ကလေးလေးတွေက အိပ်နေရင်း ဒါမှမဟုတ် တခြားအချိန်တွေမှာ လျှာထုတ်ရင် အရမ်းချစ်စရာ ကောင်းပါတယ်။ ဒီအပြုအမူက သာမန်ပါပဲ။ ဒါပေမယ့် ကလေးက နို့စို့အရွယ် ဆိုရင်တော့ မိဘတွေက သေသေချာချာ ကြည့်ရှုပေးသင့်ပါတယ်။ ကလေးတွေ လျှာထုတ်ရတဲ့ အကြောင်းအရင်းတွေကို ဒီနေ့မှာ love media ကနေ ဖော်ပြပေးပါမယ်နော်။
၁။ ဗိုက်ဆာနေခြင်း
ကလေးလေးတွေက လျှာကို မကြာခဏ ထုတ်ထုတ်ပြတာက သူတို့ဗိုက်ဆာနေကြောင်း ဖော်ပြတာပါ။ ကလေးတွေက သူတို့ ဗိုက်ဆာဆာချင်း စပြီး ငိုလေ့မရှိပါဘူး။ မိဘတွေကို တချို့အမူအရာလေးတွေ လုပ်ပြတတ်ပါတယ်။ သူတို့ပါးစပ်ထဲကို လက်ထည့်ပြတာ၊ နှုတ်ခမ်းကို လက်ဝါးနဲ့ရိုက်တာ၊ နို့ဘူးနားကို တိုးလာတာ၊ လျှာထုတ်ထုတ်ပြတာတွေက ဗိုက်ဆာနေကြောင်း ဖော်ပြတဲ့ အမူအရာတွေပါပဲ။
၂။ ဗိုက်ပြည့်ခြင်း
ကလေးလေးတွေက ဗိုက်ပြည့်ပြီး ထပ်မစားချင်တော့တဲ့ အခါမှာလည်း လျှာထုတ်ပြ တတ်ပါတယ်။ ကလေးတွေက ဗိုက်ဆာတဲ့အချိန်ရော၊ ဗိုက်ပြည့်တဲ့အချိန်ပါ လျှာထုတ်ပြတတ်တာကြောင့် မိဘတွေက သေချာသတိထားပြီး ကြည့်ရမှာပါ။
၃။ ကစားခြင်း
ကလေးတွေက လသားအရွယ်လောက်မှာ မျက်နှာအမူအရာတွေနဲ့ ကစားတတ်ပါတယ်။ သူတို့ရဲ့လျှာကို ထုတ်ထုတ်ပြတာက သူတို့ရဲ့ကစားနည်းတစ်မျိုးဖြစ်သလို အနီးအနား ပတ်ဝန်းကျင်က လူတွေနဲ့ ဆက်သွယ်နည်း တစ်မျိုးလည်း ဖြစ်ပါတယ်။ ဒီလို ချစ်စရာကောင်းတဲ့ အပြုအမူကြောင့် ကလေးမှာ မိတ်ဆွေတွေ ပိုတိုးလာပါတယ်။
၄။ မာတဲ့အစားအစာတွေကို မစားနိုင်ကြောင်း ဖော်ပြခြင်း
ကလေးတွေက မာတဲ့အစားအစာတွေကို အသက် ၆ လအရွယ်လောက်မှ စပြီးစားနိုင်တာပါ။ အဲဒါကြောင့် အစာမာတွေ ကျွေးတဲ့အခါ မစားနိုင်သေးကြောင်းလျှာထုတ်ပြတာပါ။ အဲဒီလို အလိုအလျောက် တုံ့ပြန်မှုက ကလေးတွေကို အစားအစာ ဆို့နင်တဲ့ဘေးကနေ ကာကွယ်ပြီးသား ဖြစ်စေပါတယ်။
၅။ ပါးစပ်နဲ့ အသက်ရှူခြင်း
ကလေးတွေက တစ်ခါတရံမှာ အအေးမိတာ၊ နှာစေးတာ၊ အာသီးရောင်တာတွေဖြစ်တဲ့အခါ ပါးစပ်ကနေ အသက်ရှူသွင်းရှူထုတ် လုပ်ကြပါတယ်။ ပါးစပ်ကနေ အသက်ရှူရတာဖြစ်လို့ လျှာကလည်း အပြင်ကို ထွက်လာပါတယ်။ အသက်ရှူတဲ့အခါ ပုံမှန်မဟုတ်တဲ့ အသံတွေ ထွက်ပေါ်လာရင် ဆရာဝန်နဲ့ ချက်ချင်းပြသသင့်ပါတယ်။
၆။ အခြားကျန်းမာရေးပြဿနာ
ကလေးတွေက လျှာလေးထုတ်ထုတ်ပြတာ ပုံမှန်ဆိုပေမယ့် တစ်ခါတရံမှာတော့ တခြားကျန်းမာရေး ပြဿနာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကလေးက ခဏခဏ လျှာထုတ်နေမယ်၊ သွားရည်တွေ အရမ်းကျနေမယ်၊ အမူအရာတွေက ထူးဆန်းနေမယ်ဆိုရင် ဆရာဝန်နဲ့ မြန်မြန်ပြသ သင့်ပါတယ်။
Zombie (lovemedia)
0 Comments