ဗီဇမဖျောက်နိုင်တဲ့ မိဖုရား

ဟိုးရှေးရှေးတုန်းက တောတွင်းတနေရာမှာ သစ်ခက်တဲလေး ထိုးပြီး တရား အားထုတ်နေတဲ့ ရသေ့ကြီးတပါး ရှိသတဲ့။ ဒီသစ်ခက်ကျောင်းသင်္ခမ်းလေးနားကို ခွေးပိန်မလေး တကောင်က လာပြီးတော့ ရသေ့ကြီး ဆွမ်းစားပြီး ကျန်တဲ့ ဆွမ်းကျန်လေးတွေ စားလေ့ရှိပါတယ်။

အဲဒီလိုနဲ့ ဒီခွေးမလေးဟာ နေ့စဉ်နဲ့အမျှ ဆွမ်းကျန်လေးတွေ လာ လာ စားနေတာ ကြာလာတော့ ရသေ့ကြီးဟာ ခွေးမလေးကို သနားတဲ့အပြင် သံယောဇဉ် ဖြစ်လာပြီး လူအဖြစ်ကို ဖန်ဆင်းပေးလိုက် ပါတော့တယ်။ ဒီလိုနဲ့ ခွေးမလေးဟာ အရှင်လတ်လတ် လူမိန်းကလေး ဘဝကို ပြောင်းသွားတာပေါ့။

ရသေ့ကြီး ဖန်ဆင်းထားတဲ့ မိန်းကလေးဆိုတော့လည်း ရုပ်ရည် ရူပကာဟာ အလွန် လှပ ချောမွေ့နေ ပါတော့တယ်။ ဒီလိုနဲ့ ခွေးမလေး တဖြစ်လဲ မိန်းကလေးဟာ ရသေ့ကြီးရဲ့ ဝေယျာဝစ္စတွေ လုပ်ပေးရင်း တောထဲမှာ နေလာလိုက်တာ တနေ့တော့ တောကစား ထွက်လာတဲ့ ဘုရင်ကြီး တပါးက တွေ့သွားပါလေရော။

ဘုရင်ကြီးဟာ ထုံးစံအတိုင်း နှစ်သက် သဘောကျတော် မူတာပေါ့။ သူတို့နှစ်သက်ပြီ ဆိုရင်ဖြင့် ပိုင်ရှင် ရှိ မရှိ မေးမြန်းပြီး ရသေ့ကြီးထံမှာ တောင်းရမ်း ပါတော့တယ်။ ဘုရင်မင်းမြတ် ကိုယ်တိုင်က တော်ကောက်တာ ဆိုတော့ ရသေ့ကြီးကလည်း ရုတ်တရက် ဒီမိန်းကလေးဟာ ခွေးမလေးပါ လို့ ပြောမထွက်ဘူးပေါ့။

ဒါပေမဲ့ မင်းကြီးကို "မြတ်သောမင်းကြီး၊ အကျွန်ုပ်၏ သမီးဖြစ်သူ ဒီမိန်းကလေးဟာဖြင့် တောတွင်းသူ အရိုင်းအစိုင်းကလေး ဖြစ်ပါတယ်။ ဒါကြောင့် အရှင်မင်းကြီးတို့ နန်းတွင်း ရောက်တဲ့အခါ တစုံတရာ အပြစ် ကျူးလွန်မိခဲ့ပါလျှင် သနားသော အားဖြင့် အပြစ်မှ ခွင့်လွှတ်တော်မူပါ" လို့ မှာကြားလိုက် ပါသေးတယ်။

ဘုရင်ကြီးကလည်း နောင်ခါလာ နောင်ခါဈေး၊ အခု လောလောဆယ် ဒီမိန်းကလေးကို ရရင် ပြီးရော ဆိုပြီး ခွင့်လွှတ်မှာ ဖြစ်ကြောင်း ပြောပြီး မိန်းကလေးကို ခေါ်သွားပါလေရော။ ရသေ့ကြီးက ဘုရင်ကြီးကို မှာကြားပြီးတဲ့နောက် ခွေးမိန်းကလေးကို "ချစ်သမီး၊ မြင့်မြတ်တဲ့ နေရာရောက်ရင် မြင့်မြတ်တဲ့ စိတ် မွေးပါ" ဆိုပြီး မှာကြားရပြန် ပါတယ်။ ခွေးမိန်းကလေးကလည်း "ကောင်းပါပြီ အဘရသေ့ကြီး" ဆိုပြီး ဘုရင်ကြီးရဲ့ နန်းတော်ကို လိုက်သွားပါသတဲ့။

နန်းတော်ထဲ ရောက်သွားတဲ့ ခွေးမိန်းကလေးဟာ အရာရာ အထူးအဆန်းတွေ ချည်းမို့ အံ့ဘနန်း ဖြစ်နေတာပေါ့။ ဘုရင်ကြီးကလည်း သူ့ကို သင်ကြားစရာရှိတာ သင်ကြားစေပြီးနောက် အခမ်းအနားနဲ့ မိဖုရား မြှောက်လိုက်သတဲ့။ ကုသိုလ်ကံများ အကျိုးပေးချင်တော့ နေရင်းထိုင်ရင်း ခွေးကနေ မိဖုရားကြီး ဖြစ်သွားတာပေါ့။

ခွေးမိဖုရားကြီးဟာ နန်းတော်ထဲမှာ နေရထိုင်ရ အားလုံး အဆင်ပြေပေမဲ့ တစုံတခုကြောင့် စိတ်ထဲ နေမထိ ထိုင်မထိဖြစ်နေပါတယ်။ ဘာလဲ ဆိုတော့ သူဟာ ခွေးဘဝက လာသူဖြစ်တဲ့အတွက် နန်းတော်ထဲမှာ ချွတ်ထားတဲ့ ခြေနင်း ဖိနပ်တွေကို မြင်တဲ့အခါ ဒီဖိနပ်တွေရဲ့ သားရေနံ့က သူ့ကို ဆွဲဆောင်နေပြီး ဖိနပ်သားရေတွေကို ကိုက်ချင်စိတ်ကို မနည်း အောင့်အီးထားရလို့ ပါပဲ။

ဒီလိုနဲ့ လူခြေတိတ်တဲ့ တညမှာတော့ သူ့စိတ်ကို မထိန်းနိုင်တော့တာနဲ့ ခြေနင်းဖိနပ်တွေ ချွတ်ထားတဲ့ နေရာကို အမြန်သွားပြီး အာသာပြေအောင် ဖိနပ်တွေ တရံပြီးတရံ ကိုက်ဝါး ပါလေရော။ မနက်မိုးလင်းတော့ ဖိနပ်မြီးတိုတွေ မြင်တဲ့အခါ နန်းတော်ထဲမှာ ကြွက်စီ ကြွက်စီ နဲ့ပေါ့။ ဘယ်က ခွေးလေခွေလွင့်က ဝင်ပြီး ငါတို့ဖိနပ်တွေ ကိုက်သွားသလဲ ဆိုပြီး နန်းတော် တခုလုံး အုံးအုံးကျက်ကျက်နဲ့ ဖြစ်နေတယ်။

နန်းတော်ထဲ ရှိသမျှ ခွေးလေခွေးလွင့်တွေ ဖယ်ရှားပစ်ပေမဲ့ နောက်တညမှာလည်း ဖိနပ်တွေ ကိုက်ခံရပြန်တာပဲ။ ဒီတော့ မဖြစ်ချေဘူး၊ မှူးကြီးမတ်ရာတွေက ဖိနပ်စားတဲ့ ခွေးကို ညဘက် စောင့်ဖမ်းဖို့ စီစဉ်ကြတာပေါ့။ ဒါကို သိတဲ့ ခွေးမိဖုရားကြီးဟာ ဖိနပ် မစားမိအောင် စိတ်ထိန်းတာပါပဲ။ ဒါပေမဲ့ ဗီဇဆိုတာ တော်ရုံနဲ့ ဖျောက်လို့ရတာမှ မဟုတ်ဘဲ။ ဆန္ဒ ဆိုတာလည်း ထိန်းချုပ်ဖို့ ခက်သားလား။

ညရောက်တော့ ခွေးမိဖုရားကြီးဟာ သူ့စိတ်ကို သူ မလွန်ဆန်နိုင် ပြန်ဘူး။ သွားရေ တမြမြ ပါးစပ် တပြင်ပြင်နဲ့ ဖိနပ်တွေဆီ ရောက်သွားပြန်တာပဲ။ ခွေးအလာကိုသာ စောင့်နေတဲ့ မှူးမတ်တွေဟာ ခွေးမိဖုရားကြီး ကိုတော့ ဘယ်သတိထားမိ မှာတုန်း။ ဒီလိုနဲ့ နောက်တည ဖိနပ်တွေ ကိုက်ခံ လိုက်ရပြန်ပါရော။

ဒီလို ခဏခဏ ဖြစ်လာတော့ ဘုရင်ကြီးနားကို ဒီသတင်း ပေါက်ကြားသွားတော ဘုရင်ကြီးက ဖိနပ်ကိုက်သော ခွေးနှိမ်နင်းရေး ကော်မတီ ဖွဲ့စည်းစေပြီး ဒီခွေးကို မိအောင်ဖမ်းနိုင်ရင်ဖမ်း၊ မဖမ်းနိုင်ရင် မင်းတို့ကို ပြစ်ဒဏ်ပေးမယ် လို့ အမိန့်ချမှတ် လိုက်ပါတယ်။

နန်းတော်ထဲမှာ ခွေးနှိမ်နင်းရေး ကော်မတီက နေ့ဆိုင်းညဆိုင်းနဲ့ ချောင်းဖမ်းဖို့ ကင်းစောင့်ကြတဲ့အခါ သန်းခေါင်ကျော်လောက်လည်း ရောက်ချိန် ခွေးမိဖုရားကြီးက ကုပ်ကုပ် ကုပ်ကုပ်နဲ့ ထွက်လာပြီး ဖိနပ်တွေ ကိုက်ဝါးနေတာကို ချောင်းနေတဲ့ မှူးမတ်တွေက တွေ့သွားတော့ တယောက်မျက်နှာ တယောက် ကြည့်ပြီး ခေါင်းယမ်းကြတယ်။

ဘယ်လိုလုပ်ရပါ့၊ တကယ့်မီးခဲပဲ၊ ဘုရင်ကြီးကို ဘယ်လို လျှောက်တင်မလဲ၊ ဖိနပ်တွေ ကိုက်နေတဲ့ခွေးကို မမိရင်လည်း ငါတို့မှာ ပြစ်ဒဏ် ခံရပေအုံးမည်။ ဖိနပ်စားတာ မိဖုရားကြီးပါလို့ ပြောရင်လည်း ငါတို့ကို မဟုတ်တာ လျှောက်ပြောသည်ဟု ထင်ပြီး အပြစ်ပေး ပေဦးမည် ဟုဆိုကာ ခွေးနှိမ်နင်းရေး ကော်မတီမှာ အကျပ်ရိုက်နေသည်။

ဒီလိုနဲ့ မနက်မိုးလင်းတော့ ညီလာခံမှာ ဘုရင်ကြီးက မေးပါတယ်။ ကဲ ဘယ်လိုလဲ၊ ဖိနပ်ကိုက်တဲ့ ခွေးကို မိပြီလား ပေါ့။ ခွေးမိဖုရားကလည်း နဘေးနားမှာ ခစားရင်း မှူးမတ်တွေ ဘယ်လိုများဖြေမလဲ လို့ ရင်တထိတ်ထိတ်နဲ့ပေါ့။ မှူးမတ်တယောက်က ပြားပြားဝပ် ခစားနေရင်းက

"မှန်လှပါ၊ ဖိနပ်စားတဲ့ခွေးဟာ ကျွန်တော်မျိုးတို့ထက် ဘုန်းကံမြင့်မားတဲ့သူ ဖြစ်နေတာကြောင့် ကျွန်တော်မျိုးတို့ တွေ့သော်လည်း ဖမ်းလို့ မမိပါဘုရား" လို့ လျှောက်တင်တော့ ဘုရင်ကြီးလည်း "ဒါဖြင့် ငါကိုယ်တော်မြတ် ကိုယ်တိုင် ဖမ်းမယ်" လို့ မိန့်တော်မူလိုက် ပါသတဲ့။

အဲဒီညမှာတော့ ခွေးမိဖုရားကြီးဟာ ဘုရင်ကြီးနဲ့အတူ အိပ်ရာညောင်စောင်းထက်မှာ လဲလျောင်းနေရပေမဲ့ အိပ်မပျော်နိုင်ဘူးတဲ့။ ဒီညအဖို့ ဖိနပ်မစားဘဲ နေရင် ကောင်းမလားတော့ တွေးမိပါရဲ့။ သို့သော်လည်း ရသတဏှာရဲ့ အလိုကို မလွန်ဆန်နိုင် ပေဘူး။ ခဏနေတော့ ဘုရင်ကြီး အိပ်ပျော်သွားပြီ အထင်နဲ့ တိတ်တိတ်လေး အိပ်ရာကထပြီး ဖိနပ်တွေ ရှိရာဆီကို သွားတယ်။

တကယ်တော့ ဘုရင်ကြီးက အိပ်ချင်ယောင် ဆောင်နေတာပါ။ ခွေးမိဖုရားကြီး ထသွားတာနဲ့ သူက နောက်က အသာလေး လိုက်သွားပြီး ချောင်းကြည့်တဲ့အခါ ခွေးမိဖုရားကြီးဟာ ဖိနပ်တွေကို အားရပါးရ ကိုက်ဝါးနေတာ မျက်ဝါးထင်ထင် မြင်လိုက်ရတယ်။ ဒီမြင်ကွင်းကြောင့် အံ့အားသင့်ပြီး "ဟင်" ခနဲ အာမေဋိတ် ထွက်သွားတော့ ဘုရင်ကြီး လိုက်ချောင်းတယ်ဆိုတာ ခွေးမိဖုရားကြီးလည်း သိသွားတော့တာပေါ့။

ဒါပေမဲ့ ဘုရင်ကြီးဟာ အသာလေး လှည့်ထွက်ပြီး အိပ်ရာထဲ ပြန်သွားခွေနေပြီး သက်မကြီးတွေ တချချနဲ့ တညလုံး မအိပ်နိုင်တော့ဘူး။ ဒီမိန်းကလေးရဲ့ အကျင့်ဟာ ဆိုးလှချည့်။ ဒါကြောင့် ရသေ့ကြီးက ငါ့ကိုမှာတာ နေမှာ။ ဘယ်လိုလုပ်ရမလဲ။ ဆက်ထားပြန်ရင်လည်း ရှိရှိသမျှ ဖိနပ်တွေ မြီးတိုတွေချည်း ဖြစ်ကုန်မဲ့ အပြင် အကြောင်းသိနေတဲ့ မှူးမတ်တွေရဲ့ ကဲ့ရဲ့စရာ ဖြစ်အုံးမယ်။ ပြစ်ဒဏ်ပေးပြန်ရင်လည်း ရသေ့ကြီးကို ကတိဖျက်ရာ ကျမယ် စသဖြင့် တောင်တွေး မြောက်တွေး စိတ်မအေးနိုင် ဖြစ်နေပါတော့တယ်။

ခွေးမိဖုရားကြီး မှာတော့ ဘုရင်ကြီးတော့ ငါဖိနပ်ကိုက်တာ သိသွားပြီ၊ ငါ့အကြောင်း ရသေ့ကြီးကို သွားမေးပြီး ငါဟာ ခွေးမှန်း သိရင် ငါ့ကို သတ်မှာဘဲ။ ဒီတော့ ငါက အရင် ရသေ့ကြီးဆီ သွားပြီး ငါ့အကြောင်း မဖော်နိုင်အောင် သတ်ပစ်ရမယ် လို့ မိုက်မဲစွာ တွေးပြီး မိုးမလင်းခင်ဘဲ နန်းတော်ထဲက ထွက်ပြီး ရသေ့ကြီးရဲ့ ကျောင်းသင်္ခမ်းဆီ အပြေးအလွှား သွားပါတော့တယ်။

ရသေ့ကြီးဟာ ဈာန်အဘိဉာဉ် ရထားသူ ဆိုတော့ ခွေးမိဖုရားကြီး သူ့ကိုသတ်ဖို့ လာနေတာကို သွားမြင်တယ်။ ဒါနဲ့ပဲ "သြော်၊ ငါသနားပြီး ကယ်ထားတဲ့သူက ငါ့ကိုသတ်ဖို့ လာနေပြီ၊ မိုက်မဲလေစွ။ အင်း သတ္တဝါတခု ကံတခု ပေပဲ" လို့ စိတ်ထဲ တွေးလိုက်မိတာနဲ့ ဗြုန်းဆို မိဖုရားအသွင်ကနေ မူလနဂိုအတိုင်း ခွေးဘဝ ကူးပြောင်းသွားပြီး ဘဝနှစ်ခု အကူး လမ်းခရီး ချောက်ကမ်းပါးထဲ လိမ့်ကျ သေဆုံးသွားပါတော့တယ်။

မြင့်မြတ်တဲ့နေရာ ရောက်ရင် မြင့်မြတ်တဲ့စိတ် ထားတတ်ရမယ် ဆိုတဲ့ ရသေ့ကြီးရဲ့ မိန့်ကြားချက်ကို နားမထောင်တဲ့ အတွက် ခွေးမလေးဟာ ခုလို ဒုက္ခရောက်ရတယ်။ အတွေးအခေါ်၊ အမြော်အမြင်၊ ဆင်ခြင်ဉာဏ် နည်းပါးတဲ့ သူမျိုးကိုတော့ ဘယ်လိုကြီးမားတဲ့ ကရုဏာနဲ့မှ မြှင့်တင်ပေးလို့မှ မရပါဘူး။ မြင့်တဲ့နေရာ ရောက်နေပေမယ့် ခွေးစိတ် မပျောက်ရင်တော့ ဒုက္ခရောက် ဖို့ပဲ ရှိပါမယ်။

crd

Zawgyi

ဗီဇမေဖ်ာက္ႏိုင္တဲ့ မိဖုရား

ဟိုးေရွးေရွးတုန္းက ေတာတြင္းတေနရာမွာ သစ္ခက္တဲေလး ထိုးၿပီး တရား အားထုတ္ေနတဲ့ ရေသ့ႀကီးတပါး ရွိသတဲ့။ ဒီသစ္ခက္ေက်ာင္းသခၤမ္းေလးနားကို ေခြးပိန္မေလး တေကာင္က လာၿပီးေတာ့ ရေသ့ႀကီး ဆြမ္းစားၿပီး က်န္တဲ့ ဆြမ္းက်န္ေလးေတြ စားေလ့ရွိပါတယ္။

အဲဒီလိုနဲ႔ ဒီေခြးမေလးဟာ ေန႔စဥ္နဲ႔အမွ် ဆြမ္းက်န္ေလးေတြ လာ လာ စားေနတာ ၾကာလာေတာ့ ရေသ့ႀကီးဟာ ေခြးမေလးကို သနားတဲ့အျပင္ သံေယာဇဥ္ ျဖစ္လာၿပီး လူအျဖစ္ကို ဖန္ဆင္းေပးလိုက္ ပါေတာ့တယ္။ ဒီလိုနဲ႔ ေခြးမေလးဟာ အရွင္လတ္လတ္ လူမိန္းကေလး ဘဝကို ေျပာင္းသြားတာေပါ့။

ရေသ့ႀကီး ဖန္ဆင္းထားတဲ့ မိန္းကေလးဆိုေတာ့လည္း ႐ုပ္ရည္ ႐ူပကာဟာ အလြန္ လွပ ေခ်ာေမြ႕ေန ပါေတာ့တယ္။ ဒီလိုနဲ႔ ေခြးမေလး တျဖစ္လဲ မိန္းကေလးဟာ ရေသ့ႀကီးရဲ႕ ေဝယ်ာဝစၥေတြ လုပ္ေပးရင္း ေတာထဲမွာ ေနလာလိုက္တာ တေန႔ေတာ့ ေတာကစား ထြက္လာတဲ့ ဘုရင္ႀကီး တပါးက ေတြ႕သြားပါေလေရာ။

ဘုရင္ႀကီးဟာ ထုံးစံအတိုင္း ႏွစ္သက္ သေဘာက်ေတာ္ မူတာေပါ့။ သူတို႔ႏွစ္သက္ၿပီ ဆိုရင္ျဖင့္ ပိုင္ရွင္ ရွိ မရွိ ေမးျမန္းၿပီး ရေသ့ႀကီးထံမွာ ေတာင္းရမ္း ပါေတာ့တယ္။ ဘုရင္မင္းျမတ္ ကိုယ္တိုင္က ေတာ္ေကာက္တာ ဆိုေတာ့ ရေသ့ႀကီးကလည္း ႐ုတ္တရက္ ဒီမိန္းကေလးဟာ ေခြးမေလးပါ လို႔ ေျပာမထြက္ဘူးေပါ့။

ဒါေပမဲ့ မင္းႀကီးကို "ျမတ္ေသာမင္းႀကီး၊ အကြၽႏ္ုပ္၏ သမီးျဖစ္သူ ဒီမိန္းကေလးဟာျဖင့္ ေတာတြင္းသူ အ႐ိုင္းအစိုင္းကေလး ျဖစ္ပါတယ္။ ဒါေၾကာင့္ အရွင္မင္းႀကီးတို႔ နန္းတြင္း ေရာက္တဲ့အခါ တစုံတရာ အျပစ္ က်ဴးလြန္မိခဲ့ပါလွ်င္ သနားေသာ အားျဖင့္ အျပစ္မွ ခြင့္လႊတ္ေတာ္မူပါ" လို႔ မွာၾကားလိုက္ ပါေသးတယ္။

ဘုရင္ႀကီးကလည္း ေနာင္ခါလာ ေနာင္ခါေဈး၊ အခု ေလာေလာဆယ္ ဒီမိန္းကေလးကို ရရင္ ၿပီးေရာ ဆိုၿပီး ခြင့္လႊတ္မွာ ျဖစ္ေၾကာင္း ေျပာၿပီး မိန္းကေလးကို ေခၚသြားပါေလေရာ။ ရေသ့ႀကီးက ဘုရင္ႀကီးကို မွာၾကားၿပီးတဲ့ေနာက္ ေခြးမိန္းကေလးကို "ခ်စ္သမီး၊ ျမင့္ျမတ္တဲ့ ေနရာေရာက္ရင္ ျမင့္ျမတ္တဲ့ စိတ္ ေမြးပါ" ဆိုၿပီး မွာၾကားရျပန္ ပါတယ္။ ေခြးမိန္းကေလးကလည္း "ေကာင္းပါၿပီ အဘရေသ့ႀကီး" ဆိုၿပီး ဘုရင္ႀကီးရဲ႕ နန္းေတာ္ကို လိုက္သြားပါသတဲ့။

နန္းေတာ္ထဲ ေရာက္သြားတဲ့ ေခြးမိန္းကေလးဟာ အရာရာ အထူးအဆန္းေတြ ခ်ည္းမို႔ အံ့ဘနန္း ျဖစ္ေနတာေပါ့။ ဘုရင္ႀကီးကလည္း သူ႔ကို သင္ၾကားစရာရွိတာ သင္ၾကားေစၿပီးေနာက္ အခမ္းအနားနဲ႔ မိဖုရား ေျမႇာက္လိုက္သတဲ့။ ကုသိုလ္ကံမ်ား အက်ိဳးေပးခ်င္ေတာ့ ေနရင္းထိုင္ရင္း ေခြးကေန မိဖုရားႀကီး ျဖစ္သြားတာေပါ့။

ေခြးမိဖုရားႀကီးဟာ နန္းေတာ္ထဲမွာ ေနရထိုင္ရ အားလုံး အဆင္ေျပေပမဲ့ တစုံတခုေၾကာင့္ စိတ္ထဲ ေနမထိ ထိုင္မထိျဖစ္ေနပါတယ္။ ဘာလဲ ဆိုေတာ့ သူဟာ ေခြးဘဝက လာသူျဖစ္တဲ့အတြက္ နန္းေတာ္ထဲမွာ ခြၽတ္ထားတဲ့ ေျခနင္း ဖိနပ္ေတြကို ျမင္တဲ့အခါ ဒီဖိနပ္ေတြရဲ႕ သားေရနံ႔က သူ႔ကို ဆြဲေဆာင္ေနၿပီး ဖိနပ္သားေရေတြကို ကိုက္ခ်င္စိတ္ကို မနည္း ေအာင့္အီးထားရလို႔ ပါပဲ။

ဒီလိုနဲ႔ လူေျခတိတ္တဲ့ တညမွာေတာ့ သူ႔စိတ္ကို မထိန္းႏိုင္ေတာ့တာနဲ႔ ေျခနင္းဖိနပ္ေတြ ခြၽတ္ထားတဲ့ ေနရာကို အျမန္သြားၿပီး အာသာေျပေအာင္ ဖိနပ္ေတြ တရံၿပီးတရံ ကိုက္ဝါး ပါေလေရာ။ မနက္မိုးလင္းေတာ့ ဖိနပ္ၿမီးတိုေတြ ျမင္တဲ့အခါ နန္းေတာ္ထဲမွာ ႂကြက္စီ ႂကြက္စီ နဲ႔ေပါ့။ ဘယ္က ေခြးေလေခြလြင့္က ဝင္ၿပီး ငါတို႔ဖိနပ္ေတြ ကိုက္သြားသလဲ ဆိုၿပီး နန္းေတာ္ တခုလုံး အုံးအုံးက်က္က်က္နဲ႔ ျဖစ္ေနတယ္။

နန္းေတာ္ထဲ ရွိသမွ် ေခြးေလေခြးလြင့္ေတြ ဖယ္ရွားပစ္ေပမဲ့ ေနာက္တညမွာလည္း ဖိနပ္ေတြ ကိုက္ခံရျပန္တာပဲ။ ဒီေတာ့ မျဖစ္ေခ်ဘူး၊ မႉးႀကီးမတ္ရာေတြက ဖိနပ္စားတဲ့ ေခြးကို ညဘက္ ေစာင့္ဖမ္းဖို႔ စီစဥ္ၾကတာေပါ့။ ဒါကို သိတဲ့ ေခြးမိဖုရားႀကီးဟာ ဖိနပ္ မစားမိေအာင္ စိတ္ထိန္းတာပါပဲ။ ဒါေပမဲ့ ဗီဇဆိုတာ ေတာ္႐ုံနဲ႔ ေဖ်ာက္လို႔ရတာမွ မဟုတ္ဘဲ။ ဆႏၵ ဆိုတာလည္း ထိန္းခ်ဳပ္ဖို႔ ခက္သားလား။

ညေရာက္ေတာ့ ေခြးမိဖုရားႀကီးဟာ သူ႔စိတ္ကို သူ မလြန္ဆန္ႏိုင္ ျပန္ဘူး။ သြားေရ တျမျမ ပါးစပ္ တျပင္ျပင္နဲ႔ ဖိနပ္ေတြဆီ ေရာက္သြားျပန္တာပဲ။ ေခြးအလာကိုသာ ေစာင့္ေနတဲ့ မႉးမတ္ေတြဟာ ေခြးမိဖုရားႀကီး ကိုေတာ့ ဘယ္သတိထားမိ မွာတုန္း။ ဒီလိုနဲ႔ ေနာက္တည ဖိနပ္ေတြ ကိုက္ခံ လိုက္ရျပန္ပါေရာ။

ဒီလို ခဏခဏ ျဖစ္လာေတာ့ ဘုရင္ႀကီးနားကို ဒီသတင္း ေပါက္ၾကားသြားေတာ ဘုရင္ႀကီးက ဖိနပ္ကိုက္ေသာ ေခြးႏွိမ္နင္းေရး ေကာ္မတီ ဖြဲ႕စည္းေစၿပီး ဒီေခြးကို မိေအာင္ဖမ္းႏိုင္ရင္ဖမ္း၊ မဖမ္းႏိုင္ရင္ မင္းတို႔ကို ျပစ္ဒဏ္ေပးမယ္ လို႔ အမိန႔္ခ်မွတ္ လိုက္ပါတယ္။

နန္းေတာ္ထဲမွာ ေခြးႏွိမ္နင္းေရး ေကာ္မတီက ေန႔ဆိုင္းညဆိုင္းနဲ႔ ေခ်ာင္းဖမ္းဖို႔ ကင္းေစာင့္ၾကတဲ့အခါ သန္းေခါင္ေက်ာ္ေလာက္လည္း ေရာက္ခ်ိန္ ေခြးမိဖုရားႀကီးက ကုပ္ကုပ္ ကုပ္ကုပ္နဲ႔ ထြက္လာၿပီး ဖိနပ္ေတြ ကိုက္ဝါးေနတာကို ေခ်ာင္းေနတဲ့ မႉးမတ္ေတြက ေတြ႕သြားေတာ့ တေယာက္မ်က္ႏွာ တေယာက္ ၾကည့္ၿပီး ေခါင္းယမ္းၾကတယ္။

ဘယ္လိုလုပ္ရပါ့၊ တကယ့္မီးခဲပဲ၊ ဘုရင္ႀကီးကို ဘယ္လို ေလွ်ာက္တင္မလဲ၊ ဖိနပ္ေတြ ကိုက္ေနတဲ့ေခြးကို မမိရင္လည္း ငါတို႔မွာ ျပစ္ဒဏ္ ခံရေပအုံးမည္။ ဖိနပ္စားတာ မိဖုရားႀကီးပါလို႔ ေျပာရင္လည္း ငါတို႔ကို မဟုတ္တာ ေလွ်ာက္ေျပာသည္ဟု ထင္ၿပီး အျပစ္ေပး ေပဦးမည္ ဟုဆိုကာ ေခြးႏွိမ္နင္းေရး ေကာ္မတီမွာ အက်ပ္႐ိုက္ေနသည္။

ဒီလိုနဲ႔ မနက္မိုးလင္းေတာ့ ညီလာခံမွာ ဘုရင္ႀကီးက ေမးပါတယ္။ ကဲ ဘယ္လိုလဲ၊ ဖိနပ္ကိုက္တဲ့ ေခြးကို မိၿပီလား ေပါ့။ ေခြးမိဖုရားကလည္း နေဘးနားမွာ ခစားရင္း မႉးမတ္ေတြ ဘယ္လိုမ်ားေျဖမလဲ လို႔ ရင္တထိတ္ထိတ္နဲ႔ေပါ့။ မႉးမတ္တေယာက္က ျပားျပားဝပ္ ခစားေနရင္းက

"မွန္လွပါ၊ ဖိနပ္စားတဲ့ေခြးဟာ ကြၽန္ေတာ္မ်ိဳးတို႔ထက္ ဘုန္းကံျမင့္မားတဲ့သူ ျဖစ္ေနတာေၾကာင့္ ကြၽန္ေတာ္မ်ိဳးတို႔ ေတြ႕ေသာ္လည္း ဖမ္းလို႔ မမိပါဘုရား" လို႔ ေလွ်ာက္တင္ေတာ့ ဘုရင္ႀကီးလည္း "ဒါျဖင့္ ငါကိုယ္ေတာ္ျမတ္ ကိုယ္တိုင္ ဖမ္းမယ္" လို႔ မိန႔္ေတာ္မူလိုက္ ပါသတဲ့။

အဲဒီညမွာေတာ့ ေခြးမိဖုရားႀကီးဟာ ဘုရင္ႀကီးနဲ႔အတူ အိပ္ရာေညာင္ေစာင္းထက္မွာ လဲေလ်ာင္းေနရေပမဲ့ အိပ္မေပ်ာ္ႏိုင္ဘူးတဲ့။ ဒီညအဖို႔ ဖိနပ္မစားဘဲ ေနရင္ ေကာင္းမလားေတာ့ ေတြးမိပါရဲ႕။ သို႔ေသာ္လည္း ရသတဏွာရဲ႕ အလိုကို မလြန္ဆန္ႏိုင္ ေပဘူး။ ခဏေနေတာ့ ဘုရင္ႀကီး အိပ္ေပ်ာ္သြားၿပီ အထင္နဲ႔ တိတ္တိတ္ေလး အိပ္ရာကထၿပီး ဖိနပ္ေတြ ရွိရာဆီကို သြားတယ္။

တကယ္ေတာ့ ဘုရင္ႀကီးက အိပ္ခ်င္ေယာင္ ေဆာင္ေနတာပါ။ ေခြးမိဖုရားႀကီး ထသြားတာနဲ႔ သူက ေနာက္က အသာေလး လိုက္သြားၿပီး ေခ်ာင္းၾကည့္တဲ့အခါ ေခြးမိဖုရားႀကီးဟာ ဖိနပ္ေတြကို အားရပါးရ ကိုက္ဝါးေနတာ မ်က္ဝါးထင္ထင္ ျမင္လိုက္ရတယ္။ ဒီျမင္ကြင္းေၾကာင့္ အံ့အားသင့္ၿပီး "ဟင္" ခနဲ အာေမဋိတ္ ထြက္သြားေတာ့ ဘုရင္ႀကီး လိုက္ေခ်ာင္းတယ္ဆိုတာ ေခြးမိဖုရားႀကီးလည္း သိသြားေတာ့တာေပါ့။

ဒါေပမဲ့ ဘုရင္ႀကီးဟာ အသာေလး လွည့္ထြက္ၿပီး အိပ္ရာထဲ ျပန္သြားေခြေနၿပီး သက္မႀကီးေတြ တခ်ခ်နဲ႔ တညလုံး မအိပ္ႏိုင္ေတာ့ဘူး။ ဒီမိန္းကေလးရဲ႕ အက်င့္ဟာ ဆိုးလွခ်ည့္။ ဒါေၾကာင့္ ရေသ့ႀကီးက ငါ့ကိုမွာတာ ေနမွာ။ ဘယ္လိုလုပ္ရမလဲ။ ဆက္ထားျပန္ရင္လည္း ရွိရွိသမွ် ဖိနပ္ေတြ ၿမီးတိုေတြခ်ည္း ျဖစ္ကုန္မဲ့ အျပင္ အေၾကာင္းသိေနတဲ့ မႉးမတ္ေတြရဲ႕ ကဲ့ရဲ႕စရာ ျဖစ္အုံးမယ္။ ျပစ္ဒဏ္ေပးျပန္ရင္လည္း ရေသ့ႀကီးကို ကတိဖ်က္ရာ က်မယ္ စသျဖင့္ ေတာင္ေတြး ေျမာက္ေတြး စိတ္မေအးႏိုင္ ျဖစ္ေနပါေတာ့တယ္။

ေခြးမိဖုရားႀကီး မွာေတာ့ ဘုရင္ႀကီးေတာ့ ငါဖိနပ္ကိုက္တာ သိသြားၿပီ၊ ငါ့အေၾကာင္း ရေသ့ႀကီးကို သြားေမးၿပီး ငါဟာ ေခြးမွန္း သိရင္ ငါ့ကို သတ္မွာဘဲ။ ဒီေတာ့ ငါက အရင္ ရေသ့ႀကီးဆီ သြားၿပီး ငါ့အေၾကာင္း မေဖာ္ႏိုင္ေအာင္ သတ္ပစ္ရမယ္ လို႔ မိုက္မဲစြာ ေတြးၿပီး မိုးမလင္းခင္ဘဲ နန္းေတာ္ထဲက ထြက္ၿပီး ရေသ့ႀကီးရဲ႕ ေက်ာင္းသခၤမ္းဆီ အေျပးအလႊား သြားပါေတာ့တယ္။

ရေသ့ႀကီးဟာ ဈာန္အဘိဉာဥ္ ရထားသူ ဆိုေတာ့ ေခြးမိဖုရားႀကီး သူ႔ကိုသတ္ဖို႔ လာေနတာကို သြားျမင္တယ္။ ဒါနဲ႔ပဲ "ေၾသာ္၊ ငါသနားၿပီး ကယ္ထားတဲ့သူက ငါ့ကိုသတ္ဖို႔ လာေနၿပီ၊ မိုက္မဲေလစြ။ အင္း သတၱဝါတခု ကံတခု ေပပဲ" လို႔ စိတ္ထဲ ေတြးလိုက္မိတာနဲ႔ ျဗဳန္းဆို မိဖုရားအသြင္ကေန မူလနဂိုအတိုင္း ေခြးဘဝ ကူးေျပာင္းသြားၿပီး ဘဝႏွစ္ခု အကူး လမ္းခရီး ေခ်ာက္ကမ္းပါးထဲ လိမ့္က် ေသဆုံးသြားပါေတာ့တယ္။

ျမင့္ျမတ္တဲ့ေနရာ ေရာက္ရင္ ျမင့္ျမတ္တဲ့စိတ္ ထားတတ္ရမယ္ ဆိုတဲ့ ရေသ့ႀကီးရဲ႕ မိန႔္ၾကားခ်က္ကို နားမေထာင္တဲ့ အတြက္ ေခြးမေလးဟာ ခုလို ဒုကၡေရာက္ရတယ္။ အေတြးအေခၚ၊ အေျမာ္အျမင္၊ ဆင္ျခင္ဉာဏ္ နည္းပါးတဲ့ သူမ်ိဳးကိုေတာ့ ဘယ္လိုႀကီးမားတဲ့ က႐ုဏာနဲ႔မွ ျမႇင့္တင္ေပးလို႔မွ မရပါဘူး။ ျမင့္တဲ့ေနရာ ေရာက္ေနေပမယ့္ ေခြးစိတ္ မေပ်ာက္ရင္ေတာ့ ဒုကၡေရာက္ ဖို႔ပဲ ရွိပါမယ္။

crd 

Post a Comment

0 Comments