သင့်ကလေးတွေ ခဏခဏရန်ဖြစ်ရတဲ့ အကြောင်းအရင်းနဲ့ ဖြေရှင်းနိုင်မယ့် နည်းလမ်း (၁၀) မျိုး

ကလေးများစွာရှိတဲ့ ပတ်ဝန်းကျင်အိမ်တွေကနေ ကျယ်လောင်တဲ့ အသံများ၊ ခြေစောင့်သံတွေ၊ ရန်ဖြစ်သံတွေနှင့် အော်ဟစ်သံများစွာကို သင်ကြားဖူးမှာပါ။ ညီအစ်ကို မောင်နှမတွေလိုပဲ သားသမီးတွေဟာလည်း အကြောင်းအမျိုးမျိုးကြောင့် ရန်ဖြစ်တတ်ကြပါတယ်။ သူတို့တွေဟာ ဆာလောင်ခြင်း၊ မောပန်းခြင်း ဒါမှမဟုတ် အချင်းချင်း မကျေနပ်ကြခြင်းတို့ကြောင့် ရန်ဖြစ်တတ်ကြပါတယ်။

ဒီလိုဖြစ်ရင်လည်း မိဘတွေက ဝင်ထိန်းပေးမှသာ ငြိမ်သွားတတ်ကြပါတယ်။ ဒီလိုရန်ဖြစ်နေချိန် မိဘတွေက ဝင်မတားပဲ လွှတ်ထားပေးမယ် ဆိုရင်တော့ ညီအစ်ကို မောင်နှမများ အချင်းချင်း ချစ်ခြင်းမေတ္တာနှင့် ဝေးကွာသွားမှာပဲ ဖြစ်ပါတယ်။

၁။ သူတို့ကို လွှတ်ထားပေးရမယ့်အချိန်နဲ့ ဝင်ဆွဲရမယ့် အခြေအနေကို ခွဲခြားထားပါ။

အကြမ်းဖက်မှု၊ အနိုင်ကျင့်မှုနှင့် အခြားရုပ်ပိုင်းဆိုင်ရာ ရန်စမှုတွေ ဖြစ်လာရင်တော့ လူကြီးမိဘတွေက ဝင်ခွဲပေးသင့်ပါတယ်။ ဒါပေမယ့် ငြင်းခုံမှုဟာ သိပ်မပြင်းထန်ပဲ ကလေးတွေက ဒါကို ဖြေရှင်းနိုင်ပုံ ပေါ်နေတယ်ဆိုရင် ဝင်ခွဲပေးဖို့ မလိုပါဘူး။

လေ့လာမှုတွေအရ ရန်ဖြစ်တာကို ဖြေရှင်းနိုင်တဲ့ ကလေးတွေဟာ အနာဂတ်မှာ ခံနိုင်ရည်ရှိတဲ့ လူကြီးတွေ ဖြစ်လာနိုင်တယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ ဒါကြောင့် သင့်ကလေးတွေ နောက်တစ်ကြိမ် ပြင်းပြင်းထန်ထန် ရန်ဖြစ်တဲ့အခါ ကိုယ်ထိလက်ရောက် ခြိမ်းခြောက်မှု ဒါမှမဟုတ် အနိုင်ကျင့်ခြင်းတွေ မဖြစ်သရွေ့ သူတို့ကို လွှတ်ထားပေးလိုက်ပါ။

၂။ စေ့စပ်ညှိနှိုင်းပေးပါ ဒါပေမယ့် ဘက်မလိုက်ပါနဲ့။

မိဘတွေဟာ သားသမီးတွေကို တန်းတူရည်တူ ချစ်ပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာ ကလေးတွေ ရန်ဖြစ်တဲ့အခါ တန်းတူဆက်ဆံမှု မပြနိုင်ကြပါဘူး။ သင်က အမှတ်မထင်ဘဲနဲ့ ကလေးတစ်ဦးဦးရဲ့ ဘက်ကနေ ရပ်တည်ပြီး ပြောလိုက်မိမယ် ဆိုရင် တစ်ဖက်ကလေးမှာ နာကြည်းမှုတွေ ရသွားနိုင်ပါတယ်။

ရန်ပွဲက အရမ်းဆိုးလာပြီး ဝင်ဖြေရှင်းတဲ့အခါ တစ်ဖက်နဲ့ တစ်ဖက် ဘက်မလိုက်သင့်ပါဘူး။ ကလေးတွေကို သူတို့ကြားထဲ ပြေပြေလည်လည်နဲ့ ရှင်းရှင်းလင်းလင်းပြောဖို့ အားပေးပါ။ ပြဿနာကို အသေး၊ အလတ် ဒါမှမဟုတ် အလွန်ကြီးအဖြစ် ခွဲခြားသတ်မှတ်လိုက်ပါ။ သင့်ကလေးငယ်တွေကို ပြဿနာအတွက် အဖြေရှာဖို့ တွန်းအားပေးပါ။ ပြီးတော့ သူတို့ကိုယ်တိုင် သဘောတူညီချက် တစ်ခုရရှိအောင် ကူညီပေးပါ။

၃။ သူတို့ရန်ဖြစ်ရတဲ့ အကြောင်းရင်းကို မှတ်ထားပါ။

ကလေးတွေဟာ လူကြီးတွေထက် ဒေါသထွက်ဖို့ ပိုမြန်ပေမယ့်လည်း ရန်ဖြစ်ရတဲ့ အကြောင်းအရင်းကို လွယ်လွယ်ကူကူနဲ့ မေ့သွားတတ်ကြပါတယ်။ ဘာအကျိုးမှ မရှိပဲ ရန်ဖြစ်နေမယ်ဆိုရင် သူတို့ဘာကြောင့်ဖြစ်လဲ ဆိုတာကို မှတ်သားထားပါ။

ကလေးတွေကို ခဏငြိမ်ခိုင်းပါ၊ အချင်းချင်း ရန်ဖြစ်ခြင်းကနေ ငြိမ်ဖို့ ပြောပါ။ ကလေးတွေ ငြိမ်သက်သွားပြီး သူတို့ရဲ့ ပေါက်ကွဲထွက်လာတဲ့ ခံစားချက်တွေကို မေ့သွားတဲ့အခါ ရန်ဖြစ်ရတဲ့ အကြောင်းအရင်းကို သေချာမေးပြီးတော့ နောက်တစ်ခါ ထပ်မဖြစ်အောင် ဆုံးမပါ။

၄။ ရန်ဖြစ်ရင် လေကောင်းလေသန့် ရှူခိုင်းပါ။

ပထမဆုံးအနေနဲ့ ရန်ဖြစ်ခြင်းတွေကို ရှောင်ရှားဖို့ အကောင်းဆုံး နည်းလမ်းကတော့ ကလေးတွေကို အပြင်ထွက်ခိုင်းပြီး လေ့ကျင့်ခန်းတွေ လုပ်ခိုင်းပါ။ ကလေးတွေဟာ အိမ်တွင်းမှာ အကြာကြီး နေလာရရင် စိတ်တွေက မွန်းကျပ်လာပါတယ်။

ရန်ဖြစ်လောက်မယ့် လက္ခဏာတွေကို တွေ့ရင် ပန်းခြံထဲမှာ ဘောလုံးကစား ခိုင်းတာပဲဖြစ်ဖြစ်၊ စက်ဘီးစီးတာပဲဖြစ်ဖြစ် လုပ်ခိုင်းပါ။ အချိန်ရရင် သူတို့နဲ့ပေါင်းပြီး တူတူဆော့ပါ။ လေကောင်းလေသန့်ရတာက စိတ်ကြည်စေတဲ့အပြင် သူတို့ကြိုက်တဲ့မုန့်လေးတွေ ကျွေးပြီးတော့လည်း အာရုံပြောင်းလဲ နိုင်ပါတယ်။

၅။ ကလေးတစ်ဦးချင်းစီနှင့် အချိန်ဖြုန်းပါ။

ကလေးတစ်ဦးချင်းစီဟာ နေနှင့်လလိုပဲ ကွဲပြားနိုင်ပါတယ်။ သင့်သားသမီးတွေကို တန်းတူရည်တူ မဆက်ဆံနိုင်ရင်တောင် မျှမျှတတဆက်ဆံဖို့ လိုအပ်ပါတယ်။ တစ်ယောက်က ရုပ်ရှင်ကြည့်ချင်ပြီး တစ်ယောက်က စာအုပ်ဖတ်ချင်တယ် ဆိုရင်တောင် အချိန်ခွဲပေးပါ။ အသက်အရွယ် အမျိုးမျိုးနှင့် ကျားမကွဲပြားနေတဲ့ ကလေးတစ်ဦးစီဟာ သင့်ကိုပြောပြချင်နေတဲ့ ပြဿနာအစုံ ရှိနိုင်ပါတယ်။ မိသားစုနှောင်ကြိုးကို ရင်းနှီးစေဖို့ သင့်ကလေးတွေ နှစ်သက်တဲ့အရာကို တူတူလုပ်ဆောင်ပေးပါ။

၆။ အားလုံးကို စည်းတစ်ခုထားပါ။

ရန်ဖြစ်ရင် ဘယ်သူက ဒီပြဿနာကို စတာလဲ ဆိုတာကိုမမေးပါနဲ့။ မောင်နှမတွေ ရန်ဖြစ်တဲ့အခါ အားလုံးကို အတူတူ ဆုံးမပါ။ အချိန်သက်သက်ပေးပြီး သူတို့ရဲ့ခံစားချက်တွေကို ချရေးခိုင်းပါ။ အိမ်အလုပ်တွေကို ရွေးချယ်ခိုင်းပါ။ ဘာပဲဖြစ်ဖြစ် သင်နဲ့ သင့်မိသားစုရဲ့ လှုပ်ရှားမှုတွေအတွက် အဆင်ပြေပါတယ်။

၇။ ပြဿနာတွေကြားထဲကနေ ပျော်ရွှင်စရာလေးတွေကို ဆွဲထုတ်ပါ။

ကလေးတွေဟာ အာရုံစူးစိုက်မှု ခံချင်တာကြောင့် မကြာခဏ ရန်ဖြစ်လေ့ရှိပါတယ်။ သင့်ကလေးတွေ အသေးအဖွဲကိစ္စတွေကို ငြင်းခုံနေတဲ့အခါ သူတို့ကို လျစ်လျူရှုထားလိုက်ပါ။ ဒါပေမယ့် သူတို့တွေပေါင်းပြီး ကောင်းတာတွေ လုပ်နေတဲ့အခါမှာတော့ ဝင်ပြီးကူညီပေးလိုက်ပါ။ ဒီလို ကူညီပေးလိုက်တာက ရန်ဖြစ်နေတာထက် သူတို့အချင်းချင်း တည့်နေတာက ပိုပျော်ဖို့ကောင်းတယ် ဆိုတာကို သဘောပေါက်လာစေပါတယ်။

၈။ သူတို့ဖြစ်ချင်တာတွေကို နားလည်အောင် ကြိုးစားပါ။

ကလေးတွေဟာ အသက်အရွယ် ကြီးပြင်းလာနဲ့အမျှ စိတ်တွေ၊ ဝါသနာတွေကလည်း ပြောင်းလဲလာတတ်ကြပါတယ်။ ။ ဒါကြောင့် ကလေး နှစ်ယောက်ပဲဖြစ်ဖြစ်၊ တစ်အိမ်သားလုံးပဲဖြစ်ဖြစ်၊ မွေးချင်းတွေရဲ့ လှုပ်ရှားမှုတွေက အမြဲပြောင်းလဲနေပြီး မိဘတွေအနေနဲ့လည်း စီးဆင်းမှုနဲ့အတူ လိုက်သွားရမှာ ဖြစ်ပါတယ်။ ကလေးတစ်ဦးစီမှာ အမြဲတမ်းပြောင်းလဲနေတဲ့ အကြိုက်တွေနှင့် မကြိုက်တဲ့ ဟော်မုန်းတွေ ရှိနေတာကြောင့် သူတို့တွေက အမြဲတမ်း ပြောင်းလဲနေမှာပါ။ မိဘတွေအနေနဲ့ အားဖြည့်ပေးပြီး ရေရှည်ခိုင်မာတဲ့ ဆက်ဆံရေးတစ်ခုရဲ့ အခြေခံကို ပံ့ပိုးပေးသင့်ပါတယ်။

၉။ တည်တည်ငြိမ်ငြိမ် ဖြေရှင်းပါ။

ဘယ်လို အခြေအနေမျိုးမှာပဲဖြစ်ဖြစ်၊ သင့်ရဲ့သားသမီးတွေ ဘာတွေလုပ်ခဲ့လုပ်ခဲ့၊ ဖျက်ဆီးလိုက်တာပဲဖြစ်ဖြစ် ဒါမှမဟုတ် ပျက်စီးသွားတာပဲဖြစ်ဖြစ် သင်ဝင်လာပြီး အော်ငေါက်လိုက်ရုံနဲ့ မပြီးသွားပါဘူး။ သင်ချက်ချင်း ဝင်ရောက်ပြီး ဖြေရှင်းပေးဖို့အတွက် သင်မဝင်မီ ခေတ္တရပ်ပြီး ၁၀ စက္ကန့် အထိရေတွက်ပါ။

ကိစ္စတွေ ပိုမကြီးထွားလာစေဖို့ ကလေးတွေကို စိတ်တည်ငြိမ်အောင် မကြိုးစားခင် သင့်ကိုယ်ပိုင် ခံစားချက်တွေကို အရင်တည်ငြိမ်အောင် ကြိုးစားပါ။ သူတို့ဟာ ကလေးငယ်တွေဖြစ်ပြီး သင်က အရွယ်ရောက်ပြီးတဲ့သူ ဖြစ်တာကြောင့် အားလုံးကို ခေါင်းအေးအေးထားပြီး ဖြေရှင်းပါ။

၁၀။ ကလေးအချင်းချင်း ရန်ဖြစ်ရတဲ့ အဓိကအကြောင်းအရင်းများ

မိဘတွေက ကလေးတွေကို ကျား၊ မခွဲခြားပြီး ဆက်ဆံတဲ့အခါ ကလေးတွေရဲ့စိတ်ထဲမှာ မကျေမနပ် ဖြစ်လာတတ်ပါတယ်။ နောက်တစ်ချက်ကတော့ ကလေးတွေက ကြီးပြင်းလာတာနဲ့အမျှ ဟော်မုန်းကလည်း အပြောင်းအလဲတွေ ဖြစ်လာပါတယ်။ အဲဒီအခါ သူတို့ရဲ့ စိတ်ကို မထိန်းချုပ်နိုင်ဘဲ ရန်ဖြစ်တတ်ကြပါတယ်။ တစ်ခါတရံမှာ မိဘဆီကနေ ဂရုစိုက်ခံ၊ အာရုံစိုက်ခံချင်တာကြောင့် ကလေးအချင်းချင်း ပြဿနာ တက်ကြပါတယ်။

အဲဒါကြောင့် ကလေးတစ်ယောက်ချင်းစီရဲ့ ပင်ကိုယ်စိတ်နေသဘောထားကို သိထားဖို့ကလည်း အရေးပါပါတယ်။ ကလေးတွေက သင် ပြဿနာကို ဘယ်လိုဖြေရှင်းလဲ ဆိုတာ အတုယူတတ်ကြပါတယ်။ အဲဒါကြောင့် ကလေးအချင်းချင်း ရန်ဖြစ်တဲ့အခါ မိဘတွေက ဘက်မလိုက်ဘဲ တည်တည်ငြိမ်ငြိမ် ဖြေရှင်းပေးဖို့က အရေးကြီးတဲ့ အချက်ပါပဲ။

Zombie (lovemedia)

Post a Comment

0 Comments