အကြောင်းအကျိုး မဆင်ခြင်တတ်သောသူ

ဟိုးရှေးရှေးတုန်းက ကာမဂုဏ်အာရုံ တို့ကို အပြစ်မြင်၍ ရသေ့ရဟန်းပြုကာ ကောင်းကျိုးချမ်းသာကို ရှုမြင်ရန် တောထွက် လာခဲ့သော ဆရာ ရသေ့ကြီးတဦး တောထဲတွင် ရှိလေ၏။ ကောင်းကျိုးချမ်းသာများ ရရှိရန် အလို့ငှာ ကြိုးပမ်း အားထုတ်မှုကြောင့် ဈာန်သမာပတ်များလည်း ရရှိလာလေတော့သည်။

ထိုသို့ အေးချမ်း ငြိမ်သက်လှသော ရသေ့ကြီးထံ ခိုဝင်လာသော တပည့်ရသေ့ များမှာလည်း မိမိတို့ စည်းစိမ်ဥစ္စာ မှန်သမျှကို စွန့်ခဲ့ကြသူများဖြစ်လေသည်။ ရှိသမျှ သံယောဇဉ်တို့ကို ဖြတ်တောက်ခဲ့သော ထိုတပည့်ရသေ့များတွင် တဦးကတော့ သံယောဇဉ် မဖြတ်နိုင်သော အရာတခု ရှိနေလေသည်။

သီတင်းသုံးဖော် ရသေ့များကပင် သူ့ကို မောင်မောင်ဝါး အဖေဟု ခေါ်ဝေါ်ရသည် အထိ သားသမီးသဖွယ် ကျွေးမွေး စောင့်ရှောက်ထားသော မြွေတကောင် ထိုတပည့်ရသေ့တွင် ရှိနေလေတော့သည်။ ဝါးလုံးခေါင်းထဲမှာ ထည့်၍ မွေးမြူထားသော မြွေကို ဂရုတစိုက် စောင့်ရှောက်ပေးမှုကြောင့်လည်း ထိုရသေ့မှာ မောင်မောင်ဝါးဟု ခေါ်သော မြွေရဲ့အဖေ ဖြစ်လာရတော့သည်။

ထိုအကြောင်းကို ဆရာရသေ့ကြီး ကြားသိရသောအခါ တပည့်ရသေ့ကို ခေါ်ယူပြီး ကျိုးကြောင်းကို မေးမြန်းလေတော့သည်။ ထိုအခါ တပည့်ရသေ့မှာလည်း သူမွေးစား စောင့်ရှောက်ထားသည်မှာ မှန်ကန်ပါကြောင်း ဝန်ခံလေသည်။

ဆရာ ရသေ့ကြီးက "တပည့်၊ မြွေဟောက်နဲ့ လူသားတို့ အကျွမ်းဝင်တယ်ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဘူး။ နောက်လည်း ရှိမှာမဟုတ်ဘူး။ တပည့်က ဘယ်လောက် ပြုစု ယုယထားပေမယ့် တနေ့ကျတော့ သင့်ကို ရန်ပြုမှာ အမှန်ပဲ။ ဒါကြောင့် အခုလို ဘေးမသီရန်မခ ရှိစဉ်တုန်းက လွတ်ရာ ကျွတ်ရာ သွားလွှတ်လိုက်ပါ" ဟု ဆုံးမ ပြောဆိုလေသည်။

တပည့်ရသေ့က "တင်ပါ့၊ မြွေဟောက်နဲ့ လူသား မျိုးမတူ ဇာတ်ခြားနေပေမယ့် တပည့်တော်အတွက်တော့ သားကလေးသာ ဖြစ်နေပါတယ်။ သားကလေးကို စွန့်ပစ်ဖို့ ခက်လှပါတယ် ဘုရား" ဟု ပြန်လည် လျှောက်ထားပြီး မောင်မောင်ဝါး ကိုတော့ မွေးစားမြဲ မွေးစားထားလေတော့သည်။

တနေ့သော် တပည့်ရသေ့များသည် သစ်သီးရှာဖွေရန် တောထဲသို့ အလာ မောင်မောင်ဝါး အဖေလည်း သူတို့နှင့်အတူ လိုက်ပါလာ၏။ သူထွက်သွားချိန်တွင် သူ့သားမောင်မောင်ဝါး ပျောက်သွားမည်ကို စိုးရိမ်ပြီး ဝါးလုံးခေါင်းအဝကို သစ်ကိုင်းစ များဖြင့် ဆို့ပိတ်ထားခဲ့၏။

သစ်သီးများ ရှာဖွေရင်း အချိန်ကြာသွားကာ ညနေတော်တော် စောင်းသွား၏။ ထိုကြောင့် ကျောင်းသို့မပြန်တော့ပဲ ရသေ့များက ထိုတောထဲတွင်ပဲ ညအိပ်လိုက်ကြသည်။ နောက်နေ့တွင်လည်း ထိုတောထဲမှ သစ်သီးများက စားကောင်းလွန်း၍ တောထဲမှာပင် ဆက်နေကြ ပြန်သည်။

ဤသို့ဖြင့် ၂ ရက် ကြာသွားကာ ပိတ်ဆို့ ခံထားရသော မောင်မောင်ဝါးမှာ ဆာလောင်မှုနှင့် အတူ ဒေါသ ထွက်နေတော့သည်။

မောင်မောင်ဝါး အဖေ ရသေ့ကြီးသည်လည်း စားကောင်းသောက်ဖွယ်ရာ ဖြစ်သော သစ်သီးများကို သူ့သား မောင်မောင်ဝါးအတွက် သတိတရ ယူလာပေးသော်လည်း စိတ်ဆိုး ဒေါသထွက်နေသော မောင်မောင်ဝါးမှာ ချော့မြှူလို့ပင် မရတော့ပဲ ရသေ့၏ လက်ဝါးကို ကိုက်လိုက်ပါတော့သည်။ ရသေ့လည်း ထိုနေရာမှာပင် လဲကျသေဆုံးရတော့သည်။

ဆရာ ရသေ့ကြီးသည် မောင်မောင်ဝါးအဖေ၏ အလောင်းကို တပည့်များနှင့်အတူ ဖုတ်ကြည်းသင်္ဂြိုဟ်ပြီးလျှင် ဤသို့ ဆုံးမစကားဆို၏ "ဆရာသမားက အကျိုးစီးပွား ဖြစ်ပွားစေချင်လို့ ကြိုတင်ဆုံးမတာကို မလိုက်နာသူ ကျိုးကြောင်း မဆင်ခြင် တတ်သူဟာ မောင်မောင်ဝါးရဲ့ အဖေလိုပဲ အကျိုးမဲ့ ပျက်စီးရပေလိမ့်မယ်" ဟု ဆုံးမစကား မြွက်ကြားလိုက်လေသည်။

CartoonBakery

Post a Comment

0 Comments