သင့်ကလေးတွေကို အရာရာဟာ လွယ်လွယ်ကူကူနဲ့ မရကြောင်း သင်ပေးနိုင်မယ့် နည်းလမ်း (၇) ခု

မိဘတွေဟာ သားသမီးတွေကို နည်းမျိုးစုံနဲ့ ပံ့ပိုးပေးကြပြီး ကလေးတွေရဲ့ဘဝ အဆင်ပြေပြေဖြစ်စေဖို့ ဖြည့်စည်းပေးကြတာ သဘာဝပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အများကြီး ဖြည့်စည်းပေးမိရင်တော့ ကလေးဟာ ကိုယ့်ကိုယ်ကို အားမကိုးတတ်တော့တာမျိုးတွေ ဖြစ်တတ်ပါတယ်။

ကလေးတွေဟာ အရာအားလုံးကို အလွယ်တကူ ရနေတာကြောင့် အရာအားလုံးကို ပေါ့ပေါ့လေး တွေးသွားနိုင်ပါတယ်။ ဒါပေမယ့် ကျေးဇူးသိတတ်မှု၊ လေးမြတ်မှုနှင့် နှိမ့်ချမှုတို့ရဲ့တန်ဖိုးကို နားလည်အောင် ပြောပြပေးခြင်းက ဒီအကျင့်တွေကို ပြုပြင်ပေးနိုင်ပါတယ်။

၁။ သူတို့ရဲ့ စံပြပုဂ္ဂိုလ် ဖြစ်ပါစေ။

ကလေးတွေဟာ မိဘတွေကို အတုယူကြပြီး အဲဒီကနေ သူတို့အကျင့်စရိုက်တွေကို အခြေခံပါတယ်။ တစ်နည်းအားဖြင့် မိဘတွေဟာ သားသမီးတွေအပေါ်မှာ သြဇာလွှမ်းမိုးမှု အကြီးမားဆုံး ဖြစ်ပါတယ်။ ဒါကြောင့် တစ်ခုခု ပေးတာပဲဖြစ်ဖြစ်၊ မုန့်လေးရတာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်လို့ ပြောတတ်အောင် လုပ်ယူပါ။ သင်ကိုယ်တိုင်ကလည်း သူတို့နားက အကူအညီတစ်ခုခု ရယူပြီးတဲ့အခါမှာ ကျေးဇူးတင်ပါတယ်လို့ ပြောပေးပါ။ ကျေးဇူးသိတတ်ခြင်းကိုလည်း လေ့ကျင့်ပေးမှသာလျှင် ကလေးရဲ့ဘဝမှာ အရာရာကို အောင်မြင်မှာပဲ ဖြစ်ပါတယ်။

၂။ ကလေးတွေကို စာနာတတ်အောင် သင်ပေးပါ။

ကလေးတွေကို သူတို့ရဲ့ အပြုအမူက တခြားလူတွေကို ဘယ်လို အကျိုးသက်ရောက်စေမလဲ ဆိုတာ သင်ကြားပေးဖို့ လိုပါတယ်။ သင့်ကို ဆိုးဆိုးရွားရွား ထိခိုက်စေတဲ့ သူတို့ပြောခဲ့တဲ့ စကားတွေကိုတောင် ထောက်ပြပေးဖို့ လိုအပ်ပါတယ်။ စာနာတတ်အောင် သင်ပေးဖို့ စာအုပ်တွေနဲ့ ရုပ်ရှင်တွေကနေ ဥပမာတွေကို ကိုးကားပြီး ကြိုးစားနိုင်ပါတယ်။

“ ဒီလူပြောတာက အရမ်းစိတ်ထိခိုက်စရာ ကောင်းတယ်။ သူ့အမျိုးသမီး ဘယ်လိုခံစားမရလဲ" စတဲ့ နည်းလမ်းတွေနဲ့ သင့်ကလေးကို ခံစားချက်တွေနှင့် သက်ဆိုင်တဲ့ စကားလုံးတွေကို ခွဲခြားသတ်မှတ်တတ်အောင် သင်ပေးသင့်ပါတယ်။

၃။ သူတို့ရဲ့ အမှားတွေကို ထောက်ပြပါ။

ကျေးဇူးကန်းမှုကို တိတိကျကျ ဖော်ပြခြင်း မဟုတ်ဘဲ သူတို့ရဲ့ စော်ကားတဲ့ စကားလုံးတွေကိုပဲ ထောက်ပြခိုင်းခြင်းပဲ ဖြစ်ပါတယ်။ သင့်ကလေးက မွေးနေ့လက်ဆောင်တွေ အလုံအလောက် မရရှိဘူးလို့ မကြာခဏ ညည်းတွားနေရင် လက်ဆောင်တွေဟာ ငွေကုန်ကြောင်းနှင့် လူတွေက ဒီလက်ဆောင်လေးကို ဝယ်ပေးဖို့အတွက် ဘယ်လိုတွေ ကြိုးပမ်းအားထုတ်ရတယ် ဆိုတာကို သိအောင်ပြောပြပါ။ သူတို့ရဲ့ လွဲမှားနေတဲ့ သဘောထားကို သင်အမြဲတစေ ထောက်ပြတဲ့အခါ သူတို့က အဲဒါကို မှတ်သားပါလိမ့်မယ်။

၄။ သင့်ကလေးတွေကို အမြဲတမ်း ကျေးဇူးပြုတတ်အောင် သင်ပေးပါ။

ကလေးတွေရဲ့ အကူအညီလိုတဲ့ လူတွေအတွက်၊ သူတို့ကို ဂရုစိုက်တဲ့သူ တစ်ယောက်အတွက် ဒါမှမဟုတ် အရင်တုန်းက သူတို့ကို ကူညီဖူးတဲ့သူအတွက် ကောင်းမွန်တဲ့အရာ တစ်ခုခုကို ပြန်လုပ်ပေးဖို့ သင့်ကလေးတွေကို လေ့ကျင့်ပေးပါ။ ကျေးဇူးရဲ့သဘောကို နားလည်လာတဲ့အခါမှာ ကျေးဇူးတရားကို တန်ဖိုးထားတတ်လာပါတယ်။

၅။ ကောင်းတာတစ်ခုခုကိုလုပ်တိုင်း အမြဲတမ်း ဆုပေးပါ။

သင့်ကလေးက အရုပ်တစ်ခုရဖို့ တောင်းဆိုလွန်းရင် မွေးနေ့အထိ စောင့်ပေးဖို့ ဒါမှမဟုတ် သူလိုချင်တဲ့ အရာကိုရဖို့ စရိတ်စကကို ချွေတာရမယ်လို့ သူတို့ကို သင်ကြားပေးပါ။ ဖုန်းဆော့တဲ့ အချိန်တွေကိုလည်း ကန့်သတ်ပြီးတော့ သူတို့ရဲ့ လိုအင်ဆန္ဒကို ထိန်းချုပ်နိုင်ပါတယ်။

ဒါပေမယ့် လာဘ်ပေးလာဘ်ယူနဲ့ ဆုလာဘ်ကို ခွဲခြားတတ်အောင်သင်ပေးပါ။ "ဒီနေ့ မင်းလိမ္မာလို့ ချိုချဉ်လေးရပြီ" လို့ပြောခြင်းဖြင့် ဆုပေးစနစ်ကို ဖော်ဆောင်ပါ။ ဒီနည်းနဲ့ သူတို့ဟာ ဆုကျေးဇူးတွေနှင့် အခွင့်အရေးတွေကို တန်ဖိုးထားလေးမြတ်ခြင်းကို ခံစားကြရမှာပဲ ဖြစ်ပါတယ်။

၆။ လက်တွေ့ဘဝ ဥပမာတွေပေးပါ။

ကျေးဇူးသိတတ်မှုနှင့် ရက်ရောမှုဆိုင်ရာ အတွေ့အကြုံတွေ၊ ပုံပြင်တွေကို ကလေးတွေ သင်ယူနိုင်စေဖို့ ခိုင်မာတဲ့ ဥပမာတွေကို ပြသပါ။ ဒီနည်းနဲ့ ကျေးဇူးရဲ့သဘောတရားတွေ၊ ရက်ရောခြင်းရဲ့ အကျိုးတွေကို နားလည်သဘောပေါက်ပြီး လက်တွေ့ဘဝမှာ အသုံးချနိုင်မှာပဲ ဖြစ်ပါတယ်။

၇။ မှတ်စုရေးတတ်အောင် သင်ပေးပါ။

ကလေးတွေက ပုံဆွဲရတာကို နှစ်သက်တဲ့အတွက် ကျေးဇူးတင်စရာ အချိန်တစ်ခုရှိတိုင်း 'ကျေးဇူးတင်ပါတယ်' မှတ်စုရေးတတ်အောင် သင့်ကလေးကို သင်ပေးနိုင်ပါတယ်။ တစ်နေ့တာ အလုပ်ပြီးလို့ အိမ်ပြန်ရောက်တဲ့အခါ သူတို့ရေးထားတာလေးတွေ ကြည့်ပြီး သူတို့ဘာတွေ လုပ်ထားတယ်၊ ဘယ်လိုတွေ ကြိုးစားထားလဲ ဆိုတာကို သိနိုင်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments