သင့်ကလေးကို လုံခြုံစိတ်ချရစေမယ့် နည်းလမ်း (၈) ခု

ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရတာ လွယ်ကူတဲ့အလုပ်တော့ မဟုတ်ပါဘူးနော်။ ကလေးက သူကိုယ်တိုင်ကြောင့်လည်း နာကျင်ထိခိုက်နိုင်သလို ပတ်ဝန်းကျင်ကြောင့်လည်း နာကျင်ထိခိုက်နိုင်ပါတယ်။ ကျွမ်းကျင်သူတွေက သင့်ကလေးအတွက် လုံခြုံစိတ်ချရစေမယ့် နည်းလမ်းလေးတွေကို အကြံပြုပေးထားပါတယ်။

၁။ လူများတဲ့နေရာတွေ မသွားခင်မှာ အရင်ဆုံး သင့်ကလေးကို ဓါတ်ပုံရိုက်ပါ။

လူများတဲ့ပန်းခြံ၊ ပွဲတွေကို သွားတဲ့အခါ ကလေးတွေကို ခေါ်သွားရင် ကလေးတွေ လမ်းပျောက်တတ်ပါတယ်။ ဘယ်သူမှ ကလေးမပျောက်ချင်ပေမယ့် သတိထားနိုင်တာတော့ အကောင်းဆုံးပါပဲ။ အဲဒါကြောင့် လူများတဲ့နေရာတွေကို သွားခါနီးမှာ ကလေးကို ဓါတ်ပုံရိုက်ထားပါ။ မတော်တဆ ကလေးပျောက်သွားရင် ကလေးက ဘယ်လိုပုံစံ ဝတ်ထားတယ်၊ ဘာအင်္ကျီဝတ်ထားတယ် ဆိုတာ ကိုယ့်ဆီမှာ ဓါတ်ပုံရှိတာကြောင့် တာဝန်ရှိသူတွေက လွယ်လွယ်ကူကူ ရှာဖွေပေးနိုင်မှာပါ။

၂။ သင့်ကလေးက အစေ့အဆံတွေကို ပထမဆုံးအကြိမ်စားရင် နည်းနည်းပဲ ကျွေးပါ။

ကလေးတချို့က အစေ့အဆံတွေနဲ့ ဓါတ်မတည့်တတ်ပါဘူး။ အဲဒါကြောင့် ကလေးတွေကို အစေ့အဆံတွေ ကျွေးမယ်ဆိုရင် နည်းနည်းလောက်ပဲ စမ်းကျွေးကြည့်ပါ။ ကျွေးပြီးတဲ့အခါ ကလေးရဲ့ တုံ့ပြန်မှုကိုလည်း သတိထားစောင့်ကြည့် သင့်ပါတယ်။

၃။ စက်ဘီးစီးဦးထုပ် ဆောင်းတဲ့အခါ ချီးကျူးပေးပါ။

ကလေးတွေက သူတို့ကို ချီးကျူးတာကို အရမ်းသဘောကျပါတယ်။ ချီးကျူးတာကလည်း ကလေးတွေအတွက် မဖြစ်မနေလိုအပ်ပါတယ်။ ကလေးတွေ စက်ဘီးစီးတဲ့အခါ စိတ်ချရအောင် အမြဲတမ်း စက်ဘီးစီးဦးထုပ်ကို ဆောင်းခိုင်းပါ။ စက်ဘီးစီးဦးထုပ် ဆောင်းပြီးရင်လည်း သူတို့နဲ့ဘယ်လောက် လိုက်ဖက်ကြောင်း၊ ဘယ်လောက်လှကြောင်း ချီးကျူးပေးပါ။ အဲဒီအခါ ကလေးတွေ ကြီးသွားတဲ့အခါမှာလည်း ကြိုတင်ကာကွယ်တတ်တဲ့အကျင့်၊ ပြင်ဆင်တတ်တဲ့အကျင့်ကို ရသွားစေပါတယ်။

၄။ ဗီရိုအံဆွဲတွေ တံခါးတွေလက်ကိုင်တွေကို ခေါင်းစည်းကြိုးနဲ့ စည်းထားပါ။

ကလေးတွေက အရမ်းစူးစမ်းတတ်တာကြောင့် အံဆွဲတွေ၊ တံခါးတွေကို လိုက်ဖွင့်ကြည့်တတ်ပါတယ်။ အဲဒီအခါ လက်ညှပ်တာ၊ ပစ္စည်းတွေ ပြုတ်ကျတာတွေ ကြုံရနိုင်ပါတယ်။ အဲဒါကို ဖြေရှင်းဖို့ ခေါင်းစည်းကြိုးတစ်ကွင်းပဲ လိုအပ်ပါတယ်။ ဗီရိုအံဆွဲတွေ၊ တံခါးလက်ကိုင်တွေကို ခေါင်းစည်းကြိုးနဲ့ ချည်ထားလိုက်ပါ။

၅။ သူတို့ဆော့ကစားတဲ့နေရာကို သူတို့စိတ်ကြိုက် ထိန်းချုပ်နိုင်တယ်လို့ ခံစားရအောင် ပြုလုပ်ပေးပါ။

ဘယ်သူကမှ ထိန်းချုပ်ခံရတာကို မကြိုက်ကြပါဘူး။ ကလေးကို သင်မြင်ရတဲ့နေရာမှာပဲ ဆော့လို့ပြောလိုက်ရင် ကလေးရဲ့စိတ်ထဲမှာ သူ့ကို ကန့်သတ်နေတယ်၊ ထိန်းချုပ်နေတယ်ဆိုပြီး ခံစားသွားရတတ်ပါတယ်။ အဲဒါကြောင့် "အမေ မြင်နိုင်တဲ့နေရာမှာပဲ သားဆော့နော်" လို့ပြောမယ့်အစား "သား အမေ့ကို လှမ်းကြည့်လို့ရမယ့် နေရာမှာ ကစားနော်"လို့ပြောတာက သူတို့ကို ထိန်းချုပ်တဲ့သဘော မသက်ရောက်စေတော့ပါဘူး။ သူတို့ကစားမယ့်နေရာကို သူတို့ကိုယ်တိုင် ထိန်းချုပ်နိုင်သွားပါတယ်။

၆။ အရေးပေါ် အခြေအနေတွေမှာ ဘယ်လိုပြုမူရမလဲ ဆိုတာ သင်ကြားပေးပါ။

ကလေးတွေကို မီးမဆော့ရဘူးလို့ မှာထားသင့်ပါတယ်။ ဒါပေမယ့် ကလေးရောက်နေတဲ့နေရာမှာ မီးလောင်နေရင် အဲဒီစကားက မကာကွယ်နိုင်ပါဘူး။ အဲဒါကြောင့် ကလေးရောက်နေတဲ့နေရာမှာ မီးလောင်ခဲ့ရင် လုံခြုံစိတ်ချရစေမယ့် နည်းလမ်းလေးတွေကို ကလေးတွေကို သင်ကြားထားပေးသင့်ပါတယ်။

၇။ ထိုင်ခုံခါးပတ်ကို လျော့မနေအောင် အမြဲစစ်ဆေးပေးပါ။

ကလေးရဲ့ ထိုင်ခုံခါးပတ်က မလျော့နေဖို့ကလည်း အရေးကြီးပါတယ်။ နောက်ပြီး အရမ်းကြီး မတင်းကျပ်နေဖို့လည်း ဂရုစိုက်ဖို့လိုပါတယ်။

၈။ လမ်းပျောက်တဲ့အခါ အကူအညီတောင်းတတ်ဖို့ သင်ကြားထားပေးသင့်ပါတယ်။

သင့်ကလေးလမ်းပျောက်ရင် ကလေးလက်တွန်းလှည်းနဲ့ အမျိုးသမီးကို အကူအညီတောင်းတတ်အောင် သင်ကကြားထားပေးပါ။ ကလေးလက်တွန်းလှည်းကိုင်ထားတဲ့ အမျိူးသမီးတွေက အများကြားမှာ ရှာဖွေရလွယ်လို့ပါ။ ကလေးရှိတဲ့ အမျိုးသမီးကလည်း သင့်ကလေးကို ပိုပြီးဂရုစိုက်ပေးနိုင်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments