သိပ္ပံပညာရှင်တွေတွေ့ရှိခဲ့တဲ့ ကျတ်တီးမြေကို မြေဩဇာပြန်လည် ပြည့်ဝစေမယ့်နည်းလမ်း

စိုက်ပျိုးတဲ့မြေကြီးတွေကို နှစ်ပေါင်းများစွာ အသုံးပြုတဲ့အခါ မြေဆီမြေဩဇာတွေက လျော့ပါးလာပါတယ်။ အဲဒါကြောင့် Princeton တက္ကသိုလ်က သိပ္ပံပညာရှင်တွေက မြေဆီလွှာ ထိန်းသိမ်းနိုင်မယ့် နည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့ ကြပါတယ်။

နည်းလမ်းကတော့ အရမ်းကို ရိုးရှင်းပါတယ်။ လိမ္မော်ခွံနဲ့ မြေဆီလွှာကို ပြန်လည်ထိန်းသိမ်းတဲ့ နည်းပါပဲ။

၁၉၉၇ ခုနှစ်မှာ Princeton တက္ကသိုလ်က သိပ္ပံပညာရှင်တွေက Costa Rica မှာ အရမ်းကို အကျိူးရှိစေမယ့် ပရောဂျက်တစ်ခုကို စတင်ခဲ့ပါတယ်။ ပရောဂျက်က သစ်သီးကုမ္ပဏီ တစ်ခုဖြစ်တဲ့ Del Oro ကုမ္ပဏီနဲ့ စတင်ခဲ့တာပါ။ သစ်သီးကုမ္ပဏီက သူတို့ရဲ့ မြေတချို့ကို အမျိုးသားဥယျာဉ်ကို လှူပေးရမှာဖြစ်ပါတယ်။

ပြီးတော့ အဲဒီမြေနေရာမှာ ကုမ္ပဏီက လိမ္မော်သီးအခွံတွေကို လာရောက်စွန့်ပစ် နိုင်မှာပါ။ ကုမ္ပဏီက လှူလိုက်တဲ့မြေက မြေဆီလွှာ မရှိတော့တဲ့၊ အသုံးပြုလို့ မရတော့တဲ့ မြေပါပဲ။ ကုမ္ပဏီအတွက်တော့ အမှိုက်စွန့်ပစ်ခတွေ အများကြီးသက်သာ သွားစေပါတယ်။

မကြာခင်မှာပဲ အဲဒီအသုံးပြုလို့ မရတဲ့မြေပေါ်မှာ လိမ္မော်ခွံတန်ချိန်ပေါင်း ၁၂၀၀၀ တန်ကို လာရောက်စွန့်ပစ် လိုက်ပါတယ်။ ၆ လအတွင်းမှာ လိမ္မော်ခွံတွေကြောင့် ကျတ်တီးမြေက နုန်းမြေဆန်တဲ့မြေ ဖြစ်လာကြောင်း ဂေဟဗေဒပညာရှင် Timothy Treuer က ပြောပါတယ်။

ဒါပေမယ့် ဒီပရောဂျက်က မကြာရှည်လိုက်ပါဘူး။ သစ်သီးကုမ္ပဏီနဲ့ ပြိုင်ဘက်ကုမ္ပဏီအကြား အငြင်းပွားဖွယ်ကိစ္စတွေ ပေါ်ပေါက်လာလို့ပါ။ တရားရုံးက ပရောဂျက်ကို ရပ်လိုက်ဖို့ ဆုံးဖြတ်လိုက်တာကြောင့် မြေကို ၁၅ နှစ်လောက် ဒီတိုင်းပဲ ပစ်ထားလိုက်ကြပါတယ်။

လူတွေကလည်း အဲဒီပရောဂျက်အကြောင်း၊ မြေအကြောင်းကို မေ့သွားကြပါတယ်။ ဒါပေမယ့် သဘာဝတရားကြီးကတော့ မမေ့သွားပါဘူး။ ၁၅ နှစ်ကြာပြီးနောက် ၂၀၁၃ ခုနှစ်မှာ မစ္စတာ Treuer က လိမ္မော်ခွံတွေ စွန့်ပစ်ထားတဲ့ ကျတ်တီးမြေ ဘယ်လိုပြောင်းလဲနေပြီလဲ ဆိုတာသိဖို့ Costa Rica ကို ရောက်လာခဲ့ပါတယ်။

သူတွေ့လိုက်တဲ့အခါမှာတော့ သူ့မျက်လုံးကိုတောင် မယုံနိုင်တော့ပါဘူး။ ဘာ့ကြောင့်လဲ ဆိုတော့ လိမ္မော်ခွံတွေစွန့်ပစ်ထားတဲ့ တစ်ချိန်က ကျတ်တီးမြေက အခုတော့ သစ်တောငယ်တစ်ခုလို အပင်တွေနဲ့ စိမ်းစိုနေလို့ပါ။

အဲဒါကြောင့် သိပ္ပံပညာရှင်တွေက နောက်ထပ်ကျတ်တီးမြေ အသစ်တွေမှာ လိမ္မော်ခွံတွေနဲ့ စမ်းသပ်မှုတွေ လုပ်ခဲ့ပါတယ်။ ရလဒ်ကတော့ လိမ္မော်ခွံတွေ စွန့်ပစ်ထားတဲ့ကျတ်တီးမြေတွေက မြေဆီလွှာတွေ ပြန်ကောင်းလာတာကို တွေ့ရတာပါပဲ။

သတ်မှတ်ဧရိယာအတွင်း သစ်ပင်တွေ စိမ်းစိုလာတဲ့နှုန်းက ၁၇၆% အထိ တိုးတက်လာတာကို သုတေသနပြုချက်တွေအရ တွေ့ရှိခဲ့ရပါတယ်။

Bonus

သင့်အိမ်က စိုက်ခင်းလေးကိုလည်း လိမ္မော်ခွံနဲ့ မြေဩဇာလုပ်လို့ ရပါတယ်။ စားပြီးသား လိမ္မော်ခွံတွေကို စိုက်ခင်းထဲ ပစ်ထားလိုက်ရင် လိမ္မော်ခွံတွေက ပုပ်သိုးဆွေးမြေ့ပြီး သဘာဝမြေဩဇာ ဖြစ်သွားပါတယ်။ လိမ္မော်ခွံကနေ သဘာဝမြေဩဇာဖြစ်ဖို့ အချိန်ကြာကြာ စောင့်ဆိုင်းဖို့ပဲ လိုအပ်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments