာ ခန္ဓာကိုယ်မှာရှိတဲ့ အခြားကြွက်သားတွေလိုပဲ တင်းမာမှုဒဏ် ခံစားတတ်ပါတယ်။

ဒါကြောင့် ဦးခေါင်းနှိပ်နယ်ပေးခြင်းဟာ စိတ်ဖိစီးမှုနှင့် ကြွက်သားတောင့်တင်းမှုကို သက်သာစေပါတယ်။ သင့်ခွေးကို ဦးခေါင်းနှိပ်နယ်ပေးဖို့အတွက် 10-15 မိနစ်သာကြာသင့်ပါတယ်။ နူးညံ့သိမ်မွေ့ပြီး ဦးခေါင်းရဲ့ ထိလွယ်ရှလွယ်နေရာတွေ ဖိအားများစွာထည့်ပြီး မနှိပ်ပါနှင့်။ မဟုတ်ရင် သင့်ခွေးမှာ အာရုံကြောရောဂါတွေ ဖြစ်လာနိုင်ပါတယ်။

၂။ နားရွက်များ

နားရွက်ကို ညင်သာစွာဆွဲထုတ်ပြီး သွေးလည်ပတ်မှု ကောင်းစေရန် နှိပ်နယ်ပေးပါ။ လေဝင်လေထွက်ကောင်းစေဖို့ နားပေါက်ကိုဖွင့်ပြီး နားရွက်တွေကို လိမ်ပေးပါ။ သင့်လက်ချောင်းတွေကို နားရွက်အောက်ကို ပွတ်ဆွဲခြင်းဖြင့် နှိပ်နယ်ခြင်းကို အပြီးသတ်ပါ။ ဂရုတစိုက်နဲ့ ခွေးနားရွက်ကို နှိပ်ပေးပြီး အလွန်အကျွံကြီး အားမထည့်သင့်ပါဘူး။

၃။ လည်ပင်း

သင့်ခွေးဟာ တစ်ခုခုကို ကြည့်ဖို့ ခေါင်းကိုလှည့်မယ့်အစား တစ်ကိုယ်လုံးကိုလှည့်ပြီး နောက်ကိုလှည့်ကြည့်နေတာကို သင်သတိထားမိတယ် ဆိုရင်တော့ သင့်ခွေးလေးဟာ လည်ပင်းတောင့်တင်းပြီး နာကျင်နေတယ်လို့ ဆိုလိုတာပဲ ဖြစ်ပါတယ်။ ခွေးတွေဟာ လည်ပင်းကို ကိုက်ခဲခြင်း ဒါမှမဟုတ် အလွယ်တကူ ဒဏ်ရာရတတ်ပါတယ်။ ပြင်းထန်တဲ့ဒဏ်ရာ ဆိုရင်တော့ တိရစ္ဆာန်ဆေးကုဆရာဝန်ဆီကို သွားရောက်ပြသခြင်းက ပိုကောင်းပါတယ်။

ထိခိုက်ဒဏ်ရာရခြင်း မရှိဘူးဆိုရင်တော့ ခွေးလည်ပင်းကို ပြေလျော့စေပြီး နာကျင်မှု ဒါမှမဟုတ် တောင့်တင်းမှုကို သက်သာစေဖို့ ဒီနှိပ်နယ်နည်းကို စမ်းကြည့်ပါ။ လည်ပင်းနာတာကြောင့် သင့်ခွေးက မသက်မသာဖြစ်နေတယ် ဆိုရင်တော့ သင့်ခွေးကို အနှိပ်ခံချိန်အတွင်း စိတ်တည်ငြိမ်အောင် ထားဖို့ လိုအပ်ပါတယ်။ ဒါကြောင့် သေချာဂရုတစိုက်နဲ့ ပွတ်သပ်ပေးပြီး နှိပ်နယ်ပေးဖို့ လိုအပ်ပါလိမ့်မယ်။

၄။ နောက်ကျော

ခွေးတွေဟာ တစ်ကောင်နဲ့တစ်ကောင် မတူညီနိုင်တာကြောင့် နှိပ်တဲ့နည်းတွေကလည်း ကွဲပြားပါတယ်။ ခွေးရဲ့နောက်ကျောကို သင့်ရဲ့လက်ဖဝါးနဲ့ နှိပ်နယ်ပေးခြင်းက သင့်ခွေးကို အကြောတွေပြေလျော့စေပြီး အရေပြားနှင့် ကြွက်သားများကို ဆန့်ထုတ်ဖို့ ကူညီပေးမှာပဲ ဖြစ်ပါတယ်။ ဒီလိုနှိပ်ပေးခြင်းက သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး ကျုံ့နေတဲ့ကြွက်သား နဂိုအနေထားအတိုင်း ပြန်ဖြစ်စေပါတယ်။

သင့်ခွေးကို နှိပ်ပေးနေတဲ့အချိန် ပြင်းပြင်းထန်ထန် ဖိမိရင်တော့ သင့်နားကနေ ထွက်ပြေးသွားနိုင်ပါတယ်။ ပြီးတော့လည်း ထကိုက်နိုင်တာကြောင့် သေချာလေး သိမ်သိမ်မွေ့မွေ့နှိပ်ပေးဖို့တော့ လိုအပ်ပါတယ်။

၅။ အစာအိမ်

အစားအသောက်မမှန်ခြင်း၊ အလွန်အကျွံစားခြင်း၊ ကပ်ပါးကောင်တွေနှင့် အခြား အကြောင်းရင်းတွေကြောင့် ခွေးတွေဟာ အစာခြေခြင်းဆိုင်ရာမှာ ပြဿနာတွေ ရှိတတ်ပါတယ်။ အူမကြီးကို လှုံ့ဆော်ပေးဖို့နှင့် အစာအိမ်ပြဿနာတွေကို ဖယ်ရှားဖို့ သင့်ခွေးရဲ့ဝမ်းဗိုက်ကို စက်ဝိုင်းပုံ၊ နာရီလက်တံ လှုပ်ရှားမှုတွေနဲ့ ညင်သာစွာ နှိပ်နယ်ပေးသင့်ပါတယ်။

၆။ ခြေထောက်

သင့်ခွေးက အသက်ငယ်တာပဲဖြစ်ဖြစ် ကြီးတာပဲဖြစ်ဖြစ် ကြွက်သားတွေ တင်းမာခြင်း၊ အဆစ်အမြစ်နာခြင်းနှင့် အဆစ်ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ ခြေထောက်ကို နှိပ်နယ်ပေးခြင်းက နာကျင်မှုကို သက်သာစေပြီး ပင်ပန်းနွမ်းနယ်မှုကို ပျောက်ကင်းစေပါတယ်။

၇။ ခြေသည်းတွေကို နှိပ်နယ်ပေးခြင်း

သင့်ခွေးကို ခြေသည်းနှိပ်နယ်ပေးခြင်းက လူရဲ့ခြေထောက် သို့မဟုတ် လက်ကိုနှိပ်ပေးခြင်းနှင့် ဆင်တူပါတယ်။ ဒီလိုနှိပ်ပေးတာက သင့်ခွေးရဲ့ အကြောတွေကို ပြေလျော့စေပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။ ပြီးတော့လည်း ခွေးရဲ့ ခြေသည်းတွေကို စစ်ဆေးပြီးသားလည်း ဖြစ်သွားပါတယ်။

၈။ ရင်ဘတ်

ဦးခေါင်းနှင့်လည်ပင်း ချိတ်ဆက်တဲ့နေရာမှာ parasympathetic ဆိုတဲ့ အာရုံကြောစနစ်တည်ရှိပါတယ်။ ဒါ့ကြောင့် ဒီနေရာကို နှိပ်နယ်ပေးခြင်းဟာ ခွေးအပေါ် သာယာတဲ့ အကျိုးသက်ရောက်မှု ရှိစေပါတယ်။ ရင်ဘတ်ကို နှိပ်ပေးခြင်းဟာ နှလုံးကျန်းမာရေးနှင့် သွေးဖိအားအတွက် အကျိုးပြုတဲ့ သွေးလည်ပတ်မှုစနစ်ကို အထောက်အကူ ဖြစ်စေပါတယ်။

သေချာကောင်းမွန်တဲ့နည်းနဲ့ နှိပ်ပေးခြင်းဟာ သင့်ခွေးရဲ့ စိုးရိမ်ပူပန်မှုကို လျှော့ချပေးနိုင်ပါတယ်။ ပြီးတော့လည်း အစာချေမှုကို မြှင့်တင်ပေးနိုင်ပါတယ်။ သူတို့ရဲ့ ခုခံအားစနစ်ကို အားကောင်းစေတဲ့အပြင် ကြွက်သားတင်းမာမှုကို သက်သာစေပြီး အဆစ်တွေ ပျော့ပျောင်းလာစေနိုင်ပါတယ်။ သင့်ခွေးကို တစ်နေ့ 10 မိနစ်လောက် နှိပ်နယ်ပေးပြီး သင့်ခွေးလေးက ဘယ်လိုတုံ့ပြန်မလဲ ဆိုတာ ကြည့်ကြည့်ပါ။

ရက်အနည်းငယ်ကြာ ပုံမှန်နှိပ်နယ်ပြီးတဲ့နောက်မှာ သင့်ခွေးဘယ်လို ပြောင်းလဲသွားတယ် ဆိုတာကို ကြည့်ပြီး မတူညီတဲ့အနှိပ်နည်း ပြောင်းလဲရမယ် ဆိုတာကို သင်သတိပြုမိပါလိမ့်မယ်။

Zombie (lovemedia)

Post a Comment

0 Comments