ကလေးတွေရဲ့အနာဂတ်ကို သက်ရောက်မှုရှိစေတဲ့ မိဘအုပ်ထိန်းနည်း (၄) မျိုး

သင်က မိဘတစ်ဦး ဖြစ်လာတဲ့အခါမှာ သင့်ဆုံးဖြတ်ချက်တွေဟာ သင့်ကလေးရဲ့ အနာဂတ်ကို ဘယ်လိုတွေ အကျိုးသက်ရောက်စေနိုင်ကြောင်း လျင်မြန်စွာ သိရှိနားလည်လာပါလိမ့်မယ်။ ပြီးတော့ သင့်ရဲ့ကလေးတွေအပေါ် တင်းကြပ်သင့်လား ဒါမှမဟုတ် ညှာတာသင့်သလား ဆိုတာကို ရွေးရတာက စိတ်ဖိစီးစေပါလိမ့်မယ်။

သုတေသနပြုချက်တွေအရ မိဘတွေဟာ သူတို့ရဲ့ကလေးတွေ ဘယ်လိုတောင်းဆိုတယ် ဆိုတာပေါ် မူတည်ပြီး ဘယ်လို တုံ့ပြန်သင့်တယ် ဆိုတာကို နည်းလမ်းတွေ သိခဲ့ကြောင်း ဖော်ပြထားပါတယ်။

၁။ တင်းကြပ်ပြီး ထိန်းချုပ်တတ်တဲ့မိဘ

အာဏာရှင်ဆန်တဲ့ မိဘတွေက အလွန်တင်းကြပ်ပြီး သားသမီးတွေကို သူတို့စိတ်တိုင်းကျ ထိန်းချုပ်ထားတတ် ကြပါတယ်။ သားသမီးတွေရဲ့ ဆန္ဒကိုလည်း မစဉ်းစားပဲ သူတို့ရဲ့ စည်းကမ်းတွေကိုပဲ မျက်စိမှိတ် လိုက်နာရမှာပဲ ဖြစ်ပါတယ်။ ညှိနှိုင်းခွင့်လည်း မပေးပါဘူး။ ညှိနှိုင်းတဲ့အခါလည်း ပြန်ပြောတယ် လို့ ယူဆသွားကြတယ်။ သားသမီးတွေရဲ့ ခံစားချက်နဲ့ ထင်မြင်ယူဆချက်တွေကို ထည့်သွင်းစဉ်းစားလေ့ မရှိပါဘူး။ ကလေးတွေက သတ်မှတ်ထားတဲ့ စည်းကမ်းကို ဖောက်ဖျက်ရင်လည်း စည်းကမ်းအစား ပြစ်ဒဏ်ကို အသုံးပြုကြပါတယ်။

ဒီလို မိဘတွေက သူတို့ကိုယ်သူတို့ သားသမီးအပေါ် “နက်နဲတဲ့မေတ္တာ” ပေးနေတယ်လို့ ယူဆထားကြပြီး ကလေးကို လက်တွေ့ကမ္ဘာအတွက် ပိုမိုကောင်းမွန်စွာ ပြင်ဆင်ပေးနိုင်မယ်လို့ တစ်ဖက်ပိတ် ယုံကြည်နေကြတာပါ။ အမှန်တကယ်တော့ ဒီမိဘအုပ်ထိန်းမှု ပုံစံဟာ ကလေးတစ်ဦးကို အမှန်တကယ် ထိခိုက်စေ နိုင်ပါတယ်။ အာဏာရှင်ဆန်တဲ့ မိဘတွေရဲ့ သားသမီးတွေဟာလည်း မကြာခဏ ဆိုသလို အမှီအခိုမကင်း၊ လုံခြုံမှုမရှိသလို ခံစားရသလို ကိုယ့်ကိုယ်ကိုယ် လေးစားမှုကင်းမဲ့တဲ့ ပြဿနာတွေ ရှိတတ်ကြပါတယ်။

ခေါင်းဆောင်မှုအတွက် အရေးပါတဲ့ လူမှုဆက်ဆံရေးစွမ်းရည်လည်း ညံ့ဖျင်းတတ်ကြပါတယ်။ ဘာလို့လဲဆိုတော့ ငယ်စဉ်အခါက သူတို့ရဲ့ ထင်မြင်ယူဆချက်တွေကို တန်ဖိုးမထားခဲ့တဲ့ မိဘတွေကြောင့်ပဲ ဖြစ်ပါတယ်။ မိဘတွေက သူတို့အတွက် အမြဲတမ်း ဆုံးဖြတ်ပေးနေတာကြောင့် ဒီလိုတွေ ဖြစ်ရခြင်းပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အာဏာရှင်ဆန်တဲ့ အုပ်ထိန်းမှုဟာ သားသမီးတွေရဲ့ အနာဂတ်ဆက်ဆံရေးမှာ ရန်လိုပြီး အာဏာရှင်ဆန်စေနိုင် ပြန်ပါသေးတယ်။

ဒီလို ကလေးတွေဟာ ဘယ်ရှင်းပြချက်မှ မပေးခဲ့ရတာကြောင့် အမှားအမှန် မသင်ယူနိုင်ဘဲ ပြစ်ဒဏ်ကို အမြဲရှောင်ချင်တာကြောင့် လိမ်လည်တတ်သူတွေအဖြစ်တောင် ပြောင်းလဲသွားနိုင် ပါသေးတယ်။ တင်းကြပ်တဲ့ စည်းကမ်းတွေကို အမြဲတမ်း ချမှတ်ခံခဲ့ရတာကြောင့် သူတို့မှာ ချုပ်တည်းမှုဆိုင်ရာ ပြဿနာတွေလည်း ရှိနိုင်ပါတယ်။

၂။ အ​လေးထားတတ်ပြီး ဒီမိုကရေစီဆန်တဲ့မိဘ

အာဏာပိုင်ဆန်တဲ့ မိဘတွေကလည်း စည်းမျဥ်းတွေချမှတ်ပြီး စည်းကမ်းတွေ ဖန်တီးထားတာကြောင့် အာဏာရှင်မိဘတွေနှင့် ဆင်တူပါတယ်။ မတူတာတစ်ခုကတော့ သူတို့ရဲ့ လုပ်ဆောင်ချက်တွေနှင့် ဆုံးဖြတ်ချက်တွေကို သူတို့ရဲ့ သားသမီးတွေကို ရှင်းပြခြင်းပဲ ဖြစ်ပါတယ်။ သူတို့က ကလေးတွေရဲ့ အတွေးနဲ့ စိတ်ခံစားချက်တွေကို ပိုသတိထားတတ်ပြီး ဘာလုပ်လုပ် ဘာပြောပြော ထည့်သွင်းစဉ်းစားပေးပါတယ်။ သားသမီးတွေကို အပြစ်ပေးမယ့်အစား ဆုံးမပဲ့ပြင်မှုကို အသုံးပြုပြီး ကောင်းမွန်တဲ့ အမူအကျင့်တွေကို အားဖြည့်ပေးပါတယ်။

ဒီမိဘအုပ်ထိန်းမှု အမျိုးအစားကို ဒီမိုကရက်တစ်လို့လည်း ခေါ်ဆိုကြပြီး ကလေးတွေက သူတို့ရဲ့ ထင်မြင်ချက်တွေကို ထုတ်ဖော်ပြောဆိုနိုင်ပြီး သူတို့ရဲ့ မိဘတွေနှင့် ကောင်းမွန်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နိုင်တာကြောင့်လည်း ဖြစ်ပါတယ်။ မိဘတွေကလည်း သူတို့ကလေးရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေမှာ စည်းကမ်းသတ်မှတ် ထားပေမယ့်လည်း အလွန်အကျွံ ချုပ်ကိုင်ထားခြင်းမရှိပါဘူး။ သူတို့ရဲ့ သားသမီးတွေကို အပြစ်မပေးပဲ အမှားတွေကို ပြင်ဆင်ခွင့်ပေးပါတယ်။

ဒီလို စဉ်းစားပေးတတ်တဲ့ မိဘတွေရဲ့ သားသမီးတွေဟာ အမှီအခိုကင်းပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိကြပါတယ်။ သူတို့ဟာ သူတို့ဘာသာသူတို့ ဆုံးဖြတ်ချက်ချရာမှာ ပိုကောင်းပြီး ပေါင်းသင်းဆက်ဆံရေးစွမ်းရည်လည်း ကောင်းပါတယ်။ ပြီးတော့လည်း ပိုမိုကောင်းမွန်တဲ့ ထိန်းချုပ်နိုင်စွမ်းနှင့် စိတ်ပိုင်းဆိုင်ရာ စွမ်းရည်တွေ ရှိပြီး တခြားသူတွေထက်လည်း ပိုပြီး စာနာတတ်ကြပါတယ်။ ဒီအရည်အချင်းတွေ အားလုံးက ဘဝမှာ အောင်မြင်လာဖို့ ကူညီပေးနိုင်ပါတယ်။

၃။ အချစ်လွန်တဲ့မိဘ

ဒီလိုမိဘတွေဟာ စည်းကမ်းတွေ ချမှတ်ပေမယ့်လည်း ကလေးတွေက သူတို့ထုတ်တဲ့ စည်းကမ်းတွေကို လိုက်နာဖို့ ခက်ခဲနိုင်ပါတယ်။ သားသမီးတွေကိုလည်း ဆုံးမရမှာ သနားပြီး သူတို့ရဲ့အကျင့်ဆိုးတွေကိုလည်း အလွယ်တကူ ခွင့်လွှတ်ပေးပါတယ်။ မိဘတွေထက် သူငယ်ချင်းတွေကို ပိုချစ်မှာလည်း ကြောက်ကြပါတယ်။

ဒီလိုအလိုလိုက်လွန်းတဲ့မိဘတွေဟာ သားသမီးတွေရဲ့ ခံစားချက်နှင့် ဆန္ဒတွေကို တန်ဖိုးထားလွန်းတာကြောင့် ကလေးတွေကို အပျက်သဘောဆောင်တဲ့ဘက်ကို ကူးသွားစေနိုင်ပါတယ်။ အချစ်လွန်ကြတဲ့ မိဘတွေဟာ စည်းကမ်းတွေကို သိပ်ပြီး အလေးမထားတာကြောင့် ကလေးတွေဟာလည်း ချုပ်တည်းခြင်းနှင့် စည်းကမ်းတွေကို လိုက်နာခြင်းတွေမှာ ပြဿနာတွေ ရှိလာနိုင်ပါတယ်။

ပြီးတော့လည်း လူမှုဘဝအပေါ် အပျက်သဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ သူတို့ လိုချင်တာမှန်သမျှကိုလည်း ဖြည့်စည်းပေးတယ်ဆိုရင်တော့ ကလေးဟာ ပျက်စီးဖို့ လွယ်ကူသွားပါတယ်။ ဒါ့အပြင် ဒီလိုကလေးတွေဟာ မကြာခဏ ဆိုသလို မိမိကိုယ်ကို လေးစားမှုနည်းပါးကြပြီး ပညာရေးမှာလည်း ညံ့ဖျင်းတတ်ကြပါတယ်။

၄။ လျစ်လျူရှုတတ်တဲ့ မိဘ

ဒီလိုမိဘတွေဟာ ကလေးတွေရဲ့ ဖွံ့ဖြိုးမှုအပေါ် စိတ်ဝင်စားမှု နည်းပါးတတ်ကြပါတယ်။ သူတို့က စည်းကမ်းတွေ အများကြီး မသတ်မှတ်ဘဲ သူတို့ရဲ့ ကလေးတွေအပေါ်ကိုတောင် လုံလောက်တဲ့ ပံ့ပိုးမှု ဒါမှမဟုတ် လမ်းညွှန်မှုတွေ မပေးတဲ့အပြင် ကလေးတွေကို မြန်မြန်ကြီးပြင်းလာဖို့ပဲ မျှော်လင့်နေတတ် ကြပါတယ်။

ဒါပေမယ့် ဒီလိုလုပ်တာကလည်း ရည်ရွယ်ချက်ရှိရှိနဲ့ မဟုတ်ပါဘူး။ အလုပ်မှာ စိတ်ဖိစီးမှု ဒါမှမဟုတ် စိတ်ကျန်းမာရေးလိုမျိုး ပြဿနာတွေနဲ့ မိဘတစ်ဦးဟာ သူ့ရဲကိုယ်ပိုင်ပြဿနာတွေနှင့် လုံးထွေးနေရတာကြောင့် သားသမီးအပေါ်ကို ဂရုမစိုက်မိတာမျိုး ရှိတတ်ပါတယ်။ ဒီလိုမိဘမျိုးတွေရဲ့ ကလေးတွေကတော့ မိမိကိုယ်ကိုယ် လေးစားမှုနှင့် ပညာရေးဆိုင်ရာ စွမ်းဆောင်ရည်မှုတွေမှာ ပြဿနာတွေ ရှိနိုင်ပါတယ်။

သူတို့ဟာ သူတို့ရဲ့ စိတ်ခံစားချက်တွေကို ထိန်းချုပ်ဖို့ အခက်အခဲ ရှိနိုင်ပါတယ်။ ငယ်စဉ်ကတည်းက မေတ္တာနှင့် အထောက်အပံ့တွေကို မရခဲ့တာကြောင့် စည်းကမ်းတွေကို မလိုက်နာခြင်း၊ ပြောဆိုဆက်ဆံခြင်းမှာ ခက်ခဲခြင်း၊ အခြားသူတွေနှင့် ရင်းနှီးတဲ့ ဆက်ဆံရေး တည်ဆောက်တဲ့နေရာမှာ အခက်အခဲ ရှိနိုင်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments