လိမ္မာပါးနပ်သောငုံး

ဟိုရှေးရှေးတုန်းက ရွာကလေး တရွာမှာ ငှက်မုဆိုးတယောက် ရှိသတဲ့။ သူက ငုံးငှက် တမျိုးထဲကိုပဲ ထောင်ချောက်ဆင်ပြီး ဖမ်းတယ်။ ဖမ်းမိတဲ့ ငုံးတွေကို ချက်ချင်း မရောင်းသေးဘူး၊ အစာ ကောင်းကောင်း ကျွေးပြီး အိမ်မှာ ထားတယ်။ ငုံးငှက်တွေ ဆူဖြိုးလာပြီး ရောင်းပန်းဝယ်ပန်းလှ၊ ဈေးကောင်းရတဲ့ အချိန်မှ ထုတ်ရောင်းလေ့ ရှိတယ်။

တနေ့မှာတော့ မုဆိုးဟာ တောထဲကနေ ငုံးတွေ အမြောက်အများ ဖမ်းမိလာတယ်။ သူက ဖမ်းမိလာတဲ့ ငုံးတွေ အားလုံးကို လှောင်အိမ်ထဲထည့်ပြီး လှောင်ထားလိုက်တယ်။ သူလုပ်နေကျ အတိုင်း ရေနဲ့တကွ ဆန်၊ စပါး၊ ပြောင်းစေ့ စတဲ့ အစာတွေကို ထည့်ပေးထားတယ်။

ငုံးတွေဟာ တောထဲမှာတောင် မစားရတဲ့ အစားကောင်း အသောက်ကောင်းတွေကို အားပါးတရ စားကြတယ်။ အစာကို ဘယ်လောက်များခုံမင်တပ်မက် ကြသလဲ ဆိုရင် အချိန်မရွေး ကျရောက်နိုင်ပြီး အလွန် နီးကပ်လာနေတဲ့ သေခြင်းတရား ကိုတောင် မေ့လျော့နေကြတယ်၊ သတိလက် လွတ်ဖြစ်နေကြတယ်။

ဒါပေမဲ့ အဲဒီငုံးတွေထဲက တကောင်သော ငုံးငှက်ကတော့ သတိလက်လွတ် မဖြစ်ဘူး။ မုဆိုးရဲ့ လှောင်အိမ်ထဲကနေ လွတ်မြောက်နိုင်မယ့် လမ်းစကိုပဲ စဉ်းစား တွေးတောနေတယ်။ အဲဒီငုံးငှက်က ငုံးလာဝယ်တဲ့ သူတွေဟာ အလှမွေးဖို့ လာဝယ်ကြတာ မဟုတ်ဘူး၊ အစာအာဟာရ အတွက် လာဝယ်ကြတယ်ဆိုတာ သိတယ်။

နောက်ပြီး ဆူဖြိုးတဲ့ ငှက်ကို ဈေးကောင်း ပေးဝယ်တယ် ဆိုတာကို သတိထားမိတယ်။ အစာတွေ နင်းကန်စားပြီး ဝအစ် နေတဲ့ ငုံးဟာ စောစော သေမယ် ဆိုတာလည်း တွေးမိလိုက်တယ်။ "ငါဟာ ကြုံလှီပြီး ပိန်ချုံးနေရင် ဘယ်သူကမှ ဝယ်မှာ မဟုတ်ဘူး၊ ဒါဆိုရင် ငါ အသတ်မခံရတော့ဘူး။ ငါ့ရဲ့ ကိုယ်ခန္ဓာ ကြုံလှီသွားအောင် ငါအစာမစားဘဲ နေမယ်"

ပညာရှိတဲ့ ငုံးဟာ အဲဒီအချိန် ကတည်းက စပြီး မစားတော့ဘူး။ အစာမစားတဲ့အတွက် တနေ့တခြား ပိန်ချုံးလာတယ်။ သူက သူ့အကြံနဲ့ သူအစာမစားတာကို အကြောင်းမသိတဲ့ ငုံးတွေက ကဲ့ရဲ့စကားပြောကြတယ်။

သတ္တဝါ ဖြစ်လာမှတော့ ဒီနေ့မသေ၊ ဟိုနေ့ သေမှာပဲ ဟိုနေ့မသေလည်း နောက်နေ့ သေရမှာပဲ။ ဒါကို တွေးကြောက်နေလို့ ဘာအကျိုးရှိမှာလဲ၊ အသက်ရှင် နေထိုင်ခွင့် ရခိုက်မှာ ပျော်ပျော်နေရမယ်၊ ကောင်းကောင်းစားရမယ်၊ စိတ်ဆင်းရဲပြီး ပိန်ချုံးနေတဲ့ အထိတော့ အဖြစ်မခံနိုင်ဘူး စတဲ့ စကားတွေနဲ့ စောင်းမြောင်းပြောကြ တယ်။

ဘယ်လိုပဲ ပြောကြပြောကြ သူကတော့ ဘာမှပြန်မပြောဘူး။ သူ့ဆုံးဖြတ်ချက် အတိုင်း အစာမစားဘဲ နေမြဲနေတယ်။ "ဘယ်သူမှန်လို့ ဘယ်သူမှားတယ်ဆိုတာ တနေ့ အဖြေပေါ်လာလိမ့်မယ် " လို့ပဲ စိတ်ထဲက ကြုံးဝါးနေတယ်။ သိပ်မကြာလိုက်ဘူး၊ သူကြိုတင် တွေးဆထားတဲ့ အတိုင်းပဲ၊ အဖြစ်အပျက်တွေ ဖြစ်ပျက်လာတယ်။

မုဆိုးကျွေးတဲ့ အစားအသောက် ကောင်းတွေကို စိတ်ကြိုက်စားပြီး ဝဖြိုးလာတဲ့ ငုံးတွေဟာ တကောင်ပြီးတကောင် ဆိုသလို ဝယ်သူတွေ လက်ထဲ ပါသွားကြတယ်။ ကြုံလှီနေတဲ့ သူ့ကိုတော့ ဘယ်သူကမှ မဝယ်ဘူး၊ ယောင်လို့တောင် လက်ညိုး ထိုးမပြကြဘူး။ ဒီလိုနဲ့ နောက်ဆုံးမှာ သူတကောင်က လွဲပြီး လှောင်အိမ်ထဲက ငုံးတွေ အကုန်လုံး ဝယ်ယူသူတွေနောက် ပါသွားကြတယ်။ လှောင်အိမ်ထဲမှာ ပိန်ချုံးနေတဲ့ သူတကောင်ထဲ ကျန်ခဲ့တယ်။

"ဒီကောင်တအား ပိန်ချုံးနေပါလား၊ အစာလည်း တရက်မှ စားတာ မတွေ့ဘူး၊ နေများ မကောင်းလို့လား" မုဆိုးဟာ လှောင်အိမ်တံခါးကို ဖွင့်ပြီး သူ့ကို ထုတ်ယူတယ်။ လက်ဝါးတဖက်ပေါ် တင်ပြီး သေသေချာချာ ကြည့်တယ်။ ဒီအချိန်မှာပဲ ရုတ်တရက် ငုံးငှက်ဟာ လျင်မြန်တဲ့အဟုန်နဲ့ ပျံသန်းသွားတယ်။

မုဆိုးဟာ အံ့အားသင့်ပြီး ကျန်နေတယ်။ တော်တော်ကြာမှ ငုံးငှက်ရဲ့ ပရိယာယ်ကို သဘောပေါက်ပြီး နှစ်နှစ်ခြိုက်ခြိုက် ရယ်မောလိုက်သတဲ့ကွယ်။

မောင်မှိုင်းညို့ (ချောင်းဦး)

phoomyatchal

Zawgyi

လိမၼာပါးနပ္ေသာငုံး

ဟိုေရွးေရွးတုန္းက ႐ြာကေလး တ႐ြာမွာ ငွက္မုဆိုးတေယာက္ ရွိသတဲ့။ သူက ငုံးငွက္ တမ်ိဳးတည္းကိုပဲ ေထာင္ေခ်ာက္ဆင္ၿပီး ဖမ္းတယ္။ ဖမ္းမိတဲ့ ငုံးေတြကို ခ်က္ခ်င္း မေရာင္းေသးဘူး၊ အစာ ေကာင္းေကာင္း ေကြၽးၿပီး အိမ္မွာ ထားတယ္။ ငုံးငွက္ေတြ ဆူၿဖိဳးလာၿပီး ေရာင္းပန္းဝယ္ပန္းလွ၊ ေဈးေကာင္းရတဲ့ အခ်ိန္မွ ထုတ္ေရာင္းေလ့ ရွိတယ္။

တေန႔မွာေတာ့ မုဆိုးဟာ ေတာထဲကေန ငုံးေတြ အေျမာက္အမ်ား ဖမ္းမိလာတယ္။ သူက ဖမ္းမိလာတဲ့ ငုံးေတြ အားလုံးကို ေလွာင္အိမ္ထဲထည့္ၿပီး ေလွာင္ထားလိုက္တယ္။ သူလုပ္ေနက် အတိုင္း ေရနဲ႔တကြ ဆန္၊ စပါး၊ ေျပာင္းေစ့ စတဲ့ အစာေတြကို ထည့္ေပးထားတယ္။

ငုံးေတြဟာ ေတာထဲမွာေတာင္ မစားရတဲ့ အစားေကာင္း အေသာက္ေကာင္းေတြကို အားပါးတရ စားၾကတယ္။ အစာကို ဘယ္ေလာက္မ်ားခုံမင္တပ္မက္ ၾကသလဲ ဆိုရင္ အခ်ိန္မေ႐ြး က်ေရာက္ႏိုင္ၿပီး အလြန္ နီးကပ္လာေနတဲ့ ေသျခင္းတရား ကိုေတာင္ ေမ့ေလ်ာ့ေနၾကတယ္၊ သတိလက္ လြတ္ျဖစ္ေနၾကတယ္။

ဒါေပမဲ့ အဲဒီငုံးေတြထဲက တေကာင္ေသာ ငုံးငွက္ကေတာ့ သတိလက္လြတ္ မျဖစ္ဘူး။ မုဆိုးရဲ႕ ေလွာင္အိမ္ထဲကေန လြတ္ေျမာက္ႏိုင္မယ့္ လမ္းစကိုပဲ စဥ္းစား ေတြးေတာေနတယ္။ အဲဒီငုံးငွက္က ငုံးလာဝယ္တဲ့ သူေတြဟာ အလွေမြးဖို႔ လာဝယ္ၾကတာ မဟုတ္ဘူး၊ အစာအာဟာရ အတြက္ လာဝယ္ၾကတယ္ဆိုတာ သိတယ္။

ေနာက္ၿပီး ဆူၿဖိဳးတဲ့ ငွက္ကို ေဈးေကာင္း ေပးဝယ္တယ္ ဆိုတာကို သတိထားမိတယ္။ အစာေတြ နင္းကန္စားၿပီး ဝအစ္ ေနတဲ့ ငုံးဟာ ေစာေစာ ေသမယ္ ဆိုတာလည္း ေတြးမိလိုက္တယ္။ "ငါဟာ ႀကဳံလွီၿပီး ပိန္ခ်ဳံးေနရင္ ဘယ္သူကမွ ဝယ္မွာ မဟုတ္ဘူး၊ ဒါဆိုရင္ ငါ အသတ္မခံရေတာ့ဘူး။ ငါ့ရဲ႕ ကိုယ္ခႏၶာ ႀကဳံလွီသြားေအာင္ ငါအစာမစားဘဲ ေနမယ္"

ပညာရွိတဲ့ ငုံးဟာ အဲဒီအခ်ိန္ ကတည္းက စၿပီး မစားေတာ့ဘူး။ အစာမစားတဲ့အတြက္ တေန႔တျခား ပိန္ခ်ဳံးလာတယ္။ သူက သူ႔အႀကံနဲ႔ သူအစာမစားတာကို အေၾကာင္းမသိတဲ့ ငုံးေတြက ကဲ့ရဲ႕စကားေျပာၾကတယ္။

သတၱဝါ ျဖစ္လာမွေတာ့ ဒီေန႔မေသ၊ ဟိုေန႔ ေသမွာပဲ ဟိုေန႔မေသလည္း ေနာက္ေန႔ ေသရမွာပဲ။ ဒါကို ေတြးေၾကာက္ေနလို႔ ဘာအက်ိဳးရွိမွာလဲ၊ အသက္ရွင္ ေနထိုင္ခြင့္ ရခိုက္မွာ ေပ်ာ္ေပ်ာ္ေနရမယ္၊ ေကာင္းေကာင္းစားရမယ္၊ စိတ္ဆင္းရဲၿပီး ပိန္ခ်ဳံးေနတဲ့ အထိေတာ့ အျဖစ္မခံႏိုင္ဘူး စတဲ့ စကားေတြနဲ႔ ေစာင္းေျမာင္းေျပာၾက တယ္။

ဘယ္လိုပဲ ေျပာၾကေျပာၾက သူကေတာ့ ဘာမွျပန္မေျပာဘူး။ သူ႔ဆုံးျဖတ္ခ်က္ အတိုင္း အစာမစားဘဲ ေနၿမဲေနတယ္။ "ဘယ္သူမွန္လို႔ ဘယ္သူမွားတယ္ဆိုတာ တေန႔ အေျဖေပၚလာလိမ့္မယ္ " လို႔ပဲ စိတ္ထဲက ႀကဳံးဝါးေနတယ္။ သိပ္မၾကာလိုက္ဘူး၊ သူႀကိဳတင္ ေတြးဆထားတဲ့ အတိုင္းပဲ၊ အျဖစ္အပ်က္ေတြ ျဖစ္ပ်က္လာတယ္။

မုဆိုးေကြၽးတဲ့ အစားအေသာက္ ေကာင္းေတြကို စိတ္ႀကိဳက္စားၿပီး ဝၿဖိဳးလာတဲ့ ငုံးေတြဟာ တေကာင္ၿပီးတေကာင္ ဆိုသလို ဝယ္သူေတြ လက္ထဲ ပါသြားၾကတယ္။ ႀကဳံလွီေနတဲ့ သူ႔ကိုေတာ့ ဘယ္သူကမွ မဝယ္ဘူး၊ ေယာင္လို႔ေတာင္ လက္ညိဳး ထိုးမျပၾကဘူး။ ဒီလိုနဲ႔ ေနာက္ဆုံးမွာ သူတေကာင္က လြဲၿပီး ေလွာင္အိမ္ထဲက ငုံးေတြ အကုန္လုံး ဝယ္ယူသူေတြေနာက္ ပါသြားၾကတယ္။ ေလွာင္အိမ္ထဲမွာ ပိန္ခ်ဳံးေနတဲ့ သူတေကာင္ထဲ က်န္ခဲ့တယ္။

"ဒီေကာင္တအား ပိန္ခ်ဳံးေနပါလား၊ အစာလည္း တရက္မွ စားတာ မေတြ႕ဘူး၊ ေနမ်ား မေကာင္းလို႔လား" မုဆိုးဟာ ေလွာင္အိမ္တံခါးကို ဖြင့္ၿပီး သူ႔ကို ထုတ္ယူတယ္။ လက္ဝါးတဖက္ေပၚ တင္ၿပီး ေသေသခ်ာခ်ာ ၾကည့္တယ္။ ဒီအခ်ိန္မွာပဲ ႐ုတ္တရက္ ငုံးငွက္ဟာ လ်င္ျမန္တဲ့အဟုန္နဲ႔ ပ်ံသန္းသြားတယ္။

မုဆိုးဟာ အံ့အားသင့္ၿပီး က်န္ေနတယ္။ ေတာ္ေတာ္ၾကာမွ ငုံးငွက္ရဲ႕ ပရိယာယ္ကို သေဘာေပါက္ၿပီး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ ရယ္ေမာလိုက္သတဲ့ကြယ္။

ေမာင္မႈိင္းညိဳ႕ (ေခ်ာင္းဦး)

phoomyatchal

Post a Comment

0 Comments