ရှေးအခါက ဗာရာဏသီပြည်မှာ တိုင်းပြည် အသီးသီမှ မင်းညီမင်းသား ငါးရာကို ပညာသင်ကြားပေးတဲ့ နာမည်ကျော် ဆရာကြီးတယောက်ရှိသည်။ ဆရာကြီးကလည်း တပည့်အပေါင်းတို့ တတ်သင့် တတ်အပ်သော ပညာရပ်များကို သင်ကြားပေးလျှက် ရှိ၏။
ထိုဆရာကြီးမှာ အရွယ်ရောက်ပြီ ဖြစ်သော အင်မတန်မှ ချောမောလှပတဲ့ သမီးတယောက်လည်း ရှိသည်။ ဆရာကြီး၏ သမီး ရုပ်ရည်ချောမောလှပသောကြောင့် မင်းညီမင်းသား အပေါင်းတို့ကလည်း ချစ်ခင်စုံမက် ကြသည်။
ဆရာကြီးသည် အရွယ်ရောက်လာပြီ ဖြစ်တဲ့ သမီးလေး၏ နောင်ရေးအတွက် ရှေးရှု၍ တပည့်များအတွင်းမှ သီလ သမာဓိနှင့် ပြည့်စုံသောသူ တယောက်ကို သမီးတော်နှင့် လတ်ဆတ်ပေးရန် ကြံရွယ်လိုက် ပါတော့သည်။
တနေ့တွင် ဆရာကြီးသည် တပည့်အားလုံးကို ခေါ်၍ "အမောင်တို့၊ ငါ့သမီးသည် အရွယ်သို့ ရောက်လတ်ပြီ၊ ထိမ်းမြားလက်ထပ်ခြင်းကို ပြုမည်။ သို့အတွက် အဝတ်တန်ဆာ ရှာရန် သွားကြကုန်။ မိဘဆွေမျိုးဉာတိတို့ မသိအောင် ခိုးယူခဲ့ကြကုန်" ဟု စေခိုင်းလိုက်လေသည်။
ထိုစကား ကြားသောအခါ တပည့်အပေါင်းတို့သည် မိမိတို့ ရပ်ရွာသို့ အရောက်ပြန်ကြ၍ ဆရာကြီး အမှာရှိသည့် အတိုင်း မိဘဆွေမျိုးများ မသိအောင် အသီးသီး ရွှေငွေ ရတနာ အမြောက်အများကို ခိုးယူခဲ့ကြ၏။ ထို့သို့ ခိုးယူခဲ့ပြီး နောက်မှာတော့ ဆရာကြီးရှိရာ ဗာရာဏသီပြည်သို့ အပြေး ပြန်လာခဲ့ကြ လေသည်။
ထိုအခါ ဆရာကြီးက မိဘဆွေမျိုးများဆီက မသိအောင် ခိုးယူခိုင်းလာသော ရတနာပစ္စည်းများကို တပည့်တယောက်ချင်းစီမှ တောင်းယူကြည့်ရှု့၍ မှတ်သားထားခဲ့သည်။ တပည့်အားလုံးပြီးလို့ နောက်ဆုံးတယောက် အရောက်မှာတော့ မည်သည့် ရတနာပစ္စည်းမှ ယူဆောင်လာခြင်း မရှိသော တပည့်ကို တွေ့ရှိရလေသည်။
ဆရာကြီးက "အမောင်လုလင်၊ အမောင်က ငါ၏ အင်မတန် ချောမောလှပသည့် သမီးတော်ကို စိတ်ဝင်စားမှု မရှိသလော" ဟု မေးမြန်းလေသည်။
ထိုအခါ လုလင်က "ဆရာကြီး၏ သမီးလေးကို အင်မတန်မှ ချစ်မြတ်နိုးလှပါသည်" ဟု ဖြေကြားလိုက်သောအခါ ဆရာကြီးက အံ့အားသင့်၍ "ဒါဆို အဘယ်ကြောင့် ရတနာတွေ မယူဆောင်ခဲ့ရသနည်း" ဟု မေးပြန်သည်။
ဒီတော့မှ လုလင်က "ဆရာကြီးခင်ဗျာ၊ ကျွန်ုပ်သည် လူမှန်းသိတတ်စ အရွယ်တည်းက ငါးပါးသီလကို လုံခြုံအောင် စောင့်ထိန်း လာသောသူ တယောက် ဖြစ်ပါ၏။ ထို့ကြောင့် ကျွန်ုပ်၏ သီလနှင့်တော့ ကျွန်ုပ် မည်သည့်အရာကိုမှ မလဲနိုင်သောကြောင့် မခိုးယူ၊ မယူဆောင်ခဲ့ပါ။ မကောင်းမှု ပြုသူသည် စိတ်ကွယ်ရာ အရပ်မရှိ၊ ကျွုန်ုပ်သည် မကောင်းမှုကို ရှေ့တွင်လည်း မပြုသလို၊ ကွယ်ရာမှာလည်း မပြုလုပ်ပါ ဆရာကြီး" ဟု လျှောက်တင်လိုက် ပါတော့သည်။
ထိုစကား ကြားလိုက်ရသောအခါ ဆရာကြီးက တပည့်ဖြစ်သူကို အလွန်ကြည်ညို၍ "အမောင်လုလင်၊ ငါ၏ အိမ်၌ ဥစ္စာမရှိသည် မဟုတ်ပေ၊ အကျင့်သီလနှင့် ပြည့်စုံသူအား သမီးကို ပေးမည်ဟု ကြံစည်ကာ လုလင်တို့ကို ယခုလို စမ်းစစ်ရခြင်း ဖြစ်သည်။
သင်သည် အကျင့်သီလနှင့် ပြည့်စုံသောသူ ဖြစ်သောကြောင့် ငါ၏ သမီးလေးသည် သင်နှင့်သာ ထိုက်တန်သည်။ သင့်ကို သမီးတော်နှင့် ထိမ်းမြားပေးမည်" ဟု ဆိုလိုက်လေသည်။
ထို့နောက်မှာတော့ တခြားတပည့်များ အားလုံးကိုလည်း မိမိတို့ ယူဆောင်လာသော ပစ္စည်းများကို မိမိအိမ်သို့ ပြန်လည် ယူဆောင်၍ မိဘဆွေမျိုးများ အားလုံးကို တောင်းပန်ရန် မှာကြား၍ ပြန်လွှတ်လိုက် ပါတော့သည်။
CartoonBakery
Zawgyi
0 Comments