ပြိုင်တူတွန်းရင် ရွေ့တယ်

ဟိုးရှေးရှေးတုန်းက ချိုးငှက်တွေဟာ စုစည်း နေထိုင်ကြပြီး ဉာဏ်ပညာနဲ့ ပြည့်စုံကာ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်တဲ့ ငှက်တကောင်ကို ဘုရင်အဖြစ် တင်မြှောက်ထားတယ်။ ချိုးငှက်တို့ဟာ သူတို့ဘုရင်ရဲ့ ဦးဆောင်မှုနဲ့ အုပ်ဖွဲ့ ပျံသန်းပြီး အစာရှာဖွေလေ့ ရှိတယ်။

တနေ့မှာ သူတို့ဟာ အစာရှာရင်း အဝေးကြီးထိ ပျံသန်းခဲ့ရလို့ အရမ်း ပင်ပန်းခဲ့တယ်။ ဒါပေမယ့် အစာရှာ မရသေးတာကြောင့် ချိုးငှက်ဘုရင်က သူတို့ကို နည်းနည်း ထပ်ရှာကြဖို့ တွန်းအားပေးခဲ့တယ်။

မြေပြင်နား ကပ်ပျံတဲ့ ကင်းထောက် ဂျိုးငှက်တကောင်က ညောင်ပင်တပင်အောက်မှာ ပြန့် ကျဲနေတဲ့ စပါးစေ့များကို တွေ့ရှိကြောင်း အချက်ပေး လိုက်တယ်။

ချိုးငှက်များ အားလုံးဟာ ချို့ငှက်ဘုရင်ရဲ့ အန္တရာယ် ရှိမရှိ စစ်ဆေးမှုကို မစောင့်တော့ဘဲ ညောင်ပင်အောက်ရှိ စပါးများကို ဝိုင်းဖွဲ့ စားသောက် ကြတာကြောင့် ချိုးငှက်ဘုရင်လည်း မစစ်ဆေးတော့ဘဲ ဝင်ရောက် စားသောက်လိုက်တယ်။

ရုတ်တရက် သူတို့အပေါ်ကို ညောင်ပင်ကြီးထဲက ပိုက်ကွန်တခု ကျပြီး သူတို့အားလုံး ပိုက်ကွန်ထဲ မိသွားကြတယ်။ ကြီးမားတဲ့ တင်းပုတ်တခုကို ကိုင်ထားတဲ့ မုဆိုးတယောက် ညောင်ပင်ပေါ်မှာ ပုန်းနေရာက ဆင်းလာတာကို သူတို့ တွေ့လိုက်ကြ ရတယ်။ ချိုးငှက်များဟာ ရုန်းထွက်ဖို့ ကြိုးစားကြသော်လည်း မအောင်မြင်ကြပါ။

အဲဒီအချိန်မှာ ချိုးဘုရင်က အကြံတခု ရပြီး ချိုးငှက်အားလုံး သူနဲ့အတူ ပိုက်ကွန်ကို နှုတ်သီး ကိုက်ပြီး အတူတူ တပြိုင်တည်း အတောင်ခတ် ပျံသန်းဖို့ အော်ပြောလိုက်တယ်။

စည်းလုံးမှုမှာ အင်အားရှိတယ် လို့လည်း အားပေးစကား ပြောတယ်။ ချိုးအကောင်တိုင်းဟာ ပိုက်ကွက ကြိုးတခုစီကို နှုတ်သီးနဲ့ ကိုက်ချီလိုက်ကြပြီး အတူတကွ ပျံသန်းခဲ့ ကြတယ်။

မုဆိုးဟာ အလွန် အံ့သြစွာနဲ့ မော့ကြည့်လိုက်တယ်။ သူဟာ ချိုးအုပ်နောက်ကို ပြေးလိုက်ခဲ့‌ပေမယ့် ချိုးအုပ်က ပျံသန်း လွတ်မြောက် သွားတယ်။ ချိုးငှက်ဘုရင်က ချိုးငှက်တွေကို မိတ်ဆွေကြွက်တကောင် နေထိုင်တဲ့ ဘုရားနားက တောင်ကုန်းပေါ်ကို ပျံသန်း ခေါ်ဆောင်သွားတယ်။ ကြွက်သည် ချိုးငှက်ဘုရင်ရဲ့ သစ္စာရှိတဲ့ သူငယ်ချင်းဖြစ်တယ်။

တောင်ကုန်းပေါ်ရှိ မြေအောက်တွင် ကျင်းတူး နေထိုင်ကြတဲ့ ကြွက်တွေဟာ ချိုးငှက်အုပ်ကြီးရဲ့ ကျယ်လောင်လှတဲ့ အသံကို ကြားရတဲ့ အခါ မြေကျင်းတွေထဲ ဝင်ရောက် ပုန်းအောင်း ကြတော့တယ်။ ချိုးငှက်ဘုရင်က သူ့ချိုးငှက်တွေကို အသံတိတ် ခိုင်းပြီး မိတ်ဆွေကြွက်ကို ညင်ညင်သာသာ အော်ခေါ်လိုက်တော့ ကြွက်က သူ့ကို ဝမ်းသာစွာ ထွက်တွေ့ တယ်။

ချိုးငှက်ဘုရင်က ထောင်ချောက်ထဲက လွတ်မြောက်စေရေး ပိုက်ကွန်အား ကိုက်ဖြတ်ပေးရန် မိတ်ဆွေကြွက်အား အကူအညီ တောင်းခံခဲ့တယ်။ မိတ်ဆွေကြွက်က ချိုးငှက်ဘုရင်အား ပထမဆုံး လွှတ်ပေးမယ်လို့ ပြောသော်လည်း ဘုရင်က သူရဲ့ လက်အောက်ခံများကိုသာ ပထမလွှတ်ပေးရန် ပြောပါတယ်။

မိတ်ဆွေကြွက်က ချိုးငှက်ဘုရင်ရဲ့ ခံစားချက်ကို နားလည်ပြီး ပိုက်ကွန်ကို စတင် ကိုက်ဖြတ် ပါတော့တယ်။ ကြွက်ဟာ ပိုက်ကွန်ကို ဖြတ်တောက် လိုက်ပြီးနောက်မှာ ချိုးငှက်တွေ တကောင်ပြီး တကောင် လွတ်မြောက် လာကြတယ်။ သူတို့ အားလုံးက ကြွက်ကို ကျေးဇူးတင်စကား ပြောကြားပြီး အတူတကွ ထွက်ခွာ သွားကြတယ်။

ဒီပုံပြင်လေးက အတူတကွ လုပ်ဆောင်သောအခါ ပိုမို အားကောင်း လာကြောင်းနဲ့ ပိုပြီး မြန်မြန် အောင်မြင်စေနိုင်တယ် ဆိုတဲ့ အချက်ကို ဖော်ပြနေတာပဲ ဖြစ်ပါတယ်။

Crd

Post a Comment

0 Comments