အဝတ်လျှော်စက်ထဲမှာ ထည့်မလျှော်သင့်တဲ့ အဝတ်အစား (၇) မျိုး

အဝတ်လျှော်တော့မယ်ဆိုရင် အဝတ်အစားတိုင်းကို အဝတ်လျှော်စက်ထဲထည့်ပြီး မလျှော်သင့်ပါဘူးနော်။ တချို့ အဝတ်အစားတွေကိုတော့ လက်နဲ့ ဖွဖွလေးပဲ လျှော်သင့်ပါတယ်။ အဝတ်အစားတချို့ကို အဝတ်လျှော်စက်ထဲ ထည့်လျှော်ရင် အဝတ်အစားပြဲသွားတာ၊ ပုံစံပျက်သွားတာ၊ ကြာရှည်မခံတာတွေ ဖြစ်စေတတ်လို့ပါ။

၁။ ရေမြှုပ်ခေါင်းအုံး

ရေမြှုပ်ခေါင်းအုံးကို အဝတ်လျှော်စက်ထဲ ထည့်လျှော်ရင် တစ်စစီ ပြဲသွားမှာပါ။ ရေမြှုပ်ခေါင်းအုံးတွေက ပုံမှန်ခေါင်းအုံးတွေလောက် သိပ်ပြီး မညစ်ပတ်လွယ်ပါဘူး။ ရေမြှုပ်ခေါင်းအုံးကို ဇလုံထဲမှာ နှစ်ထားပြီး လက်နဲ့ ညင်ညင်သာသာ လျှော်ပေးလို့ ရပါတယ်။

၂။ နူးညံ့တဲ့အထည်များ

သိုးမွေး၊ ကတ္တီပါ၊ ပိုးသားတွေလို နူးညံ့တဲ့အစတွေနဲ့ ချုပ်ထားတဲ့ အထည်တွေကို အဝတ်လျှော်စက်နဲ့ မလျှော်သင့်ပါဘူးနော်။ လျှော်လိုက်ရင် အင်္ကျီပုံစံတွေက ယိုရွဲပြီး ပျက်သွားပါတယ်။ ဆပ်ပြာအပျော့စားကိုသုံးပြီး လက်နဲ့ညင်ညင်သာသာပဲ လျှော်ပေးပါ။ လက်နဲ့ အရမ်းကြီး ညှစ်စရာလည်း မလိုပါဘူးနော်။ တချို့ကတ္တီပါအထည်တွေမှာ "အခြောက်လျှော်သီးသန့်"လို့ ရေးထားတတ်ပါတယ်။ အဲဒီအခါ လက်နဲ့တောင် မလျှော်သင့်ပါဘူး။

၃။ အလှဆင်ထားသော အထည်များ

ဘော်ကြယ်တွေ၊ ဇာတွေ၊ အလှပန်းတွေနဲ့ အလှဆင်ထားတဲ့ အင်္ကျီတွေကို အဝတ်လျှော်စက်မှာ မလျှော်မိဖို့ အရေးကြီးပါတယ်နော်။ ဇာထည်တွေဆိုရင် ပြဲသွားနိုင်သလို ကျောက်တွေ ကပ်ထားရင်လည်း ပြုတ်ထွက်ကုန်မှာပါ။ တချို့အထည်တွေမှာ အခြောက်လျှော်သီးသန့်ဆိုပြီး ရေးပေးထားပါတယ်။

၄။ ဘရာများ

အဝတ်လျှော်စက်ထဲ နောက်ထပ် မထည့်သင့်တဲ့ အဝတ်အစားတွေကတော့ ဘရာတွေပါပဲ။ ဘရာမှာပါတဲ့ cup က ပုံပျက်သွားနိုင်သလို ချိတ်တွေကလည်း တခြားအဝတ်အစားတွေကို ထိခိုက်စေနိုင်ပါတယ်။ အဲဒါကြောင့် လက်နဲ့ပဲ ညင်ညင်သာသာ လျှော်ပေးသင့်ပါတယ်။

၅။ ကုတ်၊ ဂျာကင်

ပုခုံးမှာ အခုအခံပါတဲ့ ကုတ်တွေ၊ ဂျာကင်တွေကိုလည်း အဝတ်လျှော်စက်မှာ ထည့်ပြီး မလျှော်သင့်ပါဘူးနော်။ လျှော်မိရင် တန်ဖိုးကြီးတဲ့ ကုတ်တွေ၊ ဂျာကင်တွေက ဝတ်တဲ့အခါ ပုံစံမကျ နိုင်တော့ပါဘူး။ အဲဒါကြောင့် အခြောက်လျှော်နည်းနဲ့ပဲ လျှော်သင့်ပါတယ်။

၆။ သားရေနဲ့ ချုပ်ထားသော အဝတ်အစားများ

သားရေက ရေနဲ့ထိလိုက်ရင် ကျုံ့သွားတတ်ပါတယ်။ ပြီးတော့ သားရေပေါ်မှာ အရေးအကြောင်းတွေလည်း ပေါ်လာမှာပါ။ အဝတ်စအစိုလေးနဲ့ သန့်ရှင်းရေး လုပ်နိုင်သလို သားရေထည်တွေအတွက် အထူးထုတ်လုပ်ထားတဲ့ ပစ္စည်းတွေနဲ့လည်း သန့်ရှင်းပေးနိုင်ပါတယ်။

၇။ အိမ်မွေးတိရစ္ဆာန် အမွေးတွေကပ်နေတဲ့ အဝတ်အစားများ

အင်္ကျီမှာ အိမ်မွေးတိရစ္ဆာန်တွေရဲ့ အမွေးတွေကပ်နေရင် ဖယ်ဖို့ မလွယ်ကူပါဘူး။ ဒါပေမယ့် အဲဒီလို အဝတ်အစားတွေကို အဝတ်လျှော်စက်မှာ လျှော်လိုက်ရင် တိရစ္ဆာန်အမွေးတွေက တခြားအဝတ်အစားတွေကို သွားကပ်နိုင်ပါတယ်။ ပြီးတော့ အဝတ်လျှော်စက်ရဲ့ drum မှာ ကပ်နေတာ၊ ရေပိုက်ပိတ်တာတွေလည်း ဖြစ်နိုင်ပါသေးတယ်။ အဲဒါကြောင့် မလျှော်ခင်မှာ တိရစ္ဆာန်အမွေးတွေကို ရာဘာလက်အိတ်နဲ့ အရင်ဆုံး ဖယ်ထားသင့်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments