အဝတ်အစားနဲ့ လက်ဝတ်ရတနာလိုက်ဖက်အောင် ရွေးချယ်ရာမှာ အဓိကကျတဲ့အချက် (၅) ခု

ခေတ်မီပြီး လည်ပြန်ငေးလောက်အောင် လှပသူဖြစ်ဖို့အတွက် အဝတ်အစား ရွေးချယ်တာက အရေးပါသလို အဝတ်အစားနဲ့ လက်ဝတ်ရတနာ လိုက်ဖက်ဖို့ကလည်း အရေးပါပါတယ်။ လက်ဝတ်ရတနာကို အဝတ်အစားနဲ့ လိုက်ဖက်အောင် မရွေးချယ်တတ်တဲ့အခါ ကိုယ့်ရဲ့ရှိရင်းအလှတောင် ပျက်သွားမှာပါ။

အဲဒါကြောင့် လက်ဝတ်ရတနာ ရွေးချယ်တဲ့အခါ အဝတ်အစားနဲ့ လိုက်ဖက်အောင် ဘယ်လိုရွေးချယ်သင့်လဲ ဆိုတာကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ အရွယ်အစား

သင့်ရဲ့သွင်ပြင်နဲ့ လက်ဝတ်ရတနာက လိုက်ဖက်မှု ရှိသင့်ပါတယ်။ လက်ဝတ်ရတနာက အရမ်းသေးနေရင် ကြည့်မကောင်းသလို အရမ်းကြီးနေရင်လည်း ရယ်စရာပုံစံဖြစ်နေတတ်ပါတယ်။ နားကပ်၊ ရိုးရှင်းတဲ့ပုလဲလည်ဆွဲ စတဲ့ လက်ဝတ်ရတနာအသေးလေးတွေက တောက်ပတဲ့ အဝတ်အစားတွေ၊ ပန်းရိုက်အထည်တွေနဲ့ လိုက်ဖက်ပါတယ်။

ရိုးရှင်းတဲ့ သွင်ပြင်ကို ဖန်တီးချင်တဲ့အခါ အရောင်တူတဲ့ လက်ဝတ်ရတနာတွေကို ဝတ်ဆင်ပါ။ ခပ်ကြီးကြီး လက်ဝတ်ရတနာတွေက ရိုးရှင်းတဲ့ ဘလောက်စ်အင်္ကျီ၊ ဂျင်းအဝတ်အစားတွေနဲ့ လိုက်ဖက်ပါတယ်။

၂။ အရောင်

ရွှေထည်နဲ့ ငွေထည် လက်ဝတ်လက်စားတွေက ဘယ်အဝတ်အစားနဲ့မဆို လိုက်ဖက်ပါတယ်။ အထူးသဖြင့် အဖြူရောင်၊ အနက်ရောင်၊ မီးခိုးရောင် အဝတ်အစားတွေနဲ့ ပိုလိုက်ဖက်ပါတယ်။ အစိမ်းရောင်ရင်ထိုးက စိမ်းဝါရောင် အဝတ်အစားတွေနဲ့ဆိုရင် ပိုပြီးပေါ်လွင်ပါတယ်။

ဆန့်ကျင်ဘက် အရောင်တွေကို တွဲပြီးဝတ်ရင်လည် လှပပါတယ်။ ခရမ်းရောင်လည်ဆွဲကို အစိမ်းရောင်ဝတ်စုံနဲ့ တွဲဝတ်ရင် ထင်းကနဲ လှနေမှာပါ။ အရောင်စုံတဲ့ လက်ဝတ်ရတနာတွေက ပေါ်လွင်ပေမယ့် အရောင် ၂ ရောင်ထက် ပိုပြီ းဝတ်လိုက်ရင်တော့ သိပ်မလှတော့ပါဘူး။

၃။ ဝတ်ဆင်ပုံ ဝတ်ဆင်နည်း

ယဉ်ယဉ်လေးနဲ့ လှပဖို့ဆိုရင် စိန်နားကပ်နဲ့ ပုလဲလည်ဆွဲကို တွဲဖက်ပြီး ဝတ်ဆင်သင့်ပါတယ်။ ထူးထူးခြားခြားလေး လှပချင်ရင်တော့ ကျောက်ကြီးကြီးပါတဲ့ လက်ဝတ်ရတနာတွေ၊ လည်ဆွဲအကြီးကြီးတွေကို ဝတ်ဆင်ပါ။

၄။ အသားအရောင်

သင့်ရဲ့အသားအရောင်က ရွေးချယ်လိုက်တဲ့ လက်ဝတ်ရတနာကို တိုက်ရိုက်လွှမ်းမိုးမှု ရှိစေပါတယ်။ အသားလတ်သူ၊ အသားဖြူသူ၊ အသားဝါသူတွေက ရွှေထည်၊ ငွေထည်တွေနဲ့ဆိုရင် ပိုလိုက်ဖက်ပါတယ်။ အနီရောင်၊ ခရမ်းရောင်၊ အပြာရောင် လက်ဝတ်ရတနာတွေနဲ့ ဆိုရင်လည်း အလှက ပိုတိုးလာမှာပါ။ ရွှေက အသားညိုပြီး ဆံပင်အနက်ရောင် ရှိသူတွေကို ပိုပြီးပေါ်လွင်စေပါတယ်။

၅။ လည်ဆွဲပုံစံ

လည်ဆွဲက အဓိကကျတဲ့ လက်ဝတ်ရတနာပါ။ အဲဒါကြောင့် လည်ဆွဲက သင့်အင်္ကျီရဲ့ လည်ပင်းပုံစံနဲ့ လိုက်ဖက်ဖို့လည်း အရေးကြီးပါတယ်။ V ပုံစံအင်္ကျီ လည်ပင်းဝတ်မယ်ဆိုရင် v ပုံစံ ဘယက်ခွက်တွေနဲ့ သိပ်မလိုက်ပါဘူး။ အင်္ကျီလည်ပင်းက စတုရန်းပုံစံဆိုရင် ကွင်းဆက်ထားတဲ့ လည်ဆွဲတွေက ပိုလှပါတယ်။

လည်ပိတ်ဆွယ်တာတွေနဲ့ ဆိုရင် လည်ဆွဲမပါတာက လှပါတယ်။ ဒါပေမယ့် လည်ဆွဲဝတ်ချင်ရင်တော့ အထပ်များစွာပါတဲ့ လည်ဆွဲကို ရွေးသင့်ပါတယ်။ အင်္ကျီလည်ပင်းအဝိုင်းဆိုရင် ပုလဲလည်ဆွဲလို ခပ်ဝိုင်းဝိုင်းလည်ဆွဲတွေက အလိုက်ဖက်ဆုံးပါပဲ။

Zombie (lovemedia)

Post a Comment

0 Comments