သင့်ကလေးက အိမ်မှာ တစ်ယောက်တည်း ရှိနေချိန်မှာ ကလေးကို အန္တရာယ် ပြုနိုင်မယ့်သူ မရောက်လာနိုင်ဘူးလို့ မပြောနိုင်ပါဘူး။ အဲဒါကြောင့် မိသားစုဝင်အချင်းချင်းသာ သိနိုင်မယ့် စကားဝှက် ရှိထားဖို့က အရေးကြီးပါတယ်။
သင့်မိသားစုဝင်အချင်းချင်းသာ သိနိုင်မယ့် စကားဝှက်
ရွေးချယ်မယ့် စကားဝှက် မှတ်မိလွယ်ဖို့၊ ရေးလို့လွယ်ဖို့ လိုအပ်ပါတယ်။ ပြီးတော့ စကားဝှက်ကို ကြားလိုက်တာနဲ့ မိသားစုဝင်အချင်းချင်း ချက်ချင်းသဘောပေါက်နားလည်သွားဖို့လည်း လိုအပ်ပါတယ်။ ခက်ခဲရှုပ်ထွေးတဲ့ စကားဝှက်ဆိုရင် ကလေးတွေအတွက် မှတ်ရခက်စေမှာပါ။
Bert Fulks ဆိုတဲ့ blogger တစ်ယောက်ကတော့ X ဆိုတဲ့ စကားဝှက်ကို သုံးဖို့ ဥပမာအနေနဲ့ အကြံပေးထားပါတယ်။ မိသားစုဝင် အချင်းချင်း ဘာ့ကြောင့် စကားဝှက် ထားသင့်လဲဆိုတဲ့ အကြောင်းရင်းက (၃) ချက်ရှိပါတယ်။
၁။ ကလေးကို မိဘမဟုတ်ဘဲ တခြားသူ တစ်ယောက်ယောက်က ကျောင်းလာကြိုတဲ့အခါ စကားဝှက်က အရမ်း အသုံးတည့်ပါတယ်။
သင့်ကလေးဆီ ယုံကြည်ရသူတခြား တစ်ယောက်ယောက်ကို ကျောင်းသွားကြိုစေချင်တဲ့အခါ စကားဝှက်ကို ပြောပြထားနိုင်ပါတယ်။ ကလေးကိုလည်း စကားဝှက်ကို ပြောပြနိုင်သူ နောက်ကိုပဲ လိုက်ရမယ်လို့ သင်ပေးဖို့လည်း အရေးကြီးပါတယ်။ ကျောင်းလာကြိုတဲ့ သူစိမ်းက စကားဝှက်ကို မပြောနိုင်ရင် လူလိမ်မှန်း သိသွားပြီး ကလေးအတွက် ရှောင်နိုင်သွားမှာပါ။
၂။ သင့်အိမ်မှာ ကလေးတစ်ယောက်တည်း ကျန်ခဲ့တဲ့အချိန်မှာလည်း စကားဝှက်က အသုံးတည့်ပါတယ်။
လူလိမ်တွေ၊ ကလေးသူခိုးတွေက မီးပြင်တဲ့သူ၊ ရေပိုက်ပြင်သူအယောင်ဆောင်ပြီး လာတတ်ပါတယ်။ ကလေးတစ်ယောက်တည်း ရှိနေတဲ့အချိန် တံခါးဖွင့်ပေးမိလိုက်ရင် ဒုက္ခရောက်သွားနိုင်ပါတယ်။ အဲဒီပြဿနာကို ရှောင်နိုင်ဖို့ အိမ်မှာ ကလေးတစ်ယောက်တည်း ရှိတဲ့အချိန် လာသမျှ သူစိမ်းတွေကို စကားဝှက်မေးဖို့၊ စကားဝှက်မပြောနိုင်ရင် တံခါးမဖွင့်ပေးဖို့ ကလေးကို သင်ပေးထားသင့်ပါတယ်။
၃။ သင်နဲ့ကလေးနဲ့ တစ်နေရာစီ ဖြစ်နေချိန်မှာ စကားဝှက်က အရေးပါပါတယ်။
သင့်ကလေးကို တစ်ယောက်ယောက်က ခေါ်သွားတဲ့အခါ "အမေ" "ကယ်ပါဦး" အော်တာထက် စကားဝှက်ကို အော်လိုက်တာက ပတ်ဝန်းကျင်ကို မြန်မြန်သတိပြု မိစေပါတယ်။ ပတ်ဝန်းကျင်က မြန်မြန်သတိပြုမိလေ ကလေးအတွက် မြန်မြန်ဘေးကင်းလေပါပဲ။
ဒါပေမယ့် ကလေးကို ခြောက်လှ့န်ထားစရာ မလိုပါဘူး။
သူစိမ်းတွေနဲ့ အတူရှိနေချိန်တိုင်းက ကြောက်စရာ မလိုကြောင်း ကလေးကို နားလည်အောင် ပြောပြထားသင့်ပါတယ်။ အဓိက အရေးကြီးဆုံးက ကလေးကို အမြဲသတိရှိစေဖို့ပါ။
Zombie (lovemedia)
0 Comments