ပြောင်းလဲပစ်လိုက်ပါ

ရှေးရှေးတုန်းက ဘုရင်တပါးဟာ သူ့ရဲ့ တိုင်းပြည်ကို မင်းကျင့်တရားနဲ့ အညီ အုပ်ချုပ်နေ ပါတယ်။ တခါမှာတော့ သူ့တိုင်းပြည်ကို လေ့လာကြည့်ရှုဖို့ရာ ခြေလျင်ဖြင့်ပဲ လှည်ပတ် သွားဖို့ ဆုံးဖြတ်လိုက် ပါတယ်။

သူ့တိုင်းပြည်ရဲ့ ဝေးလံ ခေါင်းဖျားတဲ့ နေရာတွေနဲ့ သွားလာရ ခက်ခဲတဲ့နေရာတွေကို သူကိုယ်တိုင် လေ့လာချင်တဲ့ အတွက် တခြားသော အချွေအရံတွေကို မခေါ်ဘဲ တယောက်တည်း နန်းတော်ကနေ ထွက်ခွာလာခဲ့ပါတယ်။

ရက်သတ္တပတ် ကြာပြီးတဲ့ အခါမှာတော့ ဘုရင်ဟာ နန်းတော်ကို ပြန်ရောက်လာ ခဲ့ပါတယ်။ အဲဒီအခါမှာ သူ့ရဲ့ မှုးမတ်တွေကို ဆင့်ခေါ်ပြီး သူကြုံခဲ့ရတာ တွေကို ဆွေး‌‌နွေး ပါတော့တယ်။

"တိုင်းပြည်ရဲ့ အချို့သော နေရာတွေမှာ လမ်းပန်း သွားလာရေး အင်မတန် ခက်ခဲနေတာကိုတွေ့ခဲ့ရ ပါတယ်။ အဲဒီ အတွက် တိုင်းသူပြည်သားတွေဟာ အင်မတန် ပင်ပန်း ခက်ခဲစွာ သွားလာ နေရတာကို စိတ်မကောင်းစွာ သိခဲ့ရပါတယ်" ဆိုပြီး ဘုရင်ဟာ သူ့ရဲ့ မှုးမတ်တွေကို ပြောပါတယ်။

လမ်းတွေက ကြမ်းတမ်း လွန်းလို့ ဘုရင်ဟာ သူ့ရဲ့ ခြေထောက် မှာတောင်မှ အနာတရတွေ ဖြစ်လာခဲ့တဲ့ အကြောင်း မှုးမတ်တွေကို ပြောပြပြီး သူ သွားလေ့လာခဲ့တဲ့ နေရာအချို့ရဲ့ လမ်းတွေကို အကောင်းစား သားရေတွေနဲ့ ခင်းပေးဖို့ မှုးမတ်တွေကို အမိန့်ပေး လိုက်ပါတယ်။

အဲဒီအခါမှာ ပညာရှိ အမတ်တွေက ဘုရင်ကို အကြံပေး ကြပါတယ်။ "အရှင်မင်းကြီး တိုင်းပြည် အသီးသီးက မြို့နယ်တိုင်း အတွက် အကောင်းစား သား‌‌ရေတွေနဲ့ ခင်းကျင်းပေးဖို့ ဆိုတာက ငွေကုန်ကြေးကျ များသလို၊ အခြားသော တိရိစ္ဆန်တွေ သွားလာတဲ့ အခါမှာလည်း သား‌ရေတွေဟာ အလကား ပျက်စီးကုန် မှာပါပဲ။ အဲဒါကြောင့် ငွေကုန်ကြေးကျ ခံပြီး အလကား ဖြစ်သွားနိုင် ပါတယ်" ဆိုပြီး ပြောကြပါတယ်။

ဘုရင့်ရဲ့ ပညာရှိ အမတ်ဟာ ဆိုရင် "အရှင်မင်းကြီးသာ ခွင့်ပြုမယ် ဆိုရင် ကျွန်တော်မျိုးမှာ အကြံတခု ရှိပါတယ်" ဆိုပြီး ခွင့်တောင်း ပါတယ်။ ဘုရင်ကလည်း ပညာရှိရဲ့ အကြံကို ကြားတဲ့အခါ သဘောကျလျက် ခွင့်ပြုလိုက် ပါတယ်။ အဲဒီ အကြံကတော့ တိုင်းပြည်မှာ ရှိသမျှ ပြည်သူ အားလုံးကို ဖိနပ်တရံစီ ပြုလုပ်ပေးပြီး ဖိနပ် စီးခိုင်းလိုက်ဖို့ ပါပဲ။

ဒီအကြောင်းအရာလေး ကနေ ပေးချင်တဲ့ အသိလေးက တခါတလေ ကျွန်တော်တို့ ဘဝမှာ မထင်မှတ်ထားတဲ့ အရာလေးတွေ ရှိပါတယ်။ အရမ်း ခက်ခဲတယ်လို့ ထင်ပေမယ့် အဲဒီအရာဟာ ကိုယ်တိုင် ပြုပြင် ပြောင်းလဲလိုက်ရင် ဘာမှမဟုတ်တဲ့ အရာလေးတွေ ဖြစ်သွားတာ မျိုးပေါ့။

တခါတလေကျရင် ကျွန်တော်တို့တွေဟာ အခြားသူတွေကို ပြောင်းလဲဖို့ မျှော်လင့်တတ် ကြပါတယ်။ ပုံပြင်ထဲက ဘုရင်လို ခြေထောက် နာမှာစိုးလို့ တပြည်လုံးကို လမ်းခင်းပေးရမယ့် အစား ကိုယ်တိုင် ဖိနပ် စီးလိုက်တော့ ခြေထောက်အနာ မသက်သာ သွားဘူးလား။


အဲဒီလိုပါပဲ။ ဘဝမှာ မပြုပြင်နိုင်တဲ့ အရာတွေ အများကြီး ကြုံရပါလိမ့်မယ်။ ဘဝရဲ့ အခြေအနေ၊ မိဘ၊ အသိုင်းအဝိုင်း စသဖြင့်ပေါ့။ သူတို့ကိုမပြောင်းလဲနိုင်ဘူး ဆိုရင် သူတို့ဆီကနေ သင်ခန်းစာ ယူပြီး ကိုယ်ကိုယ်ကိုသာ ပြောင်းလဲပစ်လိုက်ပါ။

BAWA

Post a Comment

0 Comments