မိဘတွေဆီက ကူးစက်သွားနိုင်တဲ့ ကလေးတွေရဲ့ အမူအကျင့် (၆) ခု

မိဘတွေဆုံမိတိုင်း သူတို့ကလေးက ဘယ်လောက်လိမ်မာကြောင်းကို ကြွားဝါလေ့ ရှိပါတယ်။ ဒီလိုကြွားဝါနေရင်း ကလေးက တစ်ခုခု ထလုပ်မိရင် မိဘကပဲ အရှက်ကွဲရပါတယ်။ တချို့ အမူအကျင့်ဆိုးတွေက တခြားသူတွေဆီက ကူးစက်နိုင်သလို တစ်ခါတရံမှာ မိဘတွေဆီကလည်း ကူးစက်နိုင်ပါတယ်။

ငယ်ရွယ်သေးတဲ့ကလေးရဲ့ စိတ်ထဲမှာ မိဘလုပ်တဲ့ အရာမှန်သမျှကို အမှန်ထင်ပြီး အကုန်လိုက်လုပ် တတ်ပါတယ်။ အဲဒါကြောင့် မိဘတွေဆီကနေ ကူးစက်သွားနိုင်တဲ့ ကလေးတွေရဲ့ အကျင့်ဆိုးတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ သူတပါးကို နှောက်ယှက်တတ်သော အကျင့်

ကလေးကို "မနှောက်ယှက်ပါနဲ့" လို့ တည့်တည့်ပြောရင်လည်း နားထောင်ချင်မှ နားထောင်မှာပါ။ ဒါကြောင့် သင့်မှာ ညစာစားပွဲ ရှိတာပဲဖြစ်ဖြစ်၊ တစ်စုံတစ်ယောက်နဲ့ ဖုန်းပြောနေရင်ပဲဖြစ်ဖြစ် စောင့်တတ်အောင် ကလေးကို သင်ပေးသင့်ပါတယ်။ ဒါကြောင့် ဘာမှမလုပ်ခင် သင့်ကလေးကို "မေမေ အခု ဖုန်းပြောစရာရှိလို့ ဖုန်းပြောဦးမယ်၊ အနှောက်အယှက် လာမပေးသေးနဲ့ဦးနော်။ နာရီလက်တံရှည်က မေမေပြောထားတဲ့ နံပါတ်ကို ရောက်ရင် စိတ်ကြိုက်သာပြော" လို့ ကြိုပြောထားသင့်ပါတယ်။

၂။ ဈေးရောက်ရင် အတင်းပူဆာတတ်သော အကျင့်

ဈေးတစ်ခုခုကို ရောက်ရင် ကလေးတွေက တွေ့သမျှကို ပူဆာတတ်ကြပါတယ်။ အထူးသဖြင့် ကုန်တိုက်တွေမှာဆို စောင့်ပြီးရောင်းမယ့်သူ မရှိတာကြောင့် အလကားပေးနေတယ်ထင်ပြီး ပစ္စည်းတွေယူယူ လာတတ်ကြပါတယ်။

ဝယ်ဖို့ ကုန်ပစ္စည်းစာရင်းရှိတာကို သူတို့ နားမလည်ပါဘူး။ ဒါကြောင့် ဈေးဝယ်မထွက်ခင် ကြိုတင်ပြင်ဆင်ထားပါ။ ကုန်ပစ္စည်းစာရင်းကို အတူတူလုပ်ပါ။ ဘာတွေဝယ်ရမယ်ဆိုတဲ့ စာရင်းကို သူ့ကိုဖတ်ခိုင်းပြီးတော့ လိုတာတွေကို တူတူဝယ်ယူပါ။

၃။ ယဉ်ကျေးပျူငှာစွာ မပြောဆိုတတ်သော အကျင့်

သင့်ကလေးကို ယဉ်ကျေးသိမ်မွေ့စွာနေတတ်ဖို့ သွန်သင်ဆုံးမလေ ပိုကောင်းလေပဲဖြစ်ပါတယ်။ တချို့ကလေးတွေက ဒီလိုဆုံးမတာကို အလွယ်တကူ နားလည်ပေမယ့်လည်း တချို့ကတော့ လွယ်လွယ်နဲ့ နားမလည်တတ်ကြပါဘူး။ သင့်ကလေးကို ယဉ်ကျေးသိမ်မွေ့တဲ့ စကားလုံးတွေရဲ့ ထူးခြားချက်တွေကို ပြောပြပါ။

ပြီးတော့ သူတို့တစ်ခုခု တောင်းဆိုရင်လည်း "ကျေးဇူးပြု၍" လို့ထည့်ပြီး ပြောခိုင်းပါ။ မပြောရင် သူတို့လိုချင်တာကို မဖြည့်ဆည်းပေးပဲ ဒီလိုလေး ပြောရတယ်လို့ သင်ပေးပါ။ ။ သင့်ကလေးကို လူတစ်ယောက်ကို မြင်တာနဲ့ သိသိမသိသိ "မင်္ဂလာပါ" နှင့် "ကျေးဇူးတင်ပါတယ်" လို့ ဦးစွာပြောတတ်အောင် သင်ပေးတဲ့အခါ အချိန်ကြာလာရင် ရလဒ် သိသာလာမှာပါ၊

၄။ စကားကို အချိန်နေအချိန်ခါလိုက် မပြောတတ်သောအကျင့်

ကလေးတွေဟာ ငယ်ရွယ်လွန်းသေးတာကြောင့် ဘယ်အချိန်မှာ ဘယ်စကားကို မပြောသင့်ဘူးလဲ ဆိုတာကို နားမလည်တတ်ကြပါဘူး။ ပြီးတော့လည်း ဒီစကားပြောလိုက်ရင် တစ်ဖက်လူက ဘယ်လိုဖြစ်သွားမယ် ဆိုတာကို မစဉ်းစားတတ်ကြသေးပါဘူး။ ကလေးမို့ မရှက်တတ်သေးပေမယ့် မိဘတွေအတွက်တော့ မျက်နှာပျက်စရာ ဖြစ်တတ်ပါတယ်။ ဒါကြောင့် တချို့စကားတွေကို အပြင်မှာမပြောပဲ အိမ်ရောက်မှ ပြောပါဆိုတဲ့ စည်းကမ်းမျိုး ထုတ်ထားသင့်ပါတယ်။

၅။ သင်မရှိရင် ဘာမှမလုပ်တတ်ပဲ ကြောက်နေတတ်တဲ့အကျင့်

မိဘနဲ့ကလေးကြားမှာ စည်းကမ်းတွေ၊ သတ်မှတ်ချက်တွေ များနေတတ်တာကြောင့် ကလေးဟာ ကိုယ်တိုင် မစဉ်းစားတတ်တော့ပဲ မိဘကိုပဲ အားကိုးပြီး လုပ်တတ်တဲ့အကျင့် ရှိလာတတ်ပါတယ်။ သူတို့ခေါင်းထဲမှာ ဒီလိုဆော့လိုက်လို့ ပေသွားရင် အမေကဆူမယ်၊ ဒါလုပ်လိုက်လို့ မှားသွားရင် အဖေကပြောမယ် စတဲ့ အတွေးတွေပဲ ရှိပါတော့တယ်။

ဒါကြောင့် ကလေးကို တစ်ခုခုလုပ်ရင် မကြောက်တတ်အောင် သင်ပေးပါ။ သူတို့ကိုယ်သူတို့ ဆုံးဖြတ်ခွင့် ပေးတဲ့အခါ ဘယ်အရာကိုမှ အလွန်အကျူး မလုပ်တော့ပဲ တစ်ခုခုဆို စဉ်းစားပြီးမှ လုပ်တတ်သွားပါလိမ့်မယ်။

၆။ တခြားလူကြီးတွေကို ဒုက္ခပေးတတ်တဲ့ အကျင့်

ကလေးဟာ မရင်းနှီးတဲ့ တခြားသူတွေနှင့် အလွယ်တကူ စကားစမြည်ပြောနိုင်ရင် မိသားစုအပေါ် ယုံကြည်တယ်ဆိုတဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း သူတို့လိုချင်တာကို မဖြည့်ဆည်းပေးနိုင်လို့ တခြားသူတွေကို သွားတောင်းဆိုနေတာလဲ ဖြစ်နိုင်ပါတယ်။

ဥပမာတစ်ခုအနေနဲ့ မိဘတွေက သူတို့လိုချင်တာ ဒါမှမဟုတ် လိုအပ်တာကို မလုပ်ပေးနိုင်ရင် ပတ်ဝန်းကျင်မှာရှိတဲ့ ဘယ်သူ့ကိုမဆို သွားပြီး ပူဆာတတ်ကြပါတယ်။ ကလေးတွေက ငယ်ရွယ်သေးတာကြောင့် ဘာမှမစဉ်းစားတတ်သေးပဲ သူတို့ဖြစ်ချင်တာကိုပဲ လုပ်တတ်တယ် ဆိုတာကတော့ အံ့ဩစရာတော့ မဟုတ်ပါဘူး။ ဒီလို အပြုအမှုမျိုးတွေ မလုပ်အောင် မိဘတွေက သေချာလေးရှင်းပြသင့်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments