ကိုယ့်အလှည့်ကျ သဘောထား ကြီးနိုင်ပါစေ

တခါတုန်းက ချုမင်းဆက် တရုတ်ပြည်မှာ ဘုရင့် ကိုးကွယ်ခံ ပညာရှိကြီး လောင်ဇူးက သူ့တပည့်တပန်းများ နဲ့အတူ လူစည်စည် လမ်းလယ် လမ်းခွဆုံမှာ မေတ္တာတရား အကြောင်း ဟောပြောနေသတဲ့။

အဲ့အချိန်မှာ တရုတ်ပြည်ဟာ အနောက်ဘက် အရပ်က လူရိုင်းတွေရဲ့ ထိုးနှက် လုယက်မှုကို အပြင်းထန် ခံနေရချိန် ဖြစ်လို့ တွန်းလှန်ဖို့ ကြိုးစားနေရချိန် ဖြစ်တယ်။

လောင်ဇူးက လူတွေကို မေတ္တာတရား ထားရမယ်။ နေရာ အသားရောင် လူမျိုးမရွေး သည်းခံရမယ်။ အတူတူ ဆုတောင်း ပတ္ထနာ ပြုကြရမယ် စသဖြင့် ဟောပြော နေတာပေါ့။ အဲ့အချိန်မှာ လောင်ကွန်း ဆိုတဲ့ လူငယ်လေး တယောက် ရောက်လာပြီး ဘာမပြော ညာမပြောနဲ့ လောင်ဇူးကို ပါးဆွဲရိုက် သတဲ့။

လူတွေ ရှေ့မှာလည်းဖြစ်၊ တပည့်တပန်းတွေ ရှေ့မှာလည်း ဖြစ်တော့ လောင်ဇူးဟာ ရှက်လည်းရှက် ဒေါသလည်း ထွက်ပြီး သူ့တပည့်တွေကို အဲ့ကောင်ကို ဖမ်းပြီး နာနာ ဆုံးမလိုက်စမ်း လို့ အမိန့်ပေးတယ်။

လောင်ဇူးရဲ့ တပည့်တွေက လောင်ကွန်းကို သွေးစ သွေးနတွေ ထွက်လာသည်ထိ ဝိုင်းဝန်း ထိုးကြိတ် ကြသတဲ့။ လူတွေလည်း ဝိုင်းဝန်း အုတ်အုတ် ကျက်ကျက် ရောက်လာပြီး ဖြန့်ဖြေ ကြတယ်။

လွတ်သွားပြီ ဖြစ်တဲ့ လူငယ်လေး လောင်ကွန်းဟာ ပြုံးစစ နဲ့ လောင်ဇူရဲ့ စင်မြင့်ပေါ် တက်သွားတယ်။ ပြီးတော့ သူက လူတွေကို လှမ်းအော်ပြော လိုက်ပါတယ်။ "ဒီမယ် ကိုယ့်လူတို့"

လူတွေကလည်း စိတ်ဝင်တစားနဲ့ ဝိုင်းမော့ကြည့် ကြတယ်။ လူငယ်လေးက ဆက်ပြောတယ်။

"ပညာရှိကြီး လောင်ဇူး ပြောတဲ့ လူတွေကို မေတ္တာတရား ထားရမယ်၊ နေရာ အသားရောင် လူမျိုးမရွေး သည်းခံရမယ်၊ အတူတူ ဆုတောင်းပတ္ထနာ ပြုကြရမယ် စသဖြင့် ဟောပြောနေတာ မှန်ပါတယ်"

ပြောရင်း သူ့ပါးစပ်က ထွက်လာတဲ့ သွေးတွေကို သုတ်တယ်။ ပြီးတော့ သွေးပေနေတဲ့ သူ့လက်ကို မြှောက်ပြရင်း "အဲ့ဒါဟာ ကိုယ့်ပါးကို လာမရိုက်ခင် အထိပါပဲ" တဲ့။

လူအုပ်ကြီးကလည်း ဝိုင်းပြီး လက်ခုပ် တီးကြတာ ပေါ့လေ။ သူက လောင်ဇူးဘက် ကိုလည်း လှည့်ပြောလိုက်တယ်။

"ခင်ဗျားလို လုံခြုံ စိတ်ချတဲ့ နေရာမှာ နေရရင်တော့ ဘယ်သူ့ကို မဆို မေတ္တာထားဖို့ လွယ်ကူပါတယ်။ ဒါပေမယ့် လူတိုင်းဟာ ခင်ဗျားလို မနေရတာ သိထားပါ"

(ကိုယ့်အလှည့်ကျ သဘောထား ကြီးနိုင်ကြပါစေ)

Post a Comment

0 Comments