Feel ထောင်သူအကြောင်း သိကောင်းစရာ

သူကတော့ လူပျိုကြီး တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ကိုယ်တည်းတော့ မဟုတ်၊ အိမ်ထောင်ရှင်ထက် သားသမီး ပိုများ တယ်။ သူ့မှာ စုစုပေါင်း ဝန်ထမ်း (2000) ကျော် ရှိပါတယ်။ အားလုံးက သူ့ကို အဖေ လို့ ခေါ်ကြတယ်။ သူကလည်း သား ၊ သမီး လို့ပဲ ခေါ်တယ်။ ဝန်ထမ်းဆိုပေမယ့် မိဘ နဲ့သားသမီး ဆက်ဆံရေးကိုပဲ အလေးပေး တည်ဆောက်ထား တယ်။ သူလက်ကိုင်ထားတဲ့ စီမံခန့်ခွဲမှုက Love Management ဆိုတဲ့ မေတ္တာကို အခြေခံတဲ့စီမံခန့်ခွဲမှု ပါ။

လွန်ခဲ့တဲ့ ကိုးနှစ်လောက်က ကျင်းပခဲ့တဲ့ သူ့အသက်(၅၀) ပြည့်မွေးနေ့ ပွဲမှာ ပိုင်ရှင်အဖြစ်က အပြီးပြတ် စွန့်လွှတ်ကြောင်း ကြေညာတယ်။ ဝန်ထမ်းတွေကို လုပ်သက်အလိုက် အစု ရှယ်ယာတွေ သတ်မှတ်ပေးပြီး လုပ်ငန်းက ရတဲ့ အကျိုးအမြတ်တွေ အားလုံးကို ခွဲပေးတယ်။ သူကတော့ ဖခင်တစ်ယောက် အဖြစ်ပဲ ဦးဆောင်တယ်။ မေတ္တာကို အခြေခံတဲ့ စီမံခန့်ခွဲမှုနဲ့ အုပ်ချုပ်တယ်။ ခေါင်းဆောင်မှု ပေးတယ်။

“ မယူဘူး လုပ်လိုက်တဲ့ အချိန်မှာ ပိုအောင်မြင်တယ်။ ပိုတောင် ငွေရလာသေးတယ်။ပြောရမယ် ဆိုရင် ကိုယ့်အတွက် လုပ်တာ ထက်တောင် ငွေရသေးတယ်။ အကို့ အမြင်တော့ အများအတွက် ဆိုပြီး ရှာလိုက်တဲ့ အချိန်မှာ အများအတွက် လုပ်တယ် ဆိုတဲ့ စိတ်ကြောင့် ပိုအောင်မြင်တယ် လို့ ယူဆတယ် ” လို့ Feel စားသောက်ဆိုင်များ အုပ်စုရဲ့ ဦးဆောင်သူ ဦးစိုးညီညီက သူ့လုပ်ငန်းတွေ အောင်မြင်ရတဲ့ အကြောင်းရင်းကို ပြောတယ်။

ပိုင်ဆိုင်မှုတွေကို လွှဲပြောင်းပေးလိုက်တဲ့ အတွက် အလုပ် စလုပ် ကတည်းက ဝယ်ထားတဲ့ မြေကွက် တချို့ကလွဲရင် သူ့မှာ တခြား ဘာစီးပွားရေး လုပ်ငန်းမှ မရှိတော့ဘူး။ ဒါပေမဲ့ သူကတော့ သားသမီး (2000) ကျော်ရဲ့ မေတ္တာတုံ့ပြန်မှုကို ယုံကြည်တယ်။ သူ အိုမင်း လာတဲ့ အခါ သားသမီး (2000) ကျော်ထဲက အနည်းဆုံး တစ်ယောက်ကတော့ သူ့ကို ပြန်ကြည့် မှာပဲလို့ ယုံကြည်ထားတယ်။ Feel Group မှာ လက်ရှိ ဆိုင်ပေါင်း (၂၈) ဆိုင်ရှိတယ်။ မန္တလေး၊ ကျိုက်ထို၊ ပန်းတနော်မြို့တွေ မှာ Feel Myanmar ဆိုင်တွေ ထပ်ဖွင့်ဖို့လည်း စီစဉ်နေတယ်။

ပြီးတော့ Taste 1, Taste 2, Relax, Doreen, Feel Garden, Enjoy Garden ဆိုတဲ့ ဆိုင်တွေ ရှိတယ်။ အမေရိကန်နဲ့ Franchise ယူထားတဲ့ Miami Grill, ထိုင်းနဲ့ Franchise ယူထားတဲ့ Mix ဆိုတဲ့ ဆိုင်တွေကို လည်း ဖွင့်ထားတယ်။

“ အကိုကတော့ Employee First, Customer Second ကို သုံးပါတယ်။ ဒါက အမေရိကမှာ အရမ်းအောင်မြင်နေတဲ့ မြန်မာလုပ်ငန်းရှင် ဖိလစ်မောင်လည်း ဒီဥစ္စာကိုပဲ သုံးပါတယ်။ Employee ကို First ထားတယ်။ Customer ကို Second ထားပါတယ်။ အကို့ Customer ကို ပထမနေရာမှာ မထားပါဘူး။ ပထမနေရာမှာ အကို့ ကလေးတွေ ကိုပဲ ထားပါတယ်။ သူတို့ ဝလင်နေမှ၊ သူတို့ပျော်ရွှင်နေမှ၊ သူတို့ကျန်းမာနေမှ၊ သူတို့စိတ်ကြည်နေမှာ Customer ကို Service ပေးနိုင်မှာ ” လို့ ဦးစိုးညီညီက ဆိုတယ်။

ဦးစိုးညီညီရဲ့ ဖခင်က မြိတ်သား။ မိခင်က ထားဝယ်သူ။ သူ့ကို ၁၉၅၈ ခုနှစ်က မေမြို့မှာ မွေးတယ်။ မွေးချင်း ခြောက်ယောက် ရှိတယ်။ သူ လေးနှစ်သားလောက်မှာ ရန်ကုန်ကို ရောက်လာတယ်။ ဒဂုံ အ ထ က (၁) (Methodist English High School) မှာ (၁၀)တန်း အောင်တဲ့ အထိ ပညာသင်ကြားတယ်။ ၁၉၈၁ ခုနှစ်မှာ ဘူမိဗေဒ ဘာသာရပ်နဲ့ ဘွဲ့ရတယ်။

အစိုးရက ပေးနေခွင့်ပြုထားတဲ့ အခု Summit Park View Hotel နေရာက ခြံကျယ်ကြီးထဲမှာ နှင်းဆီပန်းပင်တွေ စိုက်ပြီး ပန်းရောင်း စားရင်း သူ့ရဲ့ အထက်တန်းကျောင်းသား ဘဝကို ဖြတ်ကျော်ခဲ့ ရတယ်။

သူတက္ကသိုလ် တက်ရောက်ချိန်မှာ ခြံထဲက ဖယ်ပေးရတော့ နှင်းဆီခြံ လည်း ပြုတ်သွားတယ်။ တစ်ဖက်တစ်လမ်းက လက်ဖက်ခြောက် ရောင်းရင်း ကျောင်းပြီးဆုံးအောင် ဆက်တက်ခဲ့တယ်။ သူ့ရဲ့ လူငယ်ဘဝမှာ လမ်းဘေးမှာ ဂစ်တာတီးတယ်။ ကရာတေး ကစားတယ်။ အလှမွေး ငါးတွေ၊ ငှက်တွေ၊ ခွေးတွေမွေးပြီး ရောင်းတယ်။ ရေခဲထုပ် ရောင်းတယ်။ တက္ကစီမောင်းတယ်။

ငယ်ငယ်က သူ့ရဲ့ အမြင့်မားဆုံး ရည်မှန်းချက် ဆိုတာ ကားလေးတစ်စီး စီးနိုင်ဖို့၊ အဲကွန်း တပ်ထားတဲ့ အိမ်လေးထဲမှာ ရေခဲသေတ္တာထဲက ကိုကာကိုလာဗူး ဖွင့်သောက်နိုင်ဖို့၊ လက်ဖက်ရည် ဆိုင်လေး တစ်ဆိုင် ဖွင့်နိုင်ဖို့။ ဒီလောက်ပဲ ရှိခဲ့ပါတယ်။ အခုလောက်အထိ အောင်မြင်လာဖို့ သူရည်မှန်း မထားခဲ့ဘူး။

“ ငယ်ငယ်က ရည်မှန်းချက်နဲ့ တူခဲ့တာဆိုလို့ ငါချမ်းသာလာရင် လမ်းဘေးမှာ နေပူစပ်ခါးမှာ သွားနေတဲ့ အထမ်းသည်တွေ၊ ပင်ပင်ပန်းပန်း လုပ်နေတဲ့ ဆင်းရဲသားတွေဆီက အပြတ်ဝယ် လိုက် ပြီးတော့ သူ့ အစားအသောက်တွေကို အနားမှာ ရှိနေတဲ့ သူတွေ ကျွေးပြီး သူ့ကို အိမ်မြန်မြန် ပြန်ခိုင်းမယ် ဆိုတဲ့ ရည်မှန်းချက်။ ငယ်ငယ်က ရည်မှန်းချက်ကို အခုထိ လုပ်ဖြစ် ပါတယ်။ အဲဒါတော့ ငယ်ငယ်က ရည်မှန်းချက်နဲ့ အခုရည်မှန်းချက် တူတယ်။ အမေကို ရှာကျွေး ချင်တာ လည်း တူတယ်။ လူတွေကို လှူချင်တာ၊ ဆေးဝါးကုပေးချင်တာလည်း တူပါတယ်” လို့ ဦးစိုးညီညီက ဆိုတယ်။

၁၉၉၂ ခုနှစ်မှာ Dream ဆိုတဲ့ ဟမ်ဘာဂါဆိုင်ကို စဖွင့်တယ်။ ဖွင့်ဖြစ်တဲ့ အကြောင်းက လမ်းဘေးမှာ ဂစ်တာတီးနေရင်း သူငယ်ချင်းတွေကို ပြောလိုက်တဲ့ ‘ငါ့မှာ အရင်းအနှီးသာ ရှိလို့ ဘာဂါဆိုင် ဖွင့်နိုင်ရင် အောင်မြင်ရမယ်’ ဆိုတဲ့စကားကို အနားမှာ ရှိတဲ့ တိုက်ခန်းပိုင်ရှင် တစ်ဦးက ကြားသွားပြီး တိုက်ခန်းပေး၊ အရင်းအနှီးငွေ တစ်ဝက်စိုက် လုပ်ကိုင်စေခဲ့ တာကြောင့် ပါ။

ဒီလိုနဲ့ အဲဒီ တိုက်ခန်းပိုင်ရှင်နဲ့ တွဲပြီး Dream ကို သူစ ဖွင့်ဖြစ်ခဲ့တယ်။ နောက်တော့ သူ့ရဲ့ ခြေလှမ်းတွေကို တဖြည်းဖြည်း ချဲ့ထွင်ခဲ့တယ်။ ယုဇန ဦးဌေးမြင့်နဲ့ ပေါင်းပြီး မြေနီကုန်းမှာ Yuzana Buger and Snack ဆိုင်ကို ဖွင့်တယ်။ တတိယ မြောက်ဆိုင် အရောက်မှာတော့ သူ့ရဲ့ကိုယ်ပိုင် နာမည်ဖြစ်တဲ့ Feel ကို စတင် အသက်သွင်းနိုင်ခဲ့ပြီး အောင်မြင်မှု လမ်းကြောင်းပေါ် ရောက်လာခဲ့တယ်။

“ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင် ဖြစ်ဖို့ဆိုရင် နံပါတ် (၁) ကတော့ ကိုယ့်နာမည်ကို ကိုယ်တည်ဆောက်ရပါမယ်။ Trust ပေါ့။ Customer ကလည်း Trust ဖြစ်အောင်၊ ကိုယ်နဲ့ တွဲလုပ်ချင်တဲ့ ကိုယ့်ထက် ချမ်းသာတဲ့ ကိုယ့်ကို လာခေါ်မယ့် သူဌေး၊ နိုင်ငံခြား ကုမ္ပဏီတွေက ကိုယ့်ကို Trust ဖြစ်အောင် ယုံကြည်မှု တည်ဆောက်ရပါမယ်”ဦးစိုးညီညီက သူ့ရဲ့ အောင်မြင်ရေးနည်းလမ်း တစ်ခုကို ပြောပြတယ်။

ဒီနည်းလမ်းက ဘဝမှာ သူကိုယ်တိုင် ကျင့်သုံး ဖြတ်သန်းလာခဲ့တဲ့ နည်းလမ်းပါ။ Feel Myanmar စားသောက်ဆိုင်တွေက အစားအစာတွေဟာ ကျန်းမာရေးနဲ့ ညီညွတ်တယ် ဆိုတဲ့ စားသုံးသူတွေရဲ့ ယုံကြည်မှုရအောင်၊ ငါတို့ အဖေက ငါတို့အတွက် ဦးဆောင် လုပ်ကိုင် နေတယ် ဆိုတဲ့ ဝန်ထမ်းတွေရဲ့ ယုံကြည်မှု ရအောင်၊ စိုးညီညီဆိုတဲ့ သူဟာ လိမ်ညာလှည့်ဖြား မတရား စီးပွားရှာသူ မဟုတ်ဘူး ဆိုတဲ့ လက်တွဲ လုပ်ကိုင်ချင်တဲ့ ပါတနာတွေရဲ့ ယုံကြည်မှု ရအောင် သူ တည်ဆောက်ခဲ့တယ်။

သူ့ရဲ့ စီးပွားရေးမူဝါဒက “အရင်ပေးပါ” ။ စားသုံးသူကို အရင်ပေးပါ၊ ဝန်ထမ်းကို အရင်ပေးပါ၊ ပြီးမှ ကိုယ့်အတွက် ယူပါ ဆိုတဲ့ မူဝါဒ။ သူ့ရဲ့ဝန်ထမ်း စီမံခန့်ခွဲရေး မူဝါဒက “Love Management” ။ မေတ္တာနဲ့ အုပ်ချုပ်ပါ၊ ချစ်ပေးပါ၊ ကြင်နာပါ၊ စာနာပါ၊ နားလည်ပါ၊ နွေးထွေးပါ ဆိုတဲ့ မူဝါဒ။ ဒီမူဝါဒတွေကို Synergy ဆိုတဲ့ စုပေါင်း၊ ညှိနှိုင်း၊ တိုင်ပင် လုပ်ဆောင်တဲ့ အလေ့အကျင့်နဲ့ ယှဉ်တွဲကျင့်သုံးခဲ့တယ်။

ဒါကြောင့်လည်း ဦးစိုးညီညီက “ဝန်ထမ်း အုပ်ချုပ်ရတာ အကို့အတွက် အရမ်း လွယ်ပါတယ်။ သူတို့ကို မေတ္တာနဲ့ အုပ်ချုပ်တဲ့အတွက် သူတို့ကလည်း တုံ့ပြန်တဲ့အတွက် ဝန်ထမ်းနဲ့ ပတ်သက်ပြီး ကြီးကြီးမားမား အခက်အခဲ မရှိပါဘူး။ ဒါက တခြားသူတွေနဲ့ ပြောင်းပြန်ပါ။ အိမ်မှာ အိမ်ဖော် တစ်ယောက်ကိုတောင် မနည်း ရှာရခက်တယ်လို့ ဆိုကြတယ်။

ဝန်ထမ်း ဒုက္ခပေးတယ်၊ ဝန်ထမ်းခိုးတယ်၊ ဝန်ထမ်းနှိပ်စက်တယ်လို့ ကြားဖူးပါတယ်။ အကို့ကိုတော့ ဝန်ထမ်းက မနှိပ်စက်ပါဘူး” လို့ ဂုဏ်ယူစွာပြောဆိုနိုင်တာ ထင်ပါတယ်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ရဲ့ ၂၀၁၅ ခုနှစ် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံရဲ့ပျမ်းမျှ လူ့သက်တမ်းက (၆၆) နှစ်ပါ။ အတိအကျပြောရရင် အမျိုးသားတွေရဲ့ ပျမ်းမျှသက်တမ်းက (၆၄.၆) နှစ်၊ အမျိုးသမီးတွေရဲ့ ပျမ်းမျှသက်တမ်းက (၆၈.၅) နှစ် ဖြစ်ပါတယ်။

ထုတ်ပြန်တဲ့ အဖွဲ့အစည်း ကို လိုက်ပြီး ကိန်းဂဏန်းအချက်အလက်တွေ အနည်းငယ် ကွာခြားမှု ရှိပေမယ့် မြန်မာနိုင်ငံ အားကစားနဲ့ ကျန်းမာရေး ဝန်ကြီးဌာနကတော့ လာမယ့် ၂၀၃၀ ပြည့်နှစ်မှာ မြန်မာ့ လူ့သက်တမ်းကို (၇၅) နှစ်ကနေ အနှစ်(၈၀) အထိ မြင့်တက်လာစေဖို့ရည်ရွယ် လုပ်ဆောင် နေတယ်လို့ ဆိုတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဦးစိုးညီညီကတော့ လူ့သက်တမ်းတစ်ခုမှာ သူ့ဘဝရဲ့ ဖြစ်နိုင်ဖွယ် လက်ကျန် နေ့ရက်တွေကို ကြိုတင်တွက်ဆ ထားတယ်။ ဘဝမှာ အချိန်ရဲ့တန်ဖိုးရှိပုံကိုလည်း နားလည်ထားတယ်။ တစ်ရက်မှာ (၂၄) နာရီရှိတဲ့အထဲက အိပ်ချိန်ရှစ်နာရီ၊ အလုပ်လုပ်ချိန် ရှစ်နာရီ၊ ကိုယ်ပိုင်အချိန် ရှစ်နာရီ ဆိုပြီး အပိုင်း သုံးပိုင်းခွဲထားတယ်။

အများအားဖြင့် သူ့ရဲ့ ကိုယ်ပိုင် အချိန် ရှစ်နာရီကို အလုပ်လုပ်ချိန် ရှစ်နာရီထဲ ထပ်ပေါင်းထည့်ပြီး အလုပ်လုပ်တယ်။ သူ့ကိုယ်သူ နားရက် သတ်မှတ် မထားခဲ့ဘူး။ “အကို့ဘဝမှာ နားရက်ဆိုတာကို မရှိဘူး။ စနေ မရှိဘူး။ တနင်္ဂနွေ မရှိဘူး။ အဲဒီလို အလုပ်လုပ်တယ်” ရန်ကုန်မြို့၊ ပြည်ထောင်စုရိပ်သာလမ်းက Taste 1 ဆိုတဲ့ သူ့ရဲ့ ဆိုင်လေးမှာ ထိုင်ရင်းဦးစိုးညီညီနဲ့ စကားပြောဖြစ်ကြတာပါ။

သူ့ဆိုင်တွေအထဲက တချို့ဆိုင်တွေက များများမြတ်တယ်၊ တချို့ဆိုင်တွေက ပါးပါးပဲမြတ်တယ်၊ တချို့ဆိုင်တွေက များများရှုံးတယ်၊ တချို့ဆိုင်တွေကတော့ ပါးပါးပဲ ရှုံးတယ်။ စီးပွားရေး လုပ်ငန်းရှင်တွေ အတွက် လုပ်သာကိုင်သာ မရှိတဲ့ ဥပဒေတွေ၊ စည်းမျဉ်းတွေ၊ တိုးမြင့်လာတဲ့ ကုန်ကျ စရိတ်တွေ၊ ဝန်ထမ်းလစာတွေ၊နေရာ ငှားရမ်းခတွေ၊ အခွန်အခတွေက တခြားသော စီးပွားရေး လုပ်ငန်းရှင်တွေလိုပဲဦးစိုးညီညီလည်း ရင်ဆိုင်ကြုံတွေ့နေရတယ်။

သူကတော့ မြတ်တဲ့ဆိုင်က ရတဲ့ငွေကို ရှုံးတဲ့ဆိုင်တွေ အတွက် ဖာထေး သုံးစွဲတယ်။ အရှုံးပေါ်လာတဲ့ စားသောက်ဆိုင်တွေကို ကာမိအောင် ညဈေး ထပ်ဖွင့်တယ်၊ လူအစားနည်းတဲ့ အနောက်တိုင်း အစားအစာတွေကနေ မြန်မာ အစားအစာတွေကို ပြောင်းလဲ ရောင်းချတယ်၊ လူအများ စားတတ်တဲ့ အစားအစာတွေ၊ တည်ခင်းမှု ပုံစံတွေ ထပ်တိုး တီထွင် ရောင်းချတယ်၊ ဘဏ်ချေးငွေ ရယူပြီး ပုံမှန်လည်ပတ်နိုင်အောင် ကြိုးစားတယ်။

“ Feel မှာဆိုရင် မုန့်ဟင်းခါး မရနိုင်တော့ဘူး။ မုန့်လုံးရေပေါ် မရနိုင်တော့ဘူး။ ၁၀၀၀ အောက် အစားအသောက်တွေ မရနိုင်တော့ဘူး။ လက်ဖက်ရည်၊ ကော်ဖီ မရောင်းနိုင်တော့ဘူး။ အဲဒါတွေ ရောင်းရငွေလေးတွေနဲ့ လူတွေ ပြည့်နေပြန်တော့လည်း ရောင်းရတယ် ဆိုပြီး အမြတ်ခွန်ကလည်း ထပ်တက်လာတာကိုး၊ မြေပိုင်ရှင်ကလည်း ငှားခတွေ တိုးကောက် တာကိုး၊ အကို စိတ်ပူတာက အကိုတို့ ရတဲ့ငွေနဲ့ ကုန်နေတဲ့ ကုန်ကျစရိတ်တွေ မကာမိလာတဲ့ အခါမှာတော့ အကိုမခံနိုင်တဲ့ အဆုံး အသက်ကြီးလာလို့ အနားယူချင်တယ် ဆိုရင်တော့ Feel တွေများ ပျောက်သွားမလားလို့ပါ” လို့ ဦးစိုးညီညီက ဆိုတယ်။

သူက အနာဂတ်မှာ Feel Myanmar စားသောက်ဆိုင်တွေ ထပ်ပြီး တိုးပွားလာသည်ဖြစ်စေ၊ ကွယ်ပျောက်သွားသည်ဖြစ်စေ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မြန်မာအစားအစာတွေ ကို အဆင့်အတန်းရှိရှိ ရောင်းချနိုင်တဲ့ ပြည်တွင်း လုပ်ငန်းရှင်တွေ များများပေါ်ပေါက်စေချင်တယ်။ အခြေခံ လူတန်းစားတွေ အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ များများ ပေးနိုင်တဲ့ သူတွေ ရှိစေချင်တယ်။

ဒီအတွက် နိုင်ငံတော်ကလည်း ပြည်တွင်း ပုဂ္ဂလိက လုပ်ငန်းတွေ ဖွံ့ဖြိုးရှင်သန်လာဖို့ လိုအပ်ချက်တွေကို ဖြည့်ဆည်း ပေးစေချင်တယ်။ လက်ရှိမှာတော့ Feel Myanmar ဆိုင်တွေဟာ တခြားသော အဆင့်မြင့် မြန်မာ စားသောက်ဆိုင်တွေ လိုပါပဲ၊ အခြေခံ လူတန်းစားတွေ နေ့စဉ် စားသောက်ဖို့ အတွက်တော့ လက်လှမ်းမီတဲ့ ဈေးနှုန်းနဲ့ ရောင်းချနိုင်ခြင်း မရှိသေးပါဘူး။

တန်ဖိုးသင့် အစားအစာတွေ အဖြစ် ဈေးနှုန်းမြင့်မားနေမှုက ဆိုင်ဖွင့်ဖို့ နေရာရွေးချယ်တာက အစ အရာရာမှာ အကန့်အသတ်တစ်ခု အဖြစ် ရှိနေစေပါတယ်။ ဦးစိုးညီညီ ကိုယ်တိုင် အခြေခံလူတန်းစားတွေ အတွက် အလုပ်လုပ် ပေးချင်စိတ် ရှိပေမယ့် Feel Myanmar ဆိုင်တွေကတော့ အခြေခံ လူတန်းစားတွေ နေထိုင်ရာအရပ်မှာ ဖွင့်လှစ်ရောင်းချဖို့ ဘယ်လိုမှ အဆင်မပြေနိုင်တာကို လက်တွေ့ကြုံနေရတယ်။

ဒါကြောင့် ဒီအခြေအနေမှာ ဦးစိုးညီညီက အစိုးရရဲ့ အကူအညီကို လိုလားနေ ပါတယ်။ သူက “တကယ်လို့များ အစိုးရကူညီမယ် ဆိုရင် အကို ကတိပေးနိုင်တာက ဒီနေ့ရောင်းနေတဲ့ ဈေးနှုန်းထက် ပြည်သူကို ဈေးချပြီး ရောင်းပေးနိုင် ပါတယ်။ အကို ရောင်းပေးနိုင်ပါတယ်။ အခုလို ဈေးကြီးမှာ မဟုတ်ပါဘူး” လို့ အာမခံစကား ဆိုတယ်။

ဦးစိုးညီညီက ကိုယ်တိုင်လည်း စားဖိုမှူး တစ်ယောက် ဖြစ်ပါတယ်။ သူ့ရဲ့ ဆိုင်တွေကလည်း နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်တွေ ရထားတယ်။ ဆုတွေ ရထားတယ်။ ဒါပေမဲ့ ငယ်စဉ်ကတော့ စားဖိုမှူး တစ်ယောက်ဖြစ်လာဖို့ ရည်ရွယ်ခဲ့ခြင်း မရှိသလို ဝါသနာလည်း မပါခဲ့ဘူး။ စီးပွားရေး အောင်မြင်ဖို့အတွက် ဝါသနာမပါတဲ့ အလုပ်ကို ဝါသနာပါတဲ့ သူအဖြစ် သူ့ကိုယ်သူ ပြောင်းလဲခဲ့တာပါပဲ။

ဒီ အချက်ကလည်း ဘ၀ အောင်မြင်ရေးမှာ အခြေခံကျတဲ့ အချက်တစ်ချက် အဖြစ် သူလက်ခံ ထားပါတယ်။ ဒါကြောင့်လည်း သူက “အဲဒီ မက်ဆေ့လည်း လူငယ်တွေကို ပေးချင်တယ်။ ကိုယ်ဝါသနာပါမှ မဟုတ်ပါဘူး။ ဝါသနာ မပါတဲ့ လိုင်းကိုလည်း တစ်စိုက် မတ်မတ်လုပ်သွားမယ် ဆိုရင် တစ်နေ့ နေရာတစ်ခုကို ရပါတယ်” လို့ ဆိုပါတယ်။

ကိုးဘွဲ့ရ ဆရာတော် ဘဒ္ဒန္တ အာစာရာလင်္ကာရ

Post a Comment

0 Comments