ကြောက်တတ်တဲ့ နှလုံးသားနဲ့ ကြွက်

တခါတုန်းက အလွန်ကိုမှ ကြောက်တတ်တဲ့ ကြွက်ကလေး တကောင် ရှိတယ်။ သူ ကြောက်တာက ကြောင်။ ကြောင်သံ ကြားတာနဲ့ သူ စိတ်ဆင်းရဲလာရော။

တနေ့မှာတော့ ကြွက်က တန်ခိုးရှင်ကို ဆုတောင်းသတဲ့ ။ ကြောင် ဖြစ်ပါရစေ။ တန်ခိုးရှင်လည်း သနားပြီး ဖန်ဆင်းပေးလိုက်တယ် ။

အဲဒီမှာ ကြွက်ကလေးလည်း ကြောင် ဖြစ်သွားပြီ။ ကြောင် ဖြစ်တော့ ကြောက်စိတ် ထပ်ပေါ်လာတယ်။ ခွေးကို ကြောက်တာ။ ဒါနဲ့ တန်ခိုးရှင် ကို ထပ် ဆုတောင်းတယ်။ ခွေး ဖြစ်ပါရစေ တဲ့။ တန်ခိုးရှင်လည် စီစဉ် ပေးလိုက်တယ် ။ ခွေး ဖြစ်သွားပြီ ။

ခွေးဖြစ်တော့ မြေခွေးကို ကြောက်ပြန်သတဲ့။ တန်ခိုးရှင် စိတ်ညစ်လာပြီ။ ကဲ လုပ်ပေးလိုက် ဦးမယ် ဆိုပြီး မြေခွေး ဖြစ်အောင် လုပ်ပေးတယ်။ မြေခွေး ဖြစ်တော့ ဝံပုလွေကို ကြောက်ပြန်ရော ။ ဆုတောင်းပြန်ပြီ။ ဝံပုလွေ ဖြစ်ပါရစေ။

တန်ခိုးရှင်လည်း နောက်ဆုံးပဲ ဆိုပြီး ဝံပုလွေ အဖြစ် ပြောင်းပေးလိုက်တယ်။ ဝံပုလွေဘဝ ရောက်လို့ မကြာခင် ကျားကို ကြောက်ပြန်တယ်။ ထပ် ဆုတောင်းတယ် ။ ကျား ဖြစ်ပါရစေ လို့ ဆုတောင်းတယ် ။ ဒါပေမယ့် နောက်နေ့ မနက်ကျတော့ ကျားမဖြစ်ဘဲ သူဟာ ကြွက် ပြန်ဖြစ် နေတယ် ။

ကြွက်ဟာ တန်ခိုးရှင်ကို ငိုယိုပြီး ဘယ်လို ဖြစ်တာလဲ မေးတော့ တန်ခိုးရှင်က ရှင်းပြတယ်။ " မင်းက ခန္ဓာကိုယ်သာ ပြောင်းသွားတယ်။ ကြောက်တတ်တဲ့ နှလုံးသားက လုံးဝ မပြောင်းလဲ သွားဘူး။ ငါ မင်းကို ဘာကောင် ဖြစ်အောင် လုပ်လုပ် မင်း ကြောက်နေမှာပဲ။ ဒီတော့ ကြွက်ဘဝပဲ နေပါကွာ၊ မင်းနဲ့ ပိုသင့်တော် ပါတယ် " တဲ့။

ဒီပုံပြင်ထဲကလိုပဲ လူဟာလည်း ကံကောင်းလို့ အပြင်ပန်း ဘဝ ပြောင်းလဲသွားရင်တောင် နှလုံးသားထဲက အကြောက်တရား မပြောင်းလဲနိုင်ရင် အခက်အခဲ တွေကိုပဲ အာရုံစိုက် မိလိမ့်မယ်၊ အခွင့်အလမ်းကို အာရုံစိုက် မိမှာ မဟုတ်ဘူး။

ဘဝတခုကို ပြောင်းပစ်တော့မယ်လို့ ဆုံးဖြတ်ထားရင် မိမိစိတ်ဓာတ်ကို အရင်ဆုံး ပြောင်းပစ်ဖို့ ပိုအရေးကြီးတယ် ။ အပြင်ဘက်မှာ အားနည်းနေလည်း အတွင်းထဲက ရဲရင့်တဲ့ နှလုံးသား ရှိရင် ယှဉ်ပြိုင်နိုင်တယ် ။

ဒီလိုပြောလို့ ရှေ့နောက် ချိန် ဆ တဲ့ ဉာဏ်ပညာ မပါဘဲ ဇွတ်တိုးလုပ်ပါ၊ အောင်မြင်လိမ့်မယ်လို့ မဆိုလိုပါဘူး။ ဉာဏ်ပညာဟာ အောင်မြင်ဖို့ အရေးအကြီးဆုံး အချက်ထဲမှာ ပါ ပါတယ်။

ဒါပေမယ့် ချီတုံချတုံ ဖြစ်နေတဲ့ ဆုံးဖြတ်ချက်တွေ ချဖို့၊ နယ်ပယ်သစ် တခုကို ဝင်ဖို့ အခက်ဆုံး ဖြစ်နေတဲ့ ပထမ ခြေလှမ်း စလှမ်းဖို့တော့ လုံလောက်တဲ့ သတ္တိရှိမှ ရမယ်။

အခက်အခဲတွေ ကျိန်းသေတွေ့ရမယ့် လောကကို ရင်ဆိုင်ဖို့ အတွက် နှလုံးသားက ရဲရင့်ဖို့ လိုတယ်။ ကြောက်တတ်တဲ့ ကြွက် နှလုံးသားနဲ့တော့ ဘယ်နေရာမှာမှ အဆင်ပြေမှာ မဟုတ်ပါဘူး။

crd

Post a Comment

0 Comments