လက်ကုတ်တိုင်း ကိုယ့်လူ မဟုတ်ပါ

လွန်လေပြီးသော အခါက အညာရွာတရွာတွင် ဦးဖြူဆိုသော နွားအလွန် ဝါသနာပါသည့် လူတယောက် ရှိသည်။ ဦးဖြူတွင် အလွန်ကောင်းသည့် နွားများရှိပြီး၊ စကား စပ်မိတိုင်းလည်း နွားအကြောင်းချည်း ပြောလေ့ ရှိလေသည်။

တနေ့တွင် ယာတော၌ အလုပ်နားနေစဉ် အဖော်တဦးနှင့် နွားအကြောင်း စပ်မိစပ်ရာ ပြောနေသည်။ ထိုသို့ ပြောဆိုနေစဉ် ဦးနက် ဆိုသူနှင့် ဦးဉာဏ်ပိုင် ဆိုသူ နှစ်ဦး ရောက်ရှိလာ ကြသည်။

ဦးဖြူက နွားအကြောင်း ပြောနေသဖြင့် ဦးနက် လည်း ဝင်၍ သူ့တွင်လည်း နွားကောင်းတရှဉ်း ရှိကြောင်း ပြောလေသည်။ ဦးဖြူကလည်း အားကျမခံ သူ့နွားများ ကောင်းကြောင်း အာဘောင် အာရင်းသန်သန် ပြောဆိုလေသည်။

ဤတွင် ကြားမှ ဦးဉာဏ်ပိုင်က "ငါတော့ အကွက်ရပြီ၊ ထန်းရည်သောက်ရအောင် ကြံဦးမှပဲ" ဟု တွေးပြီး "ကဲ ခင်ဗျားတို့ ငြင်းခုံနေမဲ့ အစား လက်တွေ့ သိရအောင် ခင်ဗျားတို့နွားတွေ ပြိုင်လောင်းကြပါလား" ဟု ဝင်ရောက် အကြံပေးပြောဆိုလေသည်။

အကြံပေးရင်း ဦးဉာဏ်ပိုင်သည် နှစ်ယောက် ကြားကနေပြီး နှစ်ယောက်စလုံးကို လက်ကုတ်နေသည်။ ညနေစောင်းသော အခါ ရွာအပြင် လှည်းလမ်းကြောင်းတွင် ယှဉ်ပြိုင်ကြရန် ပြင်ဆင်ကြတော့သည်။

လှည်းများကို နွားတပ် နေစဉ် ဦးဉာဏ်ပိုင်သည် လှည်းနှစ်စီးကြားမှ ဦးနက်ရော ဦးဖြူကိုပါ လက်တကုတ်ကုတ်နှင့် ဖြစ်နေသည်။ သို့နှင့် လှည်းနှစ်စီး ပြိုင်ကြသောအခါ ဦးဖြူက နိုင်ပြီး ဦးနက်က ရှုံးသွားလေသည်။

နောက်တနေ့တွင် ဦးဉာဏ်ပိုင်သည် အနိုင်ရသူ ဦးဖြူထံသွားပြီး "ဘယ့်နှယ့်လဲ ဦးဖြူ၊ ခင်ဗျား နိုင်တယ် မဟုတ်လား ကျွန်တော် အစကတည်းက သိလို့ ခင်ဗျားကို အပိုင် လက်ကုတ်ပြီး လောင်းခိုင်းနေတာဗျ" ဟု ပြောလေသည်။ ဦးဖြူမှာလည်း ဦးဉာဏ်ပိုင်ကြောင့် အနိုင်ရခြင်း ဖြစ်သည် ဟု ကျေးဇူးတင်စကား တဖွဖွ ပြောဆို၍ ထန်းရည်များ တိုက်လေသည်။

ဦးဖြူဆီမှ ထန်းရည် သောက်ပြီးသောအခါ ရှုံးသူ ဦးနက်ထံ သွားပြန်၍ "ခင်ဗျားဗျာ ကျွန်တော် လက်ကုတ်ပြီး သတိပေးလျက်သားနဲ့ လောင်းတယ်၊ တော်တော်ခက်တဲ့လူပဲ" ဟု ကရုဏာသံနှင့် ပြောလေ၏။

ဦးနက်မှာလည်း "အင်း သူ သတိပေးလျက်သားနဲ့ ငါက ထွက်လောင်းမိတယ်။ အမှန်ကတော့ ငါမိုက်တာပဲ" ဟု နောင်တရပြီး ဦးဉာဏ်ပိုင်အား ကျေးဇူးတင်စကား ပြော၍ ထန်းရည်များ တိုက်ပြန်သည်။

နောက်တနေ့ ယာတောတွင် ဦးဖြူနှင့် ဦးနက် တွေ့ကြပြီး ပြိုင်ပွဲနှင့် ပတ်သက်၍ စကားစပ်မိစပ်ရာ ပြောကြရာမှ ဦးနက်က သူဦးဉာဏ်ပိုင်၏ စကား နားမထောင်မိ၍ မိမိရှုံးရကြောင်း ပြောပြလေ၏။ ဦးဖြူကလည်း သူ့အား ဦးဉာဏ်ပိုင် လက်ကုတ်၍ ယခုလို လောင်းဖြစ်ပြီး အနိုင်ရခြင်း ဖြစ်သည်ဟု ပြောပြလေသည်။

ထိုအခါတွင် ဦးဉာဏ်ပိုင်ဟာ ကြားမှ အချောင် ထန်းရည်သောက်ရအောင် ကြံသွားပုံကို နှစ်ဦးသား ရိပ်မိကြလေသည်။ ထိုအချိန်မှ စ၍ ရွာတွင် "လက်ကုတ်တိုင်း ကိုယ့်လူ မအောက်မေ့နှင့်" ဟူသော စကားဖြင့် ရယ်စရာ ပြောလေ့ ရှိကြလေသည်။

မိမိဘက်ကနေ ချီးကြူး၊ မြှောက်ပင့်၊ ပြောဆိုပေးနေတိုင်း မိမိလူ မဟုတ်နိုင်ပါ။

လူထုဦးလှ

Zawgyi

လက္ကုတ္တိုင္း ကိုယ့္လူ မဟုတ္ပါ

လြန္ေလၿပီးေသာ အခါက အညာ႐ြာတ႐ြာတြင္ ဦးျဖဴဆိုေသာ ႏြားအလြန္ ဝါသနာပါသည့္ လူတေယာက္ ရွိသည္။ ဦးျဖဴတြင္ အလြန္ေကာင္းသည့္ ႏြားမ်ားရွိၿပီး၊ စကား စပ္မိတိုင္းလည္း ႏြားအေၾကာင္းခ်ည္း ေျပာေလ့ ရွိေလသည္။

တေန႔တြင္ ယာေတာ၌ အလုပ္နားေနစဥ္ အေဖာ္တဦးႏွင့္ ႏြားအေၾကာင္း စပ္မိစပ္ရာ ေျပာေနသည္။ ထိုသို႔ ေျပာဆိုေနစဥ္ ဦးနက္ ဆိုသူႏွင့္ ဦးဉာဏ္ပိုင္ ဆိုသူ ႏွစ္ဦး ေရာက္ရွိလာ ၾကသည္။

ဦးျဖဴက ႏြားအေၾကာင္း ေျပာေနသျဖင့္ ဦးနက္ လည္း ဝင္၍ သူ႔တြင္လည္း ႏြားေကာင္းတရွဥ္း ရွိေၾကာင္း ေျပာေလသည္။ ဦးျဖဴကလည္း အားက်မခံ သူ႔ႏြားမ်ား ေကာင္းေၾကာင္း အာေဘာင္ အာရင္းသန္သန္ ေျပာဆိုေလသည္။

ဤတြင္ ၾကားမွ ဦးဉာဏ္ပိုင္က "ငါေတာ့ အကြက္ရၿပီ၊ ထန္းရည္ေသာက္ရေအာင္ ႀကံဦးမွပဲ" ဟု ေတြးၿပီး "ကဲ ခင္ဗ်ားတို႔ ျငင္းခုံေနမဲ့ အစား လက္ေတြ႕ သိရေအာင္ ခင္ဗ်ားတို႔ႏြားေတြ ၿပိဳင္ေလာင္းၾကပါလား" ဟု ဝင္ေရာက္ အႀကံေပးေျပာဆိုေလသည္။

အႀကံေပးရင္း ဦးဉာဏ္ပိုင္သည္ ႏွစ္ေယာက္ ၾကားကေနၿပီး ႏွစ္ေယာက္စလုံးကို လက္ကုတ္ေနသည္။

ညေနေစာင္းေသာ အခါ ႐ြာအျပင္ လွည္းလမ္းေၾကာင္းတြင္ ယွဥ္ၿပိဳင္ၾကရန္ ျပင္ဆင္ၾကေတာ့သည္။ လွည္းမ်ားကို ႏြားတပ္ ေနစဥ္ ဦးဉာဏ္ပိုင္သည္ လွည္းႏွစ္စီးၾကားမွ ဦးနက္ေရာ ဦးျဖဴကိုပါ လက္တကုတ္ကုတ္ႏွင့္ ျဖစ္ေနသည္။ သို႔ႏွင့္ လွည္းႏွစ္စီး ၿပိဳင္ၾကေသာအခါ ဦးျဖဴက ႏိုင္ၿပီး ဦးနက္က ရႈံးသြားေလသည္။

ေနာက္တေန႔တြင္ ဦးဉာဏ္ပိုင္သည္ အႏိုင္ရသူ ဦးျဖဴထံသြားၿပီး "ဘယ့္ႏွယ့္လဲ ဦးျဖဴ၊ ခင္ဗ်ား ႏိုင္တယ္ မဟုတ္လား ကြၽန္ေတာ္ အစကတည္းက သိလို႔ ခင္ဗ်ားကို အပိုင္ လက္ကုတ္ၿပီး ေလာင္းခိုင္းေနတာဗ်" ဟု ေျပာေလသည္။ ဦးျဖဴမွာလည္း ဦးဉာဏ္ပိုင္ေၾကာင့္ အႏိုင္ရျခင္း ျဖစ္သည္ ဟု ေက်းဇူးတင္စကား တဖြဖြ ေျပာဆို၍ ထန္းရည္မ်ား တိုက္ေလသည္။

ဦးျဖဴဆီမွ ထန္းရည္ ေသာက္ၿပီးေသာအခါ ရႈံးသူ ဦးနက္ထံ သြားျပန္၍ "ခင္ဗ်ားဗ်ာ ကြၽန္ေတာ္ လက္ကုတ္ၿပီး သတိေပးလ်က္သားနဲ႔ ေလာင္းတယ္၊ ေတာ္ေတာ္ခက္တဲ့လူပဲ" ဟု က႐ုဏာသံႏွင့္ ေျပာေလ၏။ ဦးနက္မွာလည္း "အင္း သူ သတိေပးလ်က္သားနဲ႔ ငါက ထြက္ေလာင္းမိတယ္။ အမွန္ကေတာ့ ငါမိုက္တာပဲ" ဟု ေနာင္တရၿပီး ဦးဉာဏ္ပိုင္အား ေက်းဇူးတင္စကား ေျပာ၍ ထန္းရည္မ်ား တိုက္ျပန္သည္။

ေနာက္တေန႔ ယာေတာတြင္ ဦးျဖဴႏွင့္ ဦးနက္ ေတြ႕ၾကၿပီး ၿပိဳင္ပြဲႏွင့္ ပတ္သက္၍ စကားစပ္မိစပ္ရာ ေျပာၾကရာမွ ဦးနက္က သူဦးဉာဏ္ပိုင္၏ စကား နားမေထာင္မိ၍ မိမိရႈံးရေၾကာင္း ေျပာျပေလ၏။ ဦးျဖဴကလည္း သူ႔အား ဦးဉာဏ္ပိုင္ လက္ကုတ္၍ ယခုလို ေလာင္းျဖစ္ၿပီး အႏိုင္ရျခင္း ျဖစ္သည္ဟု ေျပာျပေလသည္။

ထိုအခါတြင္ ဦးဉာဏ္ပိုင္ဟာ ၾကားမွ အေခ်ာင္ ထန္းရည္ေသာက္ရေအာင္ ႀကံသြားပုံကို ႏွစ္ဦးသား ရိပ္မိၾကေလသည္။ ထိုအခ်ိန္မွ စ၍ ႐ြာတြင္ "လက္ကုတ္တိုင္း ကိုယ့္လူ မေအာက္ေမ့ႏွင့္" ဟူေသာ စကားျဖင့္ ရယ္စရာ ေျပာေလ့ ရွိၾကေလသည္။

မိမိဘက္ကေန ခ်ီးၾကဴး၊ ေျမႇာက္ပင့္၊ ေျပာဆိုေပးေနတိုင္း မိမိလူ မဟုတ္ႏိုင္ပါ။

လူထုဦးလွ

Post a Comment

0 Comments