အကြောက်လွန်သော ယုန်ကလေး

တခါတုန်းက ယုန်ကလေးတကောင်ဟာ အပင်တပင် အောက်မှာ ထိုင်နေရင်းနဲ့ တွေးနေပါတယ်။ ယုန်ကလေးဟာ "ခုနေများ ကမ္ဘာကြီး ပျက်သွားမယ် ဆိုရင် ငါဘယ်လို လုပ်ရမလဲ" လို့ တွေးနေတယ်။ အဲဒီအချိန်မှာပဲ အပင်ပေါ်က အသီးတလုံးက ယုန်ကလေးရဲ့ ခေါင်းပေါ် ကြွေကျ ပါတော့တယ်။

ယုန်ကလေးဟာ ဘာကိုမှ ဆက်မတွေး နိုင်တော့ဘဲ "ကမ္ဘာကြီး ပျက်ပြီ" လို့ အထင် ရောက်ကာ အသည်းအသန် ထပြေး ပါတော့တယ်။ ယုန်ရဲ့ စိတ်ထဲမှာ အသီး ကြွေကျခြင်းက သူ့အတွေးထဲက ကမ္ဘာကြီး တကယ် ပျက်ပြီဆိုတဲ့ အထင်နဲ့ တွေးပြီး ကြောက်လန့်တကြား ပြေးတာ ဖြစ်ပါတယ်။

ယုန်ကလေးဟာ မျက်လုံး စုံမှိတ်ပြီး နောက်ကို လုံးဝ လှည့်မကြည့်ဘဲ အားကုန် ပြေးပါတော့တယ်။ ယုန်ကလေး ပြေးတာကို နောက်ထပ် ယုန်တကောင်က မြင်တဲ့အခါ သူ့နောက်ကို ပြေးလိုက်ရင်း မေးပါတယ်။ "သူငယ်ချင်း ဘာဖြစ်တာလဲ၊ ငါ့ကိုလည်း ပြောပါအုံး"

ဒါပေမယ့် ပထမယုန်က အဖြေမပေးနိုင် ခင်မှာပဲ ဒုတိယယုန်က ပထမယုန်နောက် ကြောက်လန့်တကြား ပြေးလိုက် ပါတော့တယ်။ နောက်ထပ် နောက်ထပ်သော ယုန်တွေ ကလည်း ရှေ့က ယုန်နှစ်ကောင်ကို "ဘာဖြစ်တာလဲ၊ ဘာဖြစ်တာလဲ ပြောပါအုံး" လို့ ကြောက်လန့် တကြား မေးရင်း ပြေးလိုက်ကြ ပြန်ပါတယ်။

နောက်ဆုံးမှာတော့ ပထမယုန်က "ကမ္ဘာကြီး ပျက်နေပြီ" လို့ ပြောတဲ့ စကားကို ကြားတဲ့ ယုန်တွေက အသည်းအသန် ပြေးကြ ပါတော့တယ်။ ယုန်တွေ အုပ်စုလိုက် အသည်းအသန် ပြေးလွှားနေတာကို မြင်တဲ့အခါ တောထဲက သမင်တွေ၊ သိုးတွေ၊ ဆိတ်တွေ၊ နွားတွေ၊ ကျားတွေနဲ့ ခြင်္သေ့တွေ ကလည်း အသည်းအသန် လိုက်ပြေး ကြပါတယ်။

အဲဒီအခါမှာ ဉာဏ်ရှိတဲ့ ခြင်္သေ့တကောင်က စဉ်းစားပါတယ်။ "ဘာလို့ ပြေးနေကြတာလဲ" လို့ ပြေးနေတဲ့ တိရိစ္ဆာန်အုပ်ကို မေးလိုက်ပါတယ်။ အားလုံးက "ကမ္ဘာပျက်နေပြီ" လို့ ပြန်ဖြေ ကြတယ်။ "ဟုတ်ပြီ၊ အဲဒါဆို ကမ္ဘာပျက်တာကို ဘယ်သူက စမြင်သလဲ" လို့ ခြင်္သေ့က မေးလိုက်တဲ့အခါ ဆင်တွေက စမြင်တာကို ဖြေကြပါတယ်။

ဆင်တွေကို မေးတဲ့အခါ ဆင်တွေက "ငါတို့ စမြင်တာ မဟုတ်ဘူး၊ ခြင်္သေ့တွေ စမြင်တာ" လို့ ဖြေပြန်တယ်။ ခြင်္သေ့တွေကို မေးပြန်တဲ့ အခါ "ကျားတွေ စမြင်တာ" လို့ ဖြေပြန်တယ်။ ကျားတွေကို မေးတဲ့အခါ ကျားတွေ ကနေ ကြံ့တွေကို ပြောပြန်တယ်။ ကြံ့တွေ ကနေ ဆတ်တွေ မြင်တယ်၊ ဆတ်တွေ ကနေ ဝက်ဝံတွေကို ပြောပြန်တယ်။

အဲဒီလိုနဲ့ နောက်ဆုံးမှာတော့ ပထမဆုံး ပြေးတဲ့ ယုန်ဆီကို ရောက်သွား ပါတော့တယ်။ ထိုအခါ မိုက်မဲတဲ့ ယုန်လေးက "ဟုတ်တယ်၊ ငါ အပင်အောက်မှာ ထိုင်နေတုန်း ဝုန်းခနဲ အသံကြီး ကြားရပြီး ကမ္ဘာကြီး ပြိုပြီဆိုတဲ့ အထင်နဲ့ ထပြေးခဲ့တာ" လို့ ပြန်ဖြေတယ်။

အဲဒီမှာ ကျားတကောင်က "မင်းထိုင်နေတုန်း အသီးက ကြွေကျလာတယ်ပေါ့" လို့ မေးလိုက်ပြန်တယ်။ ယုန်က "ဟုတ်တယ် အသီးတလုံး ကြွေကျ လာတာ၊ ငါ့ကျောပေါ်ကိုပေါ့" လို့ ပြန်ဖြေ လိုက်တယ်။ "ကဲ၊ အဲဒါဆို အဲဒီနေရာ ငါတို့ကို လိုက်ပြ" လို့ ကျားကော ကျန်တဲ့ တိရိစ္ဆာန်တွေက ပြောလိုက် ပါတယ်။ အဲဒီလိုနဲ့ ပထမဆုံး ယုန် ထိုင်နေခဲ့တဲ့ အပင်အောက်ကို ရောက်သွား ကြပါတယ်။

အဲဒီနေရာမှာ ကြွေကျနေတဲ့ အသီးကိုသာ တွေ့ရပြီး ဘာမှ မတွေ့ရပါဘူး။ အဲဒီအခါကျမှ ယုန်ကလေးဟာ အကြောင်းရင်းကို သေချာ မသိဘဲ သေချာ မစဉ်းစားဘဲ ကြောက်လန့် နေမိတာ ဖြစ်ကြောင်း သိရပါတော့တယ်။

ဒီပုံပြင်လေးကို အားလုံးလည်း ကြားဖူးပြီးသား ဖြစ်မှာပါ။ ကိစ္စတခုခုကို အကြောင်းရင်း သေချာမသိဘဲ၊ သေချာ မစဉ်းစားဘဲ ကြောက်လန့်တတ်ခြင်းက ကိုယ့်ကိုယ်ကို သာမက အခြားသူများကိုလည်း ထိခိုက်စေ တတ်ကြောင်း သင်ခန်းစာ ပေးထားတာ ဖြစ်ပါတယ်။ ဘယ်အရာမှာမဆို အကြောင်းရင်း ဇစ်မြစ် သေချာသိအောင် ကြိုးစားပြီးမှ ဘာဆက်လုပ်သင့် သလဲ ဆိုတာ တွေးတောရမှာ ဖြစ်ပါတယ်။

Crd

Post a Comment

0 Comments