ငြင်းခုန်ခြင်း၏ အကျိူး

တခါတုန်းက ဘဝင်မြင့်ပြီး စိတ်ကြီးဝင်နေတဲ့ မြင်းတကောင် ရှိတယ်။ သူစိတ်ကြီး ဝင်နေရတဲ့ အကြောင်းရင်း ကတော့ မြင်းတွေဟာ ကမ္ဘာပေါ်မှာ အလှပဆုံး သတ္တဝါ ဖြစ်တယ်လို့ သူ့ကိုယ်သူ ထင်နေတာပဲ ဖြစ်ပါသတဲ့။

တနေ့မှာတော့ မြင်းဟာ တောကောင်တွေ ရေသောက်ဆင်းနေတဲ့ နေရာကို ရောက်ရှိလာပြီး မြင်းများဟာ အဘယ်မျှ ခန့်ထည် ချောမောကြောင်း၊ မြင်းတွေရဲ့ လည်ဆံမွှေးတွေလောက် လှပတဲ့အရာ လောကမှာ မရှိကြောင်း၊ မြင်းတွေရဲ့ ကိုယ်ခန္ဓာဟာလည်း အင်မတန် လှပတဲ့ ပန်းပုရုပ်လို အထစ်အရစ်နဲ့ တကွ လှပ ကျော့ရှင်းကြောင်း ကြွားဝါ ပြောဆိုနေပါသတဲ့။

အဲဒီလို မြင်းဟာ အာပေါင် အာရင်း သံသံ ပြောဆိုနေတုန်းမှာပဲ "ဟား ဟား ဟား ရယ်စရာကြီး ပါလားဟေ့" ဆိုတဲ့ သမင်ဖို တကောင်ရဲ့ လှောင်ပြောင်သံကြီး ထွက်လာခဲ့တယ်။ မြည်းဟာ ကြွားဝါနေတုန်း အရှိန်ပျက် သွားတာကြောင့် သမင်ဖိုကို မကြည်ကြည့် တချက်ကြည့်လိုက်တယ်။

အဲဒီအခါ သမင်ဖိုက မြင်းကို နှိမ်ချတဲ့ အကြည့်နဲ့ ပြန်လည် တုန့်ပြန်လိုက်ပြီး ဒီလိုပြောခဲ့တယ်။ "ခင်ဗျားတို့ မြင်းတွေဟာ လူရွှင်တော်လုပ်စားမယ်ဆို တော်တော်လေး အလုပ် ဖြစ်လောက်တယ်။ လူရွှင်တော်ဆိုရင် လူပျက်၊ မြင်းရွှင်တော် ဆိုတော့ မြင်းပျက်ပေါ့ဗျာ ဟဲ ဟဲ။ ဒီမှာ မြင်းပျက်၊ ခင်ဗျား နားလည်ထားဖို့က တလောကလုံးမှာ ရှိတဲ့ တိရစ္ဆာန်တွေထဲမှာ သမင်တွေကသာ အခန့်ညားဆုံးပဲ။

သမင်တွေမှာ အင်မတန်လှပပြီး အဖိုးထိုက် တန်တဲ့ ဦးချို ရှိတယ်။ လှပခန့်ညားပြီး သမင်မျက်လုံးလေး လို့ တင်စားရလောက်တဲ့ မျက်လုံးတစုံလည်း ရှိတယ်။ ကျွန်တော်တို့ရဲ့ ဦးချိုကို လူသားတွေဟာ အမြတ်တနိုးနဲ့ ဧည့်သည် စောင်သည်လာတဲ့ ဧည့်ခန်းလို နေရာမျိုးမှာ ချိတ်ဆွဲ အလှဆင် ကြတယ်။ ခင်ဗျားတို့ မြင်းခွာကို ဘယ်လူသားကမှ အလှမဆင်ဘူး။ မြင်းပျက်၊ မြင်းတုံး၊ မြင်းအသုံးမကျ သေသေ ချာချာမှတ်ထား"

အဲဒီလို သမင်ရဲ့ စကားကို ကြားတဲ့အခါ မြင်းက "ပုံမကျ ပန်းမကျ ဦးချိုကိုများ ဂုဏ်ယူနေသေးတယ်။ ခင်ဗျားကသာ သမင်ငတုံး၊ လူတွေဟာ ခင်ဗျားတို့ကို သတ်ဖြတ် စားသောက်ဖို့ပဲ အလေးထားတာ။ ကျွန်တော်တို့ကိုတော့ အလှဆင်ပြီး အိမ်မှာ တယုတယ မွေးကြရတယ်။ ရတနာ ၇ ပါးထဲမှာတောင် မြင်းရတနာဆိုတာ အထင်ကရ ပါတယ်။ အဲဒီမှာ သမင်ရတနာ ဆိုတာ မရှိဘူး ငတုံးရဲ့။ မြင်းကမှ လှပကျော့ရှင်း မြင့်မြတ် ကျက်သရေရှိတာ။ သမင်ဆိုတာ အီးပေါလော အရိုင်းအစိုင်း အဆင့်ပဲ ရှိတယ်"

အဲဒီလိုနဲ့ သမင်ဖိုနဲ့ မြင်းရဲ့ ငြင်းခုန်မှုဟာ အရှိန် တက်လာတယ်။ မြင်းကသာ ခန့်ညားတာ၊ သမင်တွေက ငတုံးတွေ။ သမင်ကသာ တင့်တယ်တာ၊ မြင်းက ငပေါ စသည်ဖြင့် မြင်းနဲ့ သမင်ဟာ တနေကုန် တနေခန်း ငြင်းခုန်ကြတယ်။ နောက်ဆုံးတော့ အသီးသီး မောပန်းလာ ကြပြီး အိမ်ပြန်ခဲ့ကြတယ်။

မြင်းဟာ အပြန်လမ်း တလျှောက်မှာ သမင်ဖိုရဲ့ ထောင့်မကျိုး မျက်နှာကို ပြန်လည် မြင်ယောင်ပြီး ဒေါသ တလိတ်လိတ် တက်လာခဲ့တယ်။ သူဟာ သမင်ဖိုကို ဒုက္ခရောက်စေဖို့ စတင် ကြံစည်ခဲ့တယ်။ နောက်ဆုံးမှာတော့ သူဟာ အကြံတခုကို ရခဲ့တယ်။

နောက်တနေ့ မနက်မှာတော့ မြင်းဟာ သူ့အကြံကို အကောင်အထည် ဖော်ဖို့အတွက် တောစပ်မှာရှိတဲ့ မုဆိုးကြီး တယောက်ရဲ့ အိမ်ကို သွားပြီး ဒီလို ပြောဆိုတယ်။ "မုဆိုးကြီး တောထဲမှာ အင်မတန် ဝဖီးပြီး ပိဿာချိန် စီးတဲ့ သမင်ဖိုတကောင် ရှိတယ်။ တကယ်လို့ မုဆိုးကြီးသာ သမင်ကို သတ်ဖြတ်မယ် ဆိုရင် ကျွန်တော် အစွမ်းကုန် ကူညီပေးမယ်။ ဒီသမင် သေရင် ကျွန်တော် ကျေနပ်တယ်။ မုဆိုးကြီး ကူညီသတ်ဖြတ်ပေးပါ"

မုဆိုးကြီးဟာ မြင်းရဲ့ စကားကို သေချာစွာ စဉ်းစားတယ်။ ခဏအကြာ မှာတော့ သူက မြင်းကို "ကောင်းပြီလေ ငါကူညီမယ်။ ဒါပေမယ့် အ ပေးအယူ သဘောမျိုးတော့ ရှိဖို့လိုတယ်။ တကယ်လို့ မင်းသာ မင်းရဲ့ မေးရိုးနှစ်ခုနဲ့ ပါးစပ်ကို ညှပ်ပြီး သံကွင်းတခု တပ်ဆင်ခွင့် ပြုမယ်ဆိုရင် မင်းတောင်းဆို တဲ့အတိုင်း သမင်ကို ငါသတ်ပေးမယ်။ သဘောမတူဘူး ဆိုရင်တော့ လာရာလမ်း အတိုင်း ပြန်ကြွပေတော့" လို့ ပြန်ပြောလိုက်တယ်။

အဲဒီလို မုဆိုးကြီးရဲ့ စကားကို ကြားတဲ့အခါ မြင်းက အင်မတန် ပျော်ရွှင်သွားတယ်။ သူဟာ တဟီဟီ မြည်သံကို ပေးလိုက်ပြီး "ဒါလေးများဗျာ။ ပြောနေစရာ မလိုပါဘူး။ လုပ်စရာရှိတာ သာလုပ်" လို့ ပြန်ပြောလိုက်တယ်။

အဲဒီလိုနဲ့ မုဆိုးကြီးဟာ မြင်းကို ခိုင်မာတဲ့ ကြိုး၊ ကုန်းနှီးတွေနဲ့ သေချာစွာ တုပ်နှောင်လိုက်တယ်။ အဲဒီနောက်မှာတော့ သူ့ရဲ့ ဒူးလေး၊ ကျည်ထောက်တို့ကို ယူပြီး မြင်းပေါ်ကို တက်ခွစီး လိုက်တယ်။

အဲဒီနောက်မှာတော့ မြင်းကို မောင်းနှင်ပြီး သမင်ဖိုရှိတဲ့ နေရာကို လမ်းပြစေတယ်။ သမင်ဖိုကို တွေ့တဲ့အခါ မှာလည်း မုဆိုးကြီးဟာ မြင်းရဲ့အကူအညီနဲ့ သမင်ဖိုကို သတ်ဖြတ် လိုက်တယ်။ အဲဒီ အခါမှာတော့ မြင်းက "မှတ်ပြီလား၊ သမင်စုတ် သေတာတောင် နည်းသေတယ်။ အငြင်းသန် ပါဦးလား၊ ငါ့ကိုလှောင် ပါဦးလား" လို့ ဝမ်းသာအားရ အော်ဟစ် မြည်တမ်းပြန်တယ်။

အဲဒီနောက်မှာတော့ မုဆိုးကြီးဟာ သမင်ကောင်ကို အိမ်ကို ယူဆောင်ချက်ပြုတ် စားသောက်ဖို့၊ သားရေထုတ် ယူဖို့အတွက် သမင်ကို မြင်းရဲ့ကျောပေါ်မှာ တင်ပြီး တုတ်နှောင် လိုက်တယ်။ အဲဒီအခါမှာတော့ မြင်းက "ဟေ့လူ။ ခင်ဗျားနဲ့ ကျွန်တော် ပြောထားတဲ့ကိစ္စ ပြီးပြီလေဗျာ။ ကျွန်တော့်ကို တပ်ထားတဲ့ ဟာတွေ ဖြုတ်ပေးတော့" လို့ ပြောလိုက်တယ်။

အဲဒီအခါ မှာတော့ မုဆိုးကြီးက "မင်းကို ဘယ်အချိန် ရောက်ရင် ပြန်ဖြုတ်ပေးမယ်ဆိုတာ ငါပြောမိလို့လား။ ဒီအချိန်က စပြီး မင်းက ငါ့ရဲ့ စီးတော်မြင်း ဖြစ်သွားပြီ။ အိမ်ရောက်ရင် မင်းရဲ့တင်ပါးကို မီးမြိုက်ထားတဲ့ သံပူနဲ့ တံဆိပ် ရိုက်ပေးမယ်" လို့ ပြန်ပြောလိုက်တယ်။ အဲဒီအချိန်ကစပြီး မြင်းဟာ မုဆိုးကြီးရဲ့ စီးနင်းခြင်းကို တသက်တာလုံး ခံသွားရရှာ ပါတော့တယ်။

PhyoThuta

Post a Comment

0 Comments