ကဏန်းယုတ်

လူတယောက်ဟာ ပင်လယ်ကမ်းခြေကို လမ်းလျှောက်လာတယ်။ တနေရာ ရောက်တော့ သူဟာ ပင်လယ်ထဲ ကဏန်းတွေ ဖမ်းနေသူ တယောက်ကို တွေ့တာပေါ့။

ကဏန်းဖမ်းသူဟာ သူ ဖမ်းဆီးရမိတဲ့ ကဏန်းတွေကို တောင်းတလုံးထဲ စုထည့်ထားတယ်။ ကဏန်းတောင်းကို ဖုံးအုပ်ပြီးလည်း မထားပါလား။

ကဏန်း ဖမ်းနေသူကို လမ်းလျှောက်လာသူက "ဒီပုံအတိုင်း ဆိုရင် အိတ်ပေါက်နဲ့ ဖားကောက်သလိုပဲ၊ ကဏန်းတွေ လွတ်ကုန်တော့မှာပေါ့" လို့ ပြောလိုက်တယ်။

ကဏန်းဖမ်းသူက "မိတ်ဆွေက ကဏန်းတွေရဲ့ သဘာဝကို မသိသေးလို့ပါ" ဆိုပြီး ပြန်ပြောတယ်။ "ကဏန်းဆိုတာ တကောင်ကောင်က ကြိုးစားပြီး အမြင့်ကို တက်ရင် ကျန်တဲ့ အကောင်က အောက်က ဆွဲချတာပဲ။

သူတို့ချင်း ဆွဲချနေတာကြောင့် ဘာမှ ဖုံးထားဖို့ မလိုပါဘူး" လို့ ဆက်ပြောပါတယ်။ ပင်လယ်ကမ်းခြေမှာ လမ်းလျှောက် လာတဲ့လူက ကဏန်းတွေ ဖမ်းထည့်ထားတဲ့ တောင်းထဲကို ကြည့်လိုက်တော့လည်း ကဏန်းဖမ်းသူ ပြောတာ အဟုတ်သား။

ကဏန်းတကောင်က သူ့ လွတ်မြောက်မှု အတွက် တောင်းနံရံကို တွယ်ကပ်ပြီး ကြိုးစားတက်နေရင် အောက်မှာ ရှိတဲ့ ကဏန်းတွေက သူ့ကို ပြန် ပြန် ဆွဲချလို့ အောက်ပြန် ပြုတ်ကျတယ်။

ကြည့်ရင်း ကြည့်ရင်း သူတို့ရုံးကို ပြန်သတိရတယ်။ တယောက်ယောက်က တိုးတက်ရာ တိုးတက်ကြောင်း ကြိုးစားရင် ချောက်ချ ချင်သူတွေလည်း ရှိနေတယ်။

ပင်လယ်ကမ်းခြေမှာ လမ်းလျှောက်လာသူက ကဏန်းတွေကို ကြည့်ပြီး ဆင်ခြင်မိလိုက် ပါတယ်။ လူ့လောက မှာလည်း ကဏန်းလို စိတ်ဓာတ်ယုတ်နဲ့ လူတွေလည်း ရှိကြပါတယ်။

ကိုယ်က ကဏန်းယုတ် မဖြစ်ဖို့ လိုပါတယ်။ ဒီလို သဘာဝ ရှိနေတာကို သိလျက်နဲ့ တဝဲလည်လည် နေမြဲနေဖို့ မသင့်ပါဘူး။ ကြိုးစား တက်လှမ်းရပါမယ်။

အောက်ကနေ ဆွဲချမယ့် ကောင်တွေက ဆွဲချဖို့ မမီတော့ရင် သူတို့ချင်းပဲ လုံးထွေး ကျန်ရစ်ကြပါလိမ့်မယ်။

Crd

Zawgyi

ကဏန်းယုတ်







Crd

Post a Comment

0 Comments