အမေရိကန်နိုင်ငံမှာ ပျမ်းမျှအားဖြင့် လူတစ်ယောက်က တစ်နေ့ကို ၃ နာရီခန့် ဖုန်းအသုံးပြုပါတယ်။ နည်းပညာတွေက တဖြည်းဖြည်း တိုးတက်လာတာကြောင့် ဖုန်းကို အချိန်ပေးတာများပြီး မိသားစုကို အချိန်ပေးတာ နည်းလာတယ်လို့ စိတ်ပညာရှင်တွေက ပြောကြပါတယ်။ မိဘတွေက ဖုန်းအတွက် အချိန်ပေးတာများပြီး ကလေးကို အချိန်ပေးတာ နည်းရင် ဘယ်လိုတွေ ခံစားလာရမလဲ ဆိုတာကို ပြောပြပေးပါမယ်နော်။

၁။ ကလေးတွေရဲ့ လူမှုရေးဖွံ့ဖြိုးမှုတွေမှာ ပြဿနာရှိလာနိုင်ခြင်း

မိဘတွေရဲ့ အာရုံစိုက်မှု ကင်းမဲ့ခြင်းဟာ ကလေးတွေရဲ့ စိတ်ဖွံ့ဖြိုးမှုကို အားနည်းစေပြီးတော့ စိတ်ဓာတ်ကျစေပါတယ်။ ပြီးတော့လည်း ဦးနှောက်ဖွံ့ဖြိုးမှုကို အမှန်တကယ် ထိခိုက်စေနိုင်ပါတယ်။ ကယ်လီဖိုးနီးယားတက္ကသိုလ်က သုတေသီတွေ ပြောကြားချက်အရ မိခင်စောင့်ရှောက်မှု အပြည့်အဝ မရတာဟာ ကလေးရဲ့ဖွံ့ဖြိုးမှုအပေါ် ထိခိုက်စေနိုင်ပြီး စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေလည်း ဖြစ်စေနိုင်ကြောင်း သိရှိရပါတယ်။

ကလေးငယ်တွေဟာ ဦးနှောက်သေချာ ဖွံ့ဖြိုးဖို့အတွက် တည်ငြိမ်အေးဆေးပြီး နွေးထွေးတဲ့ ပတ်ဝန်းကျင်တစ်ခု လိုအပ်ပါတယ်။ မိခင်စောင့်ရှောက်မှု ကင်းမဲ့ခြင်းဟာ ဖွံ့ဖြိုးမှုကို နှောင့်ယှက်နိုင်ပြီးတော့ စိတ်ဓာတ်ကျခြင်း၊ အန္တရာယ်ရှိတဲ့ အပြုအမူတွေ ပြုလုပ်ခြင်းနှင့် မူးယစ်ဆေးဝါး သုံးစွဲခြင်းစတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။

၂။ ကလေးတွေမှာ ဒေါသနှင့် အကျင့်ဆိုးတွေ ဖြစ်လာခြင်း

စိတ်ပညာရှင်တွေကတော့ မိဘတွေဟာ သားသမီးတွေကို ဖုန်းကိုင်ချိန် ကန့်သတ်ထားတာထက် မိမိကိုယ်တိုင်ကလည်း ဖုန်းကို အချိန်တစ်ခုနဲ့ ကိုင်သင့်တယ်လို့ ဆိုပါတယ်။ လေ့လာမှုတွေ ပြုလုပ်တဲ့အခါမှာ မိဘတွေဟာ သားသမီးထက် ဖုန်းကို ပိုဂရုစိုက်နေတာက ကလေးတွေကို ဝမ်းနည်းခြင်း၊ ရူးသွပ်ခြင်း၊ ဒေါသနှင့် အထီးကျန်ခြင်းတွေကို ခံစားရစေကြောင်း တွေ့ရှိခဲ့ပါတယ်။

အချို့ကလေးတွေဟာ သူတို့ကိုပဲ အာရုံစိုက်တာခံချင်လို့ မိဘတွေရဲ့ဖုန်းကို ပျက်စီးအောင်လုပ်တာတွေ၊ ဖွက်ထားတာတွေ စသဖြင့် ရန်လိုတဲ့ လက္ခဏာတွေကို စတင်ပြသတတ်ပါတယ်။ အာရုံစူးစိုက်မှုကင်းမဲ့ခြင်းက ကလေးတွေကို သူတို့ကို မချစ်တော့ဘူးလို့ ခံစားရစေပါတယ်။ ဒီလို ခံစားစေရတာတွေကနေ မိမိကိုယ်ကို လေးစားမှုကို ပျက်ပြားစေပြီး အပြုအမူဆိုင်ရာ ပြဿနာတွေ ဖြစ်စေပါတယ်။ ဒီလိုဖြစ်လာရင် မိဘအုပ်ထိန်းမှုကိုလည်း အလေးမထားတော့သလို ကလေးတွေအတွက်လည်း မလိုအပ်တဲ့ စိတ်ဖိစီးမှု ဖြစ်စေပါတယ်။

၃။ ကလေးတွေဟာ မိဘတွေကို စံပြအဖြစ် မမြင်ကြတော့ခြင်း

ဒီနေ့ခေတ်မှာ လူတွေဟာ သူတို့ရဲ့ဖုန်းတွေကို တစ်မိနစ်လောက် မကိုင်ပဲ မနေနိုင်တော့ပါဘူး။ စားသောက်ဆိုင်တွေက စစ်တမ်းတွေအရ လူတွေဟာ ခုံမှာထိုင်လိုက်ပြီ ဆိုတာနဲ့ သူတို့ရဲ့ ဖုန်းတွေကို တန်းထုတ်ပြီး ကိုင်ကြပါတယ်။ ဒီလို လုပ်တာဟာ မိဘတွေဟာ သူတို့သားသမီးတွေနဲ့ မျက်နှာချင်းဆိုင် အပြန်အလှန်ပြောဆိုဆက်ဆံတာနှင့် သားသမီးတွေရဲ့ ပြုမူပုံတွေကိုလေ့လာဖို့ အခွင့်အလမ်းကို ဆုံးရှုံးစေပါတယ်။

ကလေးတွေဟာ မိဘတွေရဲ့ အပြုအမူကို အတုယူပြီးတော့ ပြောဆိုဆက်ဆံတာကနေတစ်ဆင့် လူမှုဆက်ဆံရေး စွမ်းရည်တွေ ရရှိကြပါတယ်။ ဒါကြောင့် ကလေးတွေနဲ့ စကားစမြည်ပြောဆိုနည်း၊ ချစ်ခြင်းမေတ္တာကို ဖော်ပြတဲ့နည်းနှင့် အခြားသူတွေကို စိတ်ဝင်စားကြောင်း ပြသတဲ့နည်းတွေက အရေးကြီးပါတယ်။ မိဘတွေဟာ ကလေးတွေရဲ့ စံနမူနာပြအဖြစ် မနေပြရင် ကလေးတွေဟာ လူ့ဘဝရဲ့ အရေးကြီးတဲ့အရာတွေကို လွဲချော်သွားနိုင်ပြီး ဘဝနှောင်းပိုင်းမှာ လူတွေနှင့် စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မှု တည်ဆောက်တဲ့အခါမှာ ပြဿနာတွေ ရှိနိုင်ပါတယ်။

၄။ စိတ်ထိခိုက်ခံစားရတာတွေ ဖြစ်လာနိုင်ခြင်း

မိဘတွေဟာ သားသမီးကို ဘယ်လောက်ပဲချစ်ချစ် သူတို့နဲ့ စကားပြောနေရင်း ဖုန်းကိုထုတ်သုံးနေရင် သူတို့ကို အလေးမထားဘူး ဆိုတဲ့ စိတ်ခံစားချက်တွေ ရှိလာပါတယ်။ ကလေး 56% က အခွင့်အရေးရရင် သူတို့ မိဘတွေရဲ့ စမတ်ဖုန်းတွေကို သိမ်းယူမယ်လို့တောင် လေ့လာချက်တွေမှာ အခိုင်အမာ ဆိုပါတယ်။ ကလေးတွေဟာ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုမှာ နုနယ်ပြီးတော့ အခြားသူတွေနှင့် ဆက်ဆံရလွယ်ကူစေတာကြောင့် ကလေးတွေအပေါ် လုံခြုံပြီး ယုံကြည်မှုရှိနေစေဖို့ လိုအပ်ပါတယ်။ မိဘတွေက ကလေးတွေကို ချစ်မြတ်နိုး တန်ဖိုးထားကြောင်း ကလေးတွေ ခံစားရတဲ့အချိန်မှာ သူတို့ကိုယ်သူတို့ တန်ဖိုးရှိကြောင်း ခံစားမိစေပါတယ်။

၅။ ပိုပြီး အထီးကျန်ဆန်လာခြင်း

မိဘနှင့် သားသမီးကြားက စိတ်ပိုင်းဆိုင်ရာ နှောင်ကြိုးဟာ ခိုင်မာပေမယ့်လည်း အားနည်းပါတယ်။ ဒါကို သက်သေပြဖို့အတွက် သုတေသီတွေဟာ အသက် 7 လကနေ 24 လအတွင်း ကလေးငယ်တွေကို လေ့လာခဲ့ပါတယ်။ လေ့လာတဲ့အခါ ကလေးတွေကို မိခင်တွေနှင့် မကစားစေတော့ဘဲ မိခင်တွေဖုန်းကို အာရုံပြောင်းသွားတဲ့ အခြေအနေကို ဖန်တီးခဲ့ပါတယ်။ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုက အတော်လေးကို အံ့သြစရာပါပဲ။

ကလေးတွေဟာ စိတ်ပူပန်မှုလက္ခဏာတွေ ပြသလာပြီး မိခင်ကလည်း ဖုန်းအသုံးပြုနေချိန်မှာ ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာဖို့ စိတ်မဝင်စားကြောင်း တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် မိခင်က ဖုန်းကြာကြာသုံးလေ ကလေးက အထီးကျန်ဆန်ပြီး စိတ်မဝင်စားတဲ့ ကလေးပိုဖြစ်လာလေပါပဲ။ ဖုန်းသုံးပြီးလို့ မိခင်က တူတူကစားဖို့ ခေါ်ရင်တောင် စိတ်မဝင်စား တော့ပါဘူး။

ကလေးတွေဟာ မေတ္တာနှင့် အာရုံစူးစိုက်မှုကိုဟာ တောင့်တကြပြီး သူတို့ကို ဖြည့်ဆည်းပေးရမှာ မိဘတွေရဲ့ အလုပ်ဖြစ်ပါတယ်။ ဒါကြောင့် အိမ်မှာတူတူရှိနေချိန် ဖုန်းကိုသိပ်မသုံးပဲ သူတို့နဲ့သာ အချိန်တူတူ ဖြုန်းပေးမယ်ဆိုရင် အရေးကြီးကိစ္စတွေ ရှိချိန်လောက်မှသာ ဖုန်းကို အသုံးပြုသင့်ပါတယ်။ ဒီလိုဖုန်းကိုချထားပြီး တူတူနေတာက ကလေးကို ပျော်ရွှင်စေရုံသာမကပဲ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကိုပါ အထောက်အကူ ဖြစ်စေပါတယ်။ ပြီးတော့လည်း ပျော်ရွှင်ဖူလုံတဲ့ လူသားတစ်ဦးအဖြစ်ကို ပြောင်းလဲစေဖို့ နောက်ထပ် အရေးကြီးသော ခြေလှမ်းတစ်ခု ဖြစ်စေပါတယ်။

Zombie (lovemedia)